All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၈ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၈ )

By ရဲဘော်အောင်မင်းနိုင်

တစ်ကိုယ်လုံးယားယံပြီးနာနေပေမယ့် နောက်ကျနေမှာရယ် ကိုယ့်ကိုတာဝန်ယူထားတဲ့ သူတွေအတွက်အနှောင့်အယှက်ဖြစ်မှာစိုးရိမ်နေပါတယ်။ ညှပ်ဖိနပ်ကတော့ ခလုတ်တိုက်လို့ လွင့်သွားပြီး ခြေဗလာနဲ့လျှောက်နေရတာ တောလမ်းခရီးမှာ ငိုချင်စိတ် ပေါက်တဲ့ အခက်ခဲပါပဲ ။

ည နက်လာတဲ့အခါ အိပ်ချင်စိတ်နဲ့ ဆာလောင်မှု ၊ ကျွတ်ဒတ်တွယ်တဲ့ ယားယံမှု တွေဟာ လမ်းခရီး စိုးရိမ်စိတ်တွေရဲ့အောက်မှာဖြတ်သန်းနေရတာ ဘယ်သူမှမသိပေမယ့် အဲဒီခံစားမှုကို ကိုယ်သာ အသိဆုံးဖြစ်ပါတယ်။

နောက်ပိုင်းမှာသိရတာက ခြုံတွေ တိုးရပြီး ရေချောင်းဖြတ်တဲ့အခါ ယားယံပြီး အသားတွေနာတာက ဆင်ဖက်ယား လို့ ခေါ်တဲ့အရွက် နဲ့ထိခဲ့မိလို့ပါ။ ကချင်ပြည်နယ်မှာ သာမာန် ရိုးရိုးဖက်ယားအပြင် အရွက်က ကြီးကြီး ထိလိုက်တာနဲ့မသိသာပေမယ့် ရေနဲ့ထိလိုက်ချိန်မှာ ယားပြီး အသားအရေ နာလာတာဟာ ဆင်ဖက်ယားကြောင့်လို့ သိ ရပါတယ်။

ကြယ်ရောင်အောက်မှာလမ်းလျှောက်လာရင်း လယ်ကွင်းလို့ ထင်ရတဲ့နေရာကို ဖြတ်ရတဲ့အချိန်မှာ တော်တော် လှမ်းလှမ်း တောင်ပေါ်ကနေ ဓာတ်မီးနဲ့ထိုးတာ မြင်နေရပါတယ်။

စစ်ကြောင်းကတော့ဘာမှ တုန့်ပြန်တာ မတွေ့ရပါဘူး ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြတ်သန်းနေတာပါ ။ အံသြစရာက ဆင်တွေ ကလုံးဝအသံမထွက်ဘဲ လမ်းလျှောက်နေတာပါ။

နောက်မှအကြောင်းတိုက်ဆိုင်လို့ KIA ကရဲဘော်တွေကို မေးကြည့်မိတဲ့အခါ တောင်ပေါ်မှာရှိတာ နားလုံ စစ်တပ်စခန်း လို့ပြောပြပါတယ်။ ကျနော်တို့ ဖြတ်လာတဲ့ လမ်းအနေ အထားနဲ့ ဆိုရင် ကျည်ဆန် တစ်ကမ်းပဲရှိပါတယ်။ KIA ကရဲဘော်ပြောပြ မှ စိတ်ပူမိပေမယ့် ဖြတ်လာခဲ့တဲ့ခရီး ဟာ စိုးရိမ်စရာကောင်းမှန်းအခုမှ သိရပါတယ်။

ထမင်းမစားခဲ့ရလို့လားမသိ လမ်းလျှောက်ရင်း ဗိုက်ကဆာလာပါတယ် ။ ဗိုက်ဆာလေ ချောင်းဖြတ်တိုင်း လက်ခုပ်နဲ့ ရေခပ်ပြီးသောက်ရပါတယ် ။ သိပ်မကြာခင်မှာဘဲ အရှေ့ က လျှောက်နေတဲ့ရဲဘော်က အနောက်လှည့်ပြီး ကျနော်ကို တစ်ခုခု ပြောလိုက်ပါတယ်။ ဘာပြောမှန်းမသိလိုက်ပါဘူး ။

နောက်မှ သိရတာက ကျနော်ကို စကားလက်ဆင့်ကမ်းခိုင်းတာပါ ။ ရောက်တဲ့နေရာမှာ ရပ် နေဖို့ သူတို့စစ်စည်းကမ်းအတိုင်း ပြောပြတာကို မောင်ကျောင်းသားဖြစ်တဲ့ ကျနော်က မအူမလည်နဲ့ ဘာလဲ လို့ သွားမေးလိုက်ပါသေးတယ်။

ရှေ့မှာ ဗန်းမော် မြစ်ကြီးနား ကားလမ်းကိုဖြတ်ဖို့ အလုပ်ရှုပ်နေကြပါတယ်။ စစ်တပ်က ပိတ်ဆို့ နေတယ်ဆိုတဲ့သတင်းကြောင့်ရယ် ၊ ကျောက်စိမ်း တွေနဲ့ ဖြတ်ရမှာဆိုတဲ့အခြေအနေဟာ လုံခြုံ ရေးကို ပုံမှန်ထက် အလေးပေး သတိထားနေတယ်လို့ ထင်ပါတယ် ။

ဗန်းမော် မြစ်ကြီးနားကားလမ်းကို ဖြတ်တဲ့အချိန်ဟာ ည ၁၂ နာရီလောက်ရှိမယ်ထင်ပါတယ်။ ဘာပြသနာမှ မရှိဘဲ ဖြတ်နေရပေမယ့် သတိထားနေကြရပါတယ်။ ကားလမ်းကို ဖြတ်သန်း ပြီးလို့ တစ်နာရီကျော်ကျော်လောက် လမ်းလျှောက်ပြီးချိန်မှာ KIA ကရဲဘော်အချို့ က အနားကပ်လာပြီး ရောက်တဲ့နေရာမှာ ဝပ်နေဖို့ တိုးတိုး လာပြောပါတယ် ။

ကျနော်တို့တွေလည်း ဘာမှန်းမသိဘဲ မှောင်ကြီးမဲကြီးထဲမှာ လမ်းသွယ်ထဲကနေ ခြုံထဲ တိုးဝင်ပြီး ဝပ်နေကြရပါတယ်။ ခဏနေတော့ ကျနော်တို့အနားမှာရှိတဲ့ KIA က ရဲဘော်တွေက ဖြေးဖြေးခြင်းအသံမထွက်အောင် လာရာလမ်းအတိုင်း ပြန်ဆုတ်ဖို့ ပြောပြပါတယ်။ ဘာဖြစ်မှန်းမသိပေမယ့် ခရီးကပန်း ညနက်တော့ လူကအိပ်ချင် စိတ် လွမ်းမိုးနေတာကတော့အမှန်ပါ ။

ရောက်တဲ့နေရာ မှာ ပစ်လဲှ ပြီး အိပ်လိုက်ချင်တာပါဘဲ ။ တဖြေးဖြေး နောက်ဆုတ်လာပြီး ရေကျနေတဲ့ တောင်ကြားလမ်းအတိုင်း စတက်ကြရပါတယ်။ အဲဒီအချိန် လုံခြုံရေးစိတ်ချလို့ပဲလား မတတ်သာတဲ့အခြေအနေကြောင့်လားမသိပါဘူး ။ ဓာတ်မီးသုံးခွင့်ပြုပါတယ်။ ဘာကြောင့် ပြန်ဆုတ်ခဲ့ရတယ်ဆိုတာ နောက်နေ့မှ သိလိုက်ရပါတယ်။ လမ်းပြလုပ်တဲ့သူက ရှေ့ ပွိုင့်ကို ခေါ်သွားလိုက်တာ စစ်တပ်ခြံစည်းရိုးနားထိ ရောက်တော့မယ်လို့ ပြောပါတယ်။ ပွိုင့် ကို ဦးဆောင်တဲ့ KIA ကဆရာကြီးက ခြံစည်းရိုးနားထိ ကပ်ပြီး အသံ နားစွင့်တဲ့အခါ ဗမာလို ပြောသံ ကြားလို့ စစ်တပ် ခြံစည်းရိုးနားထိ ရောက်နေတယ်ဆိုတာ သေချာလို့ အမြန်ပြန်ဆုတ်ကြရတယ်လို့ ဆိုပါတယ်။

လမ်းပြ လုပ်တဲ့သူတော့ တော်တော်အဆဲ ခံလိုက်ရတဲ့အပြင် အထိုးခံလိုက်ရတယ်လို့ ပြောပြပါတယ် ။ ကံကောင်းလို့ မသာ မပေါ်တယ်လို့ ပြောရမယ်ထင်ပါတယ် ။ အဲဒီည က လမ်းမရှိ ဘာမရှိနဲ့ သွားရတဲ့အပြင် မြန်မြန် ဆိုတဲ့ အမိန့်တွေအောက်မှာ ကျောပိုးအိတ် ကို လွင့်ပစ်ချင်စိတ်နဲ့ ပင်ပန်းတာရယ် ဗိုက်ဆာတာရယ် ပေါင်းပြီး ခံစားရတဲ့ အခြေအနေဟာ မမေ့နိုင်တဲ့ ဖြစ်စဉ်တခုပါ ။

မနက် ၅ နာရီ ထိုးလောက်မှ စိတ်ချရတဲ့နေရာရောက်တယ်ထင်ပါတယ် ။ ကျနော်တို့ကိုနေရာ ချပေးပါတယ်။ SSA က ရဲဘော်တွေ နားမှာ နေရာရပါတယ်။ စိတ်ရော လူပါပင်ပန်းလွန်းလို့ ကျနော်တို့အဖွဲ့ က ဖြစ်သလိုကြုံသလို မြေကြီးပေါ်လဲှပီး အိပ်မလို့ စီစဉ်နေချိန်မှာ SSA ကရဲဘော်တွေက ယောက်ဖ မင်းတို့ ကျောင်းသားတွေလားလို့ မေးပါတယ်။

ကျနော်တို့ကလည်း ဟုတ်တယ်လို့ ပြန်ပြောပြီး အိပ်နေလိုက်ပါတယ်။ သူတို့အချင်းချင်းရှမ်းလို ပြောပြီး ကျနော်တို့ကို မြေကြီးပေါ် ဒီအတိုင်း မအိပ်နဲ့ ထုံဖြစ်မယ်လို့ ပြောပါတယ် ။ သူတို့အိပ်တဲ့နေရာကြည့်လိုက်တော့ ဝါးလုံးတွေ ခုတ်ပြီး တဖက်ရပ် အိပ်စင်တွေ လုပ်ပြီးအိပ်ကြတာ တွေ့ရပါတယ် ။

ခဏနေတော့ SSA ကရဲဘော်တွေ က ထင်းခြောက်တွေစုပြီး မီးမွေး ပြီး မီးဖို ဖိုထားပါတယ်။ သူတို့က ဘေးနားကနေ အလုပ် လုပ်နေတော့ အိပ်မရလို့ ယောက်ဖ ဘာလုပ်နေတာလဲ မေးတော့ ပေါင်းတင်း ဖုတ်နေတာလို့ ပြောပါတယ် ။

ကျနော်တို့ကတော့ ဗိုက်ဆာတာထက် ပင်းပန်းမှု ကြောင့် အိပ်ချင်တာပဲ သိနေပါတယ်။ SSA ကရဲဘော်တွေ ဘယ်အချိန်မှ အိပ်တယ်မသိပေမယ့် ကျနော်တို့ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်။ ကျနော်တို့အိပ်ရာကနေ နိးလာတဲ့အခါ တော်တော် လင်းနေပါပြီ ။

ဘေးနားက SSA က ရဲဘော်တွေ က ယောက်ဖ လာ စားဆိုပြီး ပေါင်းတင်း ခေါ်ကျွေးပါတယ်။ ဗိုက်က ဆာနေတာဆိုတော့ ဟန်မဆောင် နိုင်တော့ပါဘူး ။ အဲဒီနောက် ကျနော်တို့ကို စစ်ကြောင်းက တာဝန်ရှိတဲ့သူက ခေါ်လို့ သွားကြရပါတယ်။

တောင်ပေါ်မှာ ဒီနေ့ နေမှာဖြစ်ကြောင်းနဲ့ မနက်ဖြန်မနက်မှ တောင်အောက်ဆင်းတော့မယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်။ သူတို့အတွက် ခရီးဆုံး ရွာကို ရောက်တော့မယ့်အကြောင်း ပြောပြပြီး ကျနော်တို့ကတော့ လိုင်စင်ကို ဆက်ပြီး သွားရဦးမှာ ဖြစ်ကြောင်း ပြောပြပါတယ် ။

တောင်အောက်မှာ ရွာရှိပြီး အဲဒီကျရင် အခြားတဖွဲ့ ထံအပ်ပေးမယ့်အကြောင်း ပြောပြပါတယ် ။ ကျနော်တို့က ဘာကြောင့် ရွာကိုချက်ချင်းမဆင်းသလဲဆိုတာ မသိပါဘူး ။
ရွာက အသံတွေ တခါတခါ ကြားနေရပါတယ်။ ကျနော်တို့လည်း နားနားနေနေ နဲ့ နေပြီး ချက်ပြုတ်ဖို့ပြင်ကြရပါတယ် ။ ဆန်တော့ရှိပြီး ကျန်တာမရှိလို့ ဟင်းကတော့ ဆားနဲ့ငရုတ်သီး ဖြစ်ပါတယ်။

ကျနော်တို့အတွက် တောတောင်ထဲမှာ နေထိုင်မှုအလေ့အကျင့်တွေဟာ သင်ယူနေကြရတုန်းပါ။ နောက်ဆုံး အိမ်သာတက်ဖို့ ဆိုရင် ကို ကျနော်တို့မှာ သူများလို ဒုတ်မသုံးတတ်တော့ သစ်ရွက် ပြောင်ပြောင်လေးတွေ လိုက်ရှာရတာလည်း အလုပ်တခု ဖြစ်နေပါတယ်။

တောင်ပေါ်မှာ တစ်ညအိပ်ပြီး မနက်စောစောမှာ တောင်ပေါ်ကနေ တဖြည်းဖြည်း ဆင်းလာရင်း ရွာအနားရောက်လာတဲ့အခါမှာ လမ်းပေါ်က ဈေးတန်းလေး ကို စတွေ့လိုက်ရပါတယ်။ အချို့ တဲလေးတွေမှာ အဖွဲ့အစည်း အလံလေးတွေထောင်ထားတာကို တွေ့ရသလို ကျောက်စိမ်းအရောင်းအဝယ် လုပ်နေကြတာလည်း မြင်နေရပါတယ် ။
ဈေးဆိုင်လေးတွေက တော့အစုံအလင်ပါပဲ ။

ခါချဉ်ပေါင် လို့ ခေါ်တဲ့ ပွတ်ချွန်းလိပ်သောက်တဲ့ ဆေးရွက်စဉ်းထားတာတွေက ကျနော်တို့အတွက်အထူးအဆန်းဖြစ်နေပါတယ်။ဈေးတန်းလေးမှာ ဆေးပေါ့ လိပ် တစ်စည်းဝယ်ဖြစ်ပါတယ်။ ဗန်းမော်ဖက်က လာတာလို့ ပြောပြပါတယ်။ တံဆိပ်က ဆင်မင်း လို့ထင်ပါတယ် တရုတ်စာနဲ့ပါ ရေးထားပါသေးတယ်။

လိုက်ပို့ပေးတဲ့ ရဲဘော်က ချောင်း တစ်ဖက်ကမ်း မြင်နေရတာ တွေကတရုတ်နိင်ငံပဲလို့ ပြောပြပါတယ် ။ ဈေးဆိုင်လေးတွေ ကြား ဖြတ်လာပြီး တစ်နေရာရောက်တော့ တဲတစ်ခုမှာ နေရာချပေးရင်း ခဏစောင့်ဖို့ ပြောပါတယ် ။ အဲဒီဈေးဆိုင်တန်းလေးနေရာက အခု အချိန်မှာ လိုင်ဇာ လို့ ခေါ်တဲ့ မြို့ တစ်မြို့ ဖြစ်လာမယ်လို့ ထင်မှတ်မထားခဲ့ပါဘူး ။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts