All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၅ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၅ )

By ရဲဘော်အောင်မင်းနိုင်

မနက် ၅ နာရီမှာ ကျနော်တို့ အားလုံးဟာ လိုင်စင်တက်မယ့်စစ်ကြောင်းနဲ့ အတူသွားဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့အုပ်စု (စုစုပေါင်း ၂၀ ဦးခန့်ရှိမယ်ထင်ပါတယ်) ကို ရင်း ၅ က တာဝန်ရှိသူက စစ်ကြောင်းအလယ်ကနေလိုက်ပါဖို့ နဲ့ စစ်ကြောင်းမှုး ပြောတာ လိုက်နာ ဆောင်ရွက်ဖို့ ပြောပြပါတယ်။

စစ်ကြောင်းက ကျောက်သယ်မယ့် ဆင်တွေအထမ်းသမားတွေနဲ့ ရဲဘော်တွေ ဆိုရင် လူအင်အား ၄၀၀ လောက်ရှိမယ်ထင်ပါတယ်။ ကျနော်တို့လည်း ကိုယ့်ကျောပိုးအိတ်ကို ကိုယ်လွယ် စလွယ်အိတ်ကို ကျောပိုးအိတ်ပေါ်တင်ပြီး စုရပ်ဆီ သွားကြရပါတယ်။

အတွေ့အကြုံဘာမှမရှိတဲ့ ကျောင်းသားတယောက်အတွက် အခုလို အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့နေရာ ကို နဖူးတွေ့ဒူးတွေ့ဖြတ်ရတော့မယ်ဆိုတော့ နည်းနည်းတော့ လန့်လာပါတယ်။ လက်ထဲမှာ က ဘာမှလဲမရှိ ဘာသာစကားကလည်းနားမလည် နယ်မြေလည်း မကျွမ်းကျင် တဲ့ အခြေအနေဟာ စိုးရိမ်မှုကို ပိုပြီးကြီးထွားစေပါတယ်။ အရေးထဲ မှာ မိုးရွာထဲ လျှောက်ရမဲ့ ဖိနပ်က ညှပ်ဖိနပ်ဖြစ်နေတော့ ပိုးဆိုးပါတယ်။

စစ်ကြောင်း စထွက်ဖို့ ကချင်လိုပြောနေတာတွေ ကြားနေရပါတယ် ။ စစ်ကြောင်းအလယ်မှာ ကျောင်းသားအုပ်စုရယ် ၊ အထမ်းသမားတွေရယ်၊ အရပ်သားအချို့ ပါလာတာကိုတွေ့ရပါတယ်။ ကျနော်တို့ ဖြတ်မယ့်နေရာဟာ ကောက်ကွေ့လွင်ပြင် ဖြစ်တယ်လို့ သိရပါတယ်။ ကောက်ကွေ့လွင်ပြင်ဟာ တော်တော်ကျယ်ပြန့်ပါတယ် တောင်တွေမရှိပါဘူး။ တောင်ဘက်ဆို ဆင်ဘိုထိရှိပြီး မြောက်ဘက်ဆို မိုးကောင်းနားထိရှိတယ်ဆိုပါတယ်။

ကောက်ကွေ့လွင်ပြင်ထဲမှာ ကောက်ကွေ့ချောင်းက စီးဆင်းနေပြီး ကောက်ကွေ့ချောင်းစီးဆင်းနေပုံကလည်း နာမည်နဲ့လိုက်အောင် အကွေ့ကောက်များလှပါတယ်။ စစ်ကြောင်းဆိုတော့ ဖြေးဖြေးပဲ လျောက်ပြီး တစ်နာရီလောက်လျှောက်ပြီးရင် ခဏနားကြပါတယ်။

လမ်းလျှောက်ရင်း ရင်းနှီးသွားတဲ့ ကချင်က လူကြီးဟောင်းကတော့ ကျနော်တို့ကို ကျောင်းသားတွေမှန်းသိတာ နဲ့ ရင်းရင်နှီးနှီး စကားတွေ ပြောဖြစ်ပါတယ်။ သူပြောတဲ့အထဲ မှာဒီနေ့ထိ အမှတ်ရနေတဲ့စကား ရှိနေပါသေးတယ်။ တကယ်လို့များ တိုင်းပြည်သာငြိမ်းချမ်းရေး ရခဲ့ရင် ကချင်ပြည်နယ် ကောက်ကွေ့မှာ စပါးစိုက်ပြီး တစ်နိုင်ငံလုံးကို ကျွေးထားမယ် ငါတို့နိင်ငံက ချမ်းသာတယ်ကွ ဆိုတဲ့စကားပါပဲ။

ကောက်ကွေ့လွင်ပြင် ကို ဖြတ်သန်းချိန်ထိ ပြဿနာတစ်စုံတရာမရှိပါဘူး။ ညနေ ၄ နာရီလောက်မှာ မိုးကောင်းချောင်း အနီးကိုရောက်လာပါတယ်။ မိုးကောင်းချောင်းကမ်းခြေ မှာ စက်လှေ တွေ တန်းစီရပ်ထားပါတယ်။ စက်လှေနဲ့သွားရမယ့်ခရီးအတွက် ဘောင်းဘီ ရှည် ချွတ်ထားဖို့ တောစီးဖိနပ်ချွတ်ဖို့ အင်္ကျီ ချွတ်ထားဖို့ ပြောပြနေပါတယ်။

စက်လှေ တွေကို လူတွေမျှပြီးတင်နေတာ တွေ့ရပါတယ် ။ အခုကဘယ်ကိုသွားမလဲလို့ စပ်စုပြီးမေးကြည့်မိပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကို စက်လှေနဲ့ ကူးမှာ ၊ အခု မိုးကောင်းချောင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာရှိတယ် အဲဒီကနေ ဖြတ်မှာလို့ ပြောပြပါတယ်။ ရင်း ၅ က ခင်တဲ့ရဲဘော်ကတော့ သူတို့တာဝန်က ဒီနေရာအထိပဲဖြစ်လို့ နောက်မှ ပြန်ဆုံရအောင်လို့ နှုတ်ဆက်ပါတယ်။

မိုးကောင်းချောင်းတလျှောက်စက်လှေ စီးရတာ လည်း ရင်ခုန်စရာပါ ။ ချောင်းကမ်းပါးတွေက မြင့်နေတော့ စစ်ရေးအရ ကမ်းပါးနား ကပ်ပြီး ဖြည်းဖြည်းချင်းမောင်းကြရတာပါပဲ။ ပွိုင့်တာဝန်ယူတဲ့စက်လှေတွေကတော့ သူ့တာဝန်နဲ့သူ ဧရာဝတီ မြစ်ထဲအမြန်မောင်းကြရတာတွေ့နေရပါတယ် ။

ကျနော်တို့က ပထမ ကူးတဲ့အသုတ်ထဲပါလို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကို မမှောင်ခင် ရောက်သွားပါတယ်။ ဧရာဝတီမြစ်ကိုဖြတ်တဲ့အချိန် ရေစီးတော်တော်သန်တော့ မြစ်ကို တစောင်းဖြတ်ပြီး အရှေ့ဖက်ကမ်းနားရောက်မှ အပေါ်ကို စက်ကုန်ဖွင့်မောင်းပြီးတက်ကြရတာဖြစ်ပါတယ်။ ကျနော်တို့အုပ်စုကို ရွာ လူကြီးအိမ်လို့ ယူဆရတဲ့ အိမ်မှာ ညအိပ်ဖို့ နေရာချပေးပါတယ်။

စစ်တပ်ရဲ့ သတင်းတွေကတော့ ရှေ့ဆက်မဲ့ ခရီးမှာ ပိတ်ဆို့ဖို့ လုပ်နေတယ်လို့ ကြားနေရပါတယ်။ အဲဒီရွာလေးမှာ တည်းတဲ့အိမ်က အိမ်ဆိုင်လေးရှိတာမို့ ပါလာတဲ့ပိုက်ဆံလေးနဲ့ တရုတ်စီးကရက်( ချွမ်းချိမ့် လို့ ထင်ပါတယ်) ဝယ်သောက်ခွင့်ရလိုက်ပါတယ်။ မြစ်ကမ်းနဲ့ မနီးမဝေး ရွာလေး က အဲဒီညမှာ သာသာယာယာနဲ့ အနားယူနိုင်ခဲ့ပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts