All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၆ )

သူ့အတွေးသူ့အမြင်
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၆ )
By ရဲဘော်အောင်မင်းနိုင်
မနက်ရောက်လာတဲ့အချိန်မှာ စစ်ကြောင်းက စပြီးစုနေပါပြီ ။ ဧရာဝတီမြစ်အရှေ့ဖက်ကမ်းက KIA တပ်တွေ ကတော့ သူတို့လာစောင့်ရတာ ၂ ရက်လောက်ရှိပြီလို့ ပြောပါတယ်။ ကျောက်သယ်မယ့် ဆင်တွေက ၄ ကောင်လောက် ပါလာပြီး အချို့အထမ်းသမားတွေတော့ မပါလာတော့ပါဘူး။ မနက်စာ ချက်ပြုတ်ပြီး စားသောက်ပြီး တော်တော်နဲ့ မထွက်ဖြစ်သေးပါဘူး။
အချို့တပ်တွေ မရောက်လာသေးလို့ ခဏစောင့်နေတယ်ပြောပြပါတယ်။ KIA ရဲဘော်တွေ ပြောပုံအရကတော့ ဗန်းမော်ကနေ စစ်တပ်က တက်လာသလို မြစ်ကြီးနားဖက်က စစ်တပ် တပ်တွေလည်း စစ်ကြောင်းဖြတ်မယ့် လမ်းကိုဦးတည်ပြီးလာနေတာ စစ်တပ် ၅ ရင်းလောက်ရှိတယ်လို့ပြောပါတယ်။
ကျောက်တွေ ပါတဲ့အတွက် ပုံမှန်လမ်းကနေမဟုတ်ဘဲ ထိတွေ့မှုမရှိအောင် ရှောင်ကွင်းသွားကြမှာလို့ပြောပါတယ် ။ စထွက်တဲ့အချိန်ဟာ မနက် 10 နာရီလောက်ထင်ပါတယ် ။ အဲဒီနေ့ နေက သာပါတယ်။ စစ်ကြောင်းက ပုံမှန်လမ်းမဟုတ်တော့ တောင်အတက်အဆင်းများတဲ့အပြင် အချို့ လမ်းကအသွားအလာနည်းမှန်းသိသာနေပါတယ်။ ကျောက်တင်ထားတဲ့ဆင်တွေ နဲ့ အထမ်းသမားတွေကို ကျနော်တို့ နဲ့ စစ်ကြောင်းအလယ်မှာ ထားပြီး သွားနေတော့ အထမ်းသမားတွေ မေးကြည့်မိပါတယ်။ သူတို့ ဒီလိုအထမ်းသမား လုပ်လာတာကြာပြီ လို့ပြောပြပါတယ်။ လုပ်အားခ ကို ကျောက်အလေးချိန် (ပိဿာ) နဲ့ တွက်ပေးတယ် ပြောပြပါတယ်။ ဆင်တွေလည်း အဌား လိုက်တဲ့ဆင်တွေလို့ ပြောပြပါတယ်။
ပုံမှန်လမ်းမဟုတ် ဘူးလို့ သွားနေကြအထမ်းသမားတွေကပြောပြပါတယ် ။ အချို့ဆင်တွေဆို တောင်အဆင်းမှာ ဖင်ထိုင်ဆင်းပြီး အော် သံတွေကြားနေရပါတယ် ။ သွားနေရင်း နဲ့စစ်ကြောင်း ခဏ ရပ်ဖို့ ကချင်လို ပြောလိုက်ပါတယ် ။ စစ်တပ်က စစ်ကြောင်းဆီ ဦးတည်လာနေတယ်လို့ ပြောပြပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ် သတိထားလို့ ဘေးနားက အတူလျှောက်လာတဲ့ လုက ကျနော်တို့ကိုသတိပေးပါတယ်။
စစ်ကြောင်းက တော်တော်နဲ့မထွက်နိုင်သေးပါဘူး။ ပါလာတဲ့ရဲဘော်တွေကတော့ လုံခြုံရေးအတွက်အလုပ်ရှုပ်နေပါတယ် ။ ဆင်တွေ ကိုလည်း တစ်နေရာတည်းမှာ စုထားပြီး နေတာကို တွေ့နေရပါတယ်။ ခဏနေတော့ ဆင်တွေကို သစ်ပင်အကြီးကြီးတွေ အောက် ခေါ်သွားပြီး ကျောပေါ်က ကျောက်တွေကို သစ်ပင်အဖျား မှာတက်ချည်ထားတဲ့ ချိန်းဘလောက် နဲ့ ဆွဲတင်နေကြတာကို မြင်ရပါတယ်။
ဘေးနားက ကချင်လူကြီးက ကျနော်တို့ကို စကားပြောရင်း သူ့အထမ်းသမားကို ကချင်လိုပြောလိုက်ပါတယ်။ ဘီစကစ်ထုတ်တွေ ယူလာပြီး ကျနော်တို့အဖွဲ့ကို ဝေပေးရင်း ကျနော်တို့ကို ဘယ်ကလာကြသလဲ လို့မေးပါတယ်။ကျနော်တို့လည်း ကျောင်းသားတပ် ရှိရာသွားမလို့ပါ ဆိုပြီး ပြောပြပါတယ် ။ သူက စိန်လုံ ဘက်မှာ နေကြောင်းနဲ့ သူ့အိမ်က တရုတ်နယ်စပ်နားမှာ ရှိတယ်လို့ ပြောပြပါတယ်။
သူကပဲ ဆက်ပြီး ဘေးနားက ကချင်အမျိုးသမီးတယောက်ကို ခေါ်ပြီးမိတ်ဆက်ပေးပါတယ် ။ အဲဒီအမျိုးသမီးက လိုင်စင် ဆေးရုံက အရာရှိ ဆရာဝန်ဖြစ်ကြောင်း နဲ့ ခွင့်ရလို့ပြန်တာ အခု ခွင့်စေ့လို့ ပြန်လာတာလို့ ပြောပြပါတယ်။ စစ်ကြောင်းက တော်တော်နဲ့မထွက်နိင်သေးပါဘူး ။
ကချင်လို ပြောနေကြပေမယ့် ကိုယ်ကနားမလည်တော့ အခြေအနေကို မသိရဘူးဖြစ်နေပါတယ်။ သေချာတာတစ်ခုကတော့ အချိန်မရွေးတိုက်ပွဲဖြစ်နိင်တဲ့အခြေအနေတခုပါ ။ ကျနော်တို့ကျောင်းသားအုပ်စု တွေက တော့ ဟိုလူ့မျက်နှာကြည့်လိုက် ဒီလူ့မျက်နှာကြည့်လိုက်နဲ့ အခြေအနေကိုအကဲခတ်နေကြရပါတယ် ။ ကျနော်ကတော့ ဘေးနားက ကချင်လူကြီးနဲ့အဖွဲ့ကျသွားပြီး စကားပြောဖြစ်နေပါတယ် ။ သူက ကျနော်တို့ကို တော်လှန်ရေးပြီးသွားရင် ဘာလုပ်မလဲ လို့ မေးပါတယ်။
ကျနော်က ကျနော်တို့ရှိနိုင်ပါဦးမလားလို့ ပြောခဲ့တာမှတ်မိနေတယ်။ သူက ရယ်ပြီး ရှိနေမှာပါလို့ ပြောရင်း မင်းဘာနေ့သားလဲလို့ မေးပါတယ်။ တနင်္ဂနွေ သားပါလို့ပြောပြပါတယ်။ ဆက်ပြီး မင်းက သားအကြီးဆုံးလားလို့ မေးတော့ ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်ပါတယ် ။
သူက မင်းကို ငါကချင်နံမည် ပေးမယ် ဆိုတော့ ကျနော်ခေါင်းညိတ်ပြပါလိုက်ပါတယ်။သူက ခဏမျက်စိမိတ် စဉ်းစားပြီး မင်းနာမည် “ဆန်အောင်” လို့ ပေးထားတယ်လို့ ပြောပြပါတယ်။အဓိပ္ပါယ်တော့မသိပါဘူး ဒါပေမဲ့ မှတ်မှတ်ရရ ပေးထားတဲ့နံမည် ကိုတော့ တန်ဘိုးထားနေပါတယ် ။ ကျနော့်ကို ကချင်တိုင်းရင်းသားတွေရဲ့ ထုံးစံ ဖြစ်တဲ့ အမျိုး အမည်တွေ ရှင်းပြ ပြောပြပါတယ် မမှတ်မိတော့ ပါ။
စစ်ကြောင်းက တော်တော်နဲ့ပြန်မထွက်နိုင်သေးပါဘူး ။ လုံခြုံရေးအရ သတိကြီးကြီး ထားနေပုံရပါတယ်။ ဘဝ မှာ ပထမဦးဆုံးကြုံတွေ့ရတဲ့ အတွေ့အကြုံ ဆိုတော့ စိတ်လူပ်ရှားနေတာတော့ အမှန်ပါပဲ။
(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)
(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts