All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၇ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၇ )

By ရဲဘော်အောင်မင်းနိုင်

စစ်ကြောင်းရပ်နားတာ ၂ နာရီကြာမယ်ထင်ပါတယ်။ ခဏနေတော့ ဆက်ထွက်ကြပါတယ် နားချိန်မပေးတော့ဘဲ ထွက်လာလိုက်တာ တောင်ယာတဲတချို့ကို စတွေ့ရပါတယ် ။

သိပ်မကြာခင်မှာပဲ အိမ်စုလေးတွေ ဟိုနေရာ ဒီနေရာ ပြန့်နေတဲ့အိမ်လေးတွေ တွေ့ရတဲ့ နေရာရောက်လာပါတယ် ။ ညနေ ၃ နာရီလောက်ဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့ လူစု ၅ ယောက်ကို အိမ်တစ်အိမ်မှာ ခဏနားဖို့ နေရာချပေးပါတယ်။

သိပ်မကြာခင်မှာဘဲ KIA ကရဲဘော်တယောက်က ကျောင်းသားတစ်ယောက် လိုက်လာပါ ဆိုလို့ လိုက်သွားတဲ့အချိန်မှာ ခင်ဗျားတို့အဖွဲ့အတွက်ဆိုပြီး ဝက်သား ၂ ပိသာ လောက်ကို ပေးလိုက်ပါတယ်။ ရွာက ဝက်နှစ်ကောင်ဝယ်ပြီး ပေါ်လိုက်တယ်လို့ပြောပြပါတယ်။

စစ်ကြောင်းတစ်ခုလုံး အထမ်းသမားပါမကျန် အစုအဖွဲ့အလိုက် ဝေပေးတယ်လို့ သိရပါတယ်။ ရလာတဲ့ဝက်သား ယူလာပြီး တည်းတဲ့အိမ်မှာ ပြုတ်ကြော်လုပ်လိုက်ကြပါတယ် ၊ ပြုတ်ကြော်ဆိုထက် ဆားနဲ့ဆနွင်း ထည့်ပြီး ရေလုံပြုတ်လိုက်တာဆိုပိုမှန်ပါလိမ့်မယ်။ အသားဟင်း မစားရတာ ၆ ရက်လောက်ရှိပြီဆိုတော့ အားလုံးက ပျော်နေကြပါတယ်။ အဖွဲ့ထဲက တစ်ယောက်က ထမင်းချက် မနေနဲ့တော့ကွာ ဝက်သားပဲ အဝစားရအောင်လို့ အဆိုပြုပါတယ် ။

ဟင်းအိုးထဲက ဝက်သားက ကျက်မကျက်တောင်မသိတော့ဘူး တချို့ကိုဆယ်ပြီး ဒီတိုင်းထိုင်စားနေကြပါတယ် အိမ်ရှင်က မကြည့်ရက်လို့လားမသိဘူး ထမင်းနဲနဲ ခူးလာပေးပြီး ခေါင်ရည် နဲနဲ ယူလာပေးပါတယ် ။

တစ်ယောက်တစ်လက်ကျောင်းသားလက်ဆိုတဲ့အတိုင်း ခေါင်ရည်မြင်လိုက်တာ နဲ့ တက်ညီလက်ညီ ချလိုက်ကြတာ မြန်တယ်ဆိုတာထက် လက်သွက်ကြတယ်လို့ပြောရမှာပါ။ အိမ်ရှင်က ထပ်လုပ်ပေးမယ် ဆိုပြီး စိမ်ဖတ်ကို ဇလုံနဲ့ ထည့်လာပြီး သပွတ်အူနဲ့ စစ်ပြီး ထပ်လုပ်ပေးပါတယ်။

အဖွဲ့ထဲက တစ်ယောက်က မနက်ဖြန်ဆို တာ ဘာမှန်းမသိဘူး စားချိန်တန်ရင် ဝအောင်စားထားမှ ရမယ် ဆိုပြီး စားလိုက်ကြတာ ဝက်သား ၂ ပိသာ တစ်ထိုင်တည်းကုန်သွားပါတယ် ။

သောက်ပြီး စားပြီးလို့ အချိန်ခဏလေးရတာနဲ့ အဲဒီရွာလေး ကို လိုက်ကြည့်လိုက်ချိန်မှာ စာသင်ကျောင်းလေးတွေ့ရတော့ အစိုးရက လာဖွင့်ပေးထားတာလားလို့ မေးလိုက်မိပါတယ်။ အစိုးရက ဖွင့်ပေးထားတာမဟုတ်ဘဲ ကိုယ့်ဘာသာ ဖွင့်ထားကြတယ် ဆရာမ ကို စပါးပေးနဲ့ ခေါ်သင်ခိုင်းတယ်လို့ အိမ်ရှင်က ပြောပြပါတယ်။

အိမ်ရှင်က ရင်းနှီးလာတော့မှ ကျနော်တို့ကို ကျောင်းသားတွေ ဆိုတာ ဟုတ်သလားဆိုပြီး မေးပါတယ်။ သူပြောလိုက်စကားက ရင်ထဲ ထိခိုက်ရသလို အခုချိန်ထိနားထဲကမထွက်ပါဘူး။ တော်လှန်ရေး ပြီးရင် သူတို့ရွာ လာပြီး စာသင်ပေးမလား လို့ ပြောလိုက်တဲ့ စကားတခွန်းပါ။ ကျနော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြန်မပြောနိုင်ခဲ့ပါဘူး။

ညနေမှောင်ရီပျိုးလာချိန်ထိ ဒီရွာမှာ ညအိပ်မလား မအိပ်ဖူးလားဆိုတာ ကျနော်တို့မသိရသေးပါဘူး ။ သေချာတာတစ်ခုကတော့ အမိန့် နဲ့အလုပ်လုပ်နေကြရတာ ပါပဲ။လက်နက်ကိုင်တပ်ဖွဲ့ တွေကြားမှာ ကျောင်းသားတစ်ယောက်အနေနဲ့ အမိန့် ဆိုတဲ့အောက်မှာ ပထမဆုံး ခရီးတခု ကို ဖြတ်သန်းနေရခြင်းပါ။

ကျန်တဲ့ စစ်စည်းကမ်းတွေ ထုံးစံတွေ ဘာမှမသိသေးပါဘူး။ လူငယ်ပီပီ အတွေ့ကြုံ အသစ်တစ်ခုရယ် ရင်ခုန်ရတဲ့စိတ်လုပ်ရှားတဲ့ ခရီးတစ်ခုရယ် နောက်တစ်ခုက ကိုယ် လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အလုပ်တစ်ခုရယ် အပေါ်အခြေခံ တဲ့စိတ် တွေက အားတစ်ခုဖြစ်နေတာတော့အမှန်ပဲလို့ ပြောရမယ်ထင်ပါတယ် ။

အရိုးသားဆုံး ဝန်ခံရရင် ကျနော်တို့ နိုင်ငံရေး နားလည်ခဲ့လို့ သွားခဲ့ကြတာမဟုတ်ပါဘူး၊ မတရားတဲ့ အုပ်ချုပ်မှုနဲ့ စစ်တပ်က စစ်အာဏာရှင်ပီသစွာ ကျောင်းသားတွေအပေါ် အရက်စက်ဆုံး ပြုမှုခဲ့လို့ လက်စားချေလိုတဲ့စိတ်နဲ့ လက်နက်ကိုင် တော်လှန်ရေးဆီ ရောက်အောင်လာခဲ့ ကြတာပါ ၊ ကိုယ့်ကိုယ်ကို သူပုန်လို့ သတ်မှတ်ခဲ့ခြင်းမရှိပါဘူး ။

ညနေေ၅ နာရီခွဲလောက်မှာ KIA ကရဲဘော်တယောက် ရောက်လာပြီး ယောက်ဖတို့ အခုညထွက်မယ် စာသင်ကျောင်းနားမှာ လူစုထားပါလို့ လာပြောပါတယ်။စုရပ်ဖြစ်တဲ့ စာသင်ကျောင်းဆီရောက်တဲ့အချိန်မှာ KIA ယူနီဖောင်းနဲ့မတူတဲ့ ရဲဘော် ၄-၅ ယောက် ကိုတွေ့ရပါတယ်။ လက်မောင်းတံဆိပ်နဲ့ ဦးထုပ်ကို ကြည့်လိုက်မှ SSA က ရဲဘော်တွေဖြစ်နေတာကို သိရပါတယ်။

စစ်ကြောင်းမှုး ရောက်လာပြီး ကျနော်တို့ကို ကျောပိုးအိတ်တွေ အသံမမြည်အောင် သေချာ ထည့်ဖို့နဲ့ ညခရီးကို ဆေးလိပ်သောက်တာ၊ စကားပြောတာ ၊ ဓာတ်မီးအသုံးပြုတာ မလုပ်ဖို့ သေချာမှာပါတယ်။

ကျနော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အခြေနေဘယ်လိုလဲ ဆိုတဲ့ မေးခွန်းတွေ မျက်လုံးကနေ စကားပြောဖြစ်ရင်း ပါလာတဲ့ အိုးတွေ ဇွန်းတွေ ကိုအသံမမြည်အောင် သေချာ ချည်နှောင်ထုတ်ပိုးကြရပါတယ်။

စပြီးထွက်လာကြတဲ့အချိန်ဟာ နေဝင်နေပြီး ဖြစ်နေပါတယ် ။ ပုံမှန်ထက် ခပ်သွက်သွက်လျှောက်နေတာကိုလည်းသတိထားမိပါတယ်။ ရေချောင်းတွေဖြတ်တဲ့အချိန် မှာ သတိထားနေရပါတယ်။ ခြေထောက်တခုလုံးလည်း ကျွတ်တွေတွယ်ထား သလို ဒက် ကလည်း တော်တော်ပေါ တဲ့ တောကိုဖြတ်နေရတာပါ ။

သွားရင်းနဲ့ မှောင်လာတဲ့အခါ ရှေ့က လူကိုကြည့်ပြီး နောက်ကနေလိုက်ရတော့တာပါပဲ။ ညကိုအမှောင်ထဲ မှာ ဓာတ်မီးမပါ ဘဲ သွားရတာ တော်တော် ဒုက္ခရောက်ပါတယ်။ ချိုင့်မမြင် ဂူမမြင် ဘဲ လမ်းလျှောက် ရသလို ခြုံကလည်းတိုးရပါသေးတယ်။ အင်္ကျီလက်ရှည်ဝတ်ထားတဲ့ကြား ချောင်းကိုဖြတ်တဲ့အချိန်မှာ လက်နဲ့ ခန္ဓာကိုယ်က ယားပြီး နာလာပါတယ် ။

ကြယ်ရောင်အောက်မှာ လမ်းလျှောက်ရတဲ့ ခံစားချက်ဟာ ကဗျာဆန်ဖို့ ဝေးစွ အသက်တောင် ဘယ်အပေါက်က ရှုရမယ်မသိတဲ့ ၈၈ မောင်ကျောင်းသား တစ်ယောက်ရဲ့ ဒုက္ခ က ဘာနဲ့မှ နှိုင်းမရဘူးထင်ပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts