All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၃ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၃ )

By ရဲဘော်အောင်မင်းနိုင်

မိုးအေးအေးနဲ့ ပလပ်စတစ်ခင်း ပလပ်စတစ် ခြုံပြီးအိပ်လိုက်တာ မနက် မိုးလင်းမှ နိးလားပါတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့ရဲဘော်ကတော့ ဟန်းကောလေးနဲ့ ထမင်းချက်ထားပြီး ယောက်ဖတို့ မနက်စာ စားရအောင်ဆိုပြီး ညက ခင်းအိပ်ထားတဲ့ ပလပ်စတစ်စကို ခေါက်ပြီး မြေကြီးပေါ်ဖြန့်လိုက်ပါတယ်။

ဟန်းကောထဲက ပူပူနွေးနွေး ထမင်းကို မြေကြီးပေါ်ဖြန့်ခင်းထားတဲ့ ပလပ်စတစ်ပေါ်သွန်လိုက်ရင်း သုံးယောက်သား မနက်စာစားဖို့ ပြင်လိုက်ပါတယ်။ မျက်နှာသစ် သွားတိုက်ဆိုတာ မရှိပါဘုး ။ သောက်ရေ တောင် လိုက်ပို့တဲ့ရဲဘော်က ချောက်ကြားထဲက ခပ်ပေးထားတဲ့ ဝါးဘူးထဲကရေ သောက်ကြရတာပါ ။ မနက်စာကို ထမင်းပူပူ နဲ့ ဆားနဲ့ နယ်ပြီးသုံးယောက်သား အမြန်စားလိုက်ကြပါတယ်။

ခဏနေတော့ ရဲဘော်က ယောက်ဖ သွားကြရအောင်ပြောလို့ ကျောပိုးအိတ်ကို ရဲဘော်က မကူရင်း နင်တို့အိမ်ပြောင်းလာတာလားလို့ မေးလို့ ရယ်ကြရပါသေးတယ်။ ကျနော်တို့ကျောပိုးအိတ်က တော်လှန်ရေးလုပ်တဲ့ ပုံမပေါက်ဘဲ အိမ်ထောင်ပြောင်းသလို အကြီးကြီးဖြစ်နေတာကိုး ။

မနက် ၇ နာရီလောက် စထွက် လာကြတဲ့အချိန် မိုးနည်းနည်းစဲသွားလို့ လမ်းလျောက်ရတာခရီးတွင်ပါတယ် ။ တောင်စောင်းအတိုင်းအဆင်းလမ်းကို တော်တော်လျှောက်ပြီးချိန်မှာ မြေပြန့်လမ်းကို စတွေ့ရပြီး သစ်ကြီးဝါးကြီးတွေပေါတဲ့ တောအုပ်ကိုရောက်ပါတယ် ။ မျောက်အော်သံ ကတော့ ဆူညံနေတာပါပဲ။ ချောင်း ကိုဖြတ်လိုက် ချောင်းရိုးအတိုင်းလျောက်လိုက်နဲ့ တော်တော်လေးလျောက်လာပြီးချိန်မှာ လိုက်ပို့တဲ့ရဲဘော်က ယောက်ဖရေ သီချင်းအော်ချင်လဲ ရပြီ။

သိပ်မကြာခင် တပ်ရင်း ၅ ရောက်တော့မယ်လို့ ပြောပါတယ်။ချောင်းရိုးဘေးက လမ်းအတိုင်းလျောက်လာရင်း နာရီဝက်လောက်ကြာတော့ တဲတချို့ကိုတွေ့ရပါတယ်။ လိုက်ပို့ပေးတဲ့ရဲဘော်က ကချင်လို ဘာပြောမှန်းမသိလိုက်ဘူး။ တဲတချို့က လူတွေထွက်လာပြီး ကျနော်တို့ကို ထွက်ကြည့်ကြပါတယ် ။ အချို့လည်း လှမ်းပြီးနှုတ်ဆက်ကြပါတယ် ။ ကိုယ်က နားမလည်တော့ အားလုံးကို ပြုံးပြပြီးနှုတ်ဆက် လိုက်ပါတယ်။

လိုက်ပို့တဲ့ရဲဘော်က စခန်းရုံး လို့ ထင်ရတဲ့တဲတခု ထဲဝင်သွားပြီး ကျနော်တို့ရောက်ကြောင်းသတင်းပို့ပါတယ်။ ခဏနေတော့ အရာရှိလို့ ထင်ရတဲ့ လူတစ်ယောက်ထွက်လာပြီး တပ်ရင်းမှုးက ရှေ့တန်းထွက်သွားတယ်။ ခင်ဗျားတို့ စောင့်ရဦးမယ်ထင်ပါတယ် ။ ခင်ဗျားတို့ နားဖို့ တဲ တန်လျားတခု စီစဉ်ထားတယ်။ အဲဒီမှာ အရင်နေ့တွေကရောက်နှင့်နေတဲ့ ကျောင်းသားတချို့လည်းရှိတယ်။ အဲဒီမှာ နေရင်း နောက် ၂ ရက်လောက်တော့စောင့်ရပါမယ် ။ နားနားနေနေ စောင့်ပါဆိုပြီး စခန်းရုံးက ရဲဘော်ကို တည်းရမယ့်နေရာ လိုက်ပို့ပေးဖို့ပြောလိုက်ပါတယ်။

တဲတော်တော်များများကို ဖြတ်လာပြီးချိန်မှာ တည်းခိုမယ့် တန်းလျားကို ရောက်ရှိပြီး တဲဝင်လိုက်တဲ့အချိန် လဲလျောင်းနေကြတဲ့ လူတွေ ထလာကြပြီးနှုတ်ဆက် ကြပါတယ်။ မှတ်မိသလောက်ဆို မန်းလေးက တစ်ယောက် နဲ့ စစ်ကိုင်းတိုင်းထဲက ၂ -၃ ယောက် လို့ ထင်ပါတယ် ။ သူတို့က နေ့လည်စာ ချက်ထားတယ်။ စားလိုက်ကြဦးဆိုလို့ သူတို့ချက်ထားတဲ့ ထမင်းနဲ့ မျှစ် ကို အားမနာဘဲ စားလိုက်ပါတယ်။

ထမင်းစားတဲ့အခါ ပန်းကန်ဆိုတာ မရှိပါဘူး ပလပ်စတစ်စ အပေါ် ထမင်းပုံရင်း ဝိုင်းစုပြီး စားကြတာပါ လက်ရေတပြင်တည်းလို့ပြောရင်မှားမယ်မထင်ပါဘူး။ စားသောက်ပြီး သူတို့ကို မေးကြည့်တဲ့အခါ သူတို့လည်း တက်လာတာမကြာသေးဘူး ။ မိုးညှင်းကိစ္စ ပြီးရင် နောက်ထပ် ၁၀ ယောက်လောက် ရောက်လာမယ်လို့ ပြောကြောင်း သူတို့သိတာလေး ပြောပြရင်း ကိုယ်လဲ ကိုသိတာပြောပြပြီး စကားလက်ဆုံကြနေကြပါတယ်။

အားလုံးစုပြီး ချက်စားဖို့ ထမင်းချက်ဒန်အိုးတလုံးနဲ့ ဟင်းချက်စရာ ဒယ်အိုးတလုံးပေးထားပါတယ်။ ထိုင်စကားပြောနေတုန်း ရဲဘော်တယောက်က စခန်းမှုးရုံးက ခေါ်တယ်ဆိုလို့ ညီအကိုနှစ်ယောက်သား လိုက်သွားကြပါတယ်။ စခန်းမှုးရုံးရောက်တော့ ညရေးညတာကိစ္စ နဲ့ တပ်ထဲ နေမှုထိုင်မှု စည်းမျဉ်းတွေ ပြောပြပြီး ရိက္ခာ ဆန် တစ်ယောက်ကို နို့ဆီဘူး နှစ်လုံးဆီ ပေးလိုက်ပါတယ် ။ ရဲဘော်တစ်ယောက်က သူ့ဆန်လွယ်အိတ်အဟောင်းလေး ပေးပြီး ယောက်ဖ ဒါနဲ့ထည့်သွား လို့ ပေးပါတယ်။ မိုးတစိမ့်စိမ့် ရွာပြီး တိတ်ဆိတ်မှောင်မဲနေတဲ့ည ဟာ အိမ်ကို လွမ်းသလို အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမ နဲ့ သားကို အဲဒီအချိန်မှ သတိတရ ဖြစ်မိပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts