All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၄ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၄ )

By ရဲဘော်အောင်မင်းနိုင်

တပ်ရင်း ၅ မှာ အိပ်လိုက်စားလိုက်နဲ့ မယ်မယ်ရရ လုပ်စရာမရှိဘဲ မိုးညှင်းအချုပ်ကနေ လွတ်မြောက်လာတဲ့ အရပ်သား နဲ့ကျောင်းသားတွေ ကို စောင့်နေရတာ ၂ ရက်လောက်ရှိပါတယ်။ ညနေလောက်တော့ တပ်ရင်းကလူတွေအကုန်လုံး လှုပ်လှုပ်ရွရွနဲ့ ဖြစ်နေလို့ လေ့လာကြည့်တော့ မိုးညှင်းသွားတဲ့ စစ်ကြောင်းနဲ့အတူ ကျောင်းသားတွေပါ ညနေရောက်တော့မယ်လို့ သတင်းရပါတယ်။

ဘယ်သူတွေ ပါလာမလဲဆိုတာ စိတ်လှုပ်ရှားစွာ နဲ့ စောင့်နေမိပါတယ်။ ညနေ အလင်းရောင်ပျောက်ခါနီးမှာ ကျနော်တို့နေတဲ့ တဲဆီ လူအများအပြားရောက်လာပါတယ်။ မိုညှင်းကအဖွဲ့၊ ကောလင်းကအဖွဲ့ နဲ့ ရန်ကုန်ကတစ်ယောက်၊ လူတော်တော်များများရောက်လာပါတယ်။ အားရဝမ်းသာနဲ့ နှုတ်ဆက်ကြ မိတ်ဆက်ကြနဲ့ ကိုယ်နဲ့သိတဲ့သူငယ်ချင်းတွေပါလာတော့ ဘယ်လိုပြောကြရမယ်မသိပါဘူး။

မိုညှင်း မြို့အကြောင်းလည်းပါဝင်ခဲ့တဲ့သူတွေပြောပြတာနားထောင်ရင်း ညမိုးချုပ်တဲ့ထိ ပြောလို့မကုန်နိုင်အောင် ပါ ။ အဲဒီထဲမှာ ထူးထူးဆန်းဆန်းနဲ့ ဖားကန့်ဘက်က တက်လာတဲ့တစ်ယောက်လည်း တွေ့ရပါတယ် ။သူကတော့ ရင်း ၆ က ဆင်းလာတဲ့အဖွဲ့တွေနဲ့ ပါလာတာပါ ။ သူ့အတွေ့အကြုံကလည်း စိတ်ဝင်စားစရာပါ ။ ကျောက် သယ်လာတဲ့ ဆင်တွေနဲ့ လိုက်လာတာဖြစ်ပြီး တစ်ညလုံး လျှောက်လာရတာလို့ ပြောပြပါတယ်။ မိုးညှင်းမြို့ က အချုပ်ခန်းထဲရောက်နေပြီး နှစ်ရှည်ထောင်ဒဏ် ချခံရတဲ့ ကျောင်းသား၊ အရပ်သား၊ ရှေ့နေတွေ ၊ နဲ့ အတူ ကချင် လူကြီးတစ်ယောက်လည်း ပါတယ်လို့သိရပါတယ်။

အဲဒီ လူတွေ လွတ်မြောက်ဖို့ KIA တပ်ဖွဲ့တွေ တပ်ရင်းတွေ စုပေါင်းပြီး မိုးညှင်းမြို့ခံ ကျောင်းသားနဲ့ လူထုအကူအညီနဲ့ ကယ်ထုတ်ခဲ့ပုံကတော့ အံသြစရာကောင်းပါတယ်။ ဒီဖြစ်စဉ်ဟာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံး မြို့ပေါ်တိုက်ပွဲဖြစ်မယ်ထင်ပါတယ်။ မပခ တိုင်းမူး ဗိုလ်ချုပ် ကျော်ဘ လက်ထက် ဖြစ်မှာပါ။ ကျနော်တို့ကို လိုင်စင် ဌာနချုပ်ကိုတက်ဖို့ မနက်ဖြန်တစ်ရက် နားမည့်အကြောင်း ပြောပြပါတယ်။

အဲဒီအချိန် နမ္မတီး ဖက်မှာတော့ မိုးညှင်းဘက်ကနေ ဆုတ်သွားတဲ့ KIA စစ်ကြောင်းတစ်ခုနဲ့ တိုက်ပွဲ ဖြစ်နေတယ်လို့ ရဲဘော်တချို့က ပြောပြပါတယ်။ ကျောင်းသားတပ် ရှိရာ လိုင်စင် (ပါဂျောင်) ကို သဘက်ခါ (၁၂ လပိုင်း ၁၉၈၈ ) နေ့မမှတ်မိ( ၁-၁၂-၁၉၈၈ ရက်နေ့ ထင်ပါတယ်) ခရီးအတွက် စဉ်းစားရင်း ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts