All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၂ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၂ )

By ရဲဘော်အောင်မင်းနိုင်

လမ်းပြလုပ်သူကြွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ဆီတို့ဟူးကိုစားရင်း ကျွတ်တွယ်နေတာတွေခွာရပါသေးတယ်။ကျွတ်က ချိုင်းကြားနဲ့ အသားနု ရှိတဲ့နေရာတွေမှာ အကုန်တွယ်ထားတော့ ယားသလို နာသလိုနဲ့ ဖြစ်နေပါတယ်။ လမ်းပြလုပ်သူကတော့ ရှေ့လျောက်ခင်ဗျားတို့ ဒတ်လည်းအတွယ်ခံရဦးမယ် ဆ်ုတော့ ဒတ်ဆိုတာဘာလဲလို့ မေးမိလိုက်ပါတယ်။

အဆက်အသွယ်ကတော့ ဒက်ဆိုတာသစ်ပင်ပေါ်ကနေ လူကိုယ်ပေါ် ခုန်ချပြီးသွေးစုတ်တဲ့အကောင်လို့ပြောပြပါတယ် ။ ဒတ် ဟာ အနီရောင် နဲ့အစိမ်းရောင် ရှိပြီး သွေးစုပ်တာ ကျွတ်လို မသိသာဘူး ညင်သာ တယ်လို့ ပြောပြပါတယ်။ အမောပြေထိုင်နားရင်း စားသောက်ပြီး ပါလာတဲ့ ဆေးပေါ့လိပ်လေး ဖွာ ရတဲ့အရသာဟာ ကချင်ပြည်နယ်အအေးဒဏ်ကို မိုးဖွဲဖွဲကြားမှာခံစားရတာ ဒီနေ့ထိသတိရနေတုန်းပါ။

မြူနှင်းတွေကြားမှာ ဆက်ပြီးသွားဖို့ ဆော်သြလို့ ကျောပိုးအိတ်(အလွန်ကြီးပါတယ်) သယ်ပြီး လမ်းလျှောက်လိုက် နားလိုက်နဲ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ် လောက်မှာ KIA ရဲ့ ရှေ့ပြေးကင်းစခန်းတစ်ခုဖြစ်တဲ့ ပလားတားပို့စ် ကို ရောက်ပါတယ်။ ရောက်ရောက်ချင်း မီဂျပ်ဒူ(အသံထွက်လွဲ နိုင်ပါတယ်) စခန်းမူးက ဖော်ရွှေစွာနဲ့ပဲ နှုတ်ဆက်ပါတယ်။

ကျောင်းသားတွေကို ကြိုဆိုကြောင်းနဲ့ လိုင်စင် ဗဟိုမှာ စစ်သင်တန်းစနေပြီ ဖြစ်တဲ့အကြောင်းပြောပြ ပါတယ်။သူ့တဲနားက ဝါးတဲစားပွဲလေးမှာထိုင်ရင်း ဘယ်ကလာလဲ ဘာလဲ မေးမြန်းရင်း မိတ်ဆက်ပြောဆိုကြပါတယ်။ နောက်တော့သူက ကျနော်တို့ကို ခင်ဗျားတို့ဆုံးဖြတ်ပြီးပြီလားလို့ သေချာမေးပါတယ် ။

တကယ်လို့စိတ်မပြတ်ရင် ပြန်ဆင်းမဲ့ အဆက်သွယ်နဲ့ ပြန်လိုက်လို့ရတယ် ဘာမှ စိုးရိမ်စရာမလိုကြောင်းပြောရင်း နေ့လည်စာ ပြင်ဖို့ ရဲဘော်တယောက်ကို ကချင်လိုပြောလိုက်ပါတယ်။ (သူပြောတာနားမလည်ပါဘူး) ခဏနေ တော့ ရဲဘော်နှစ်ယောက်လောက်ရောက်လာပြီး ပဲပုတ်ချက်နဲ့ ကြိမ်ဖူးလား ရုံးအူဟင်းရည် လာချပေးရင်း ထမင်းလက်ဆုံစားဖြစ်ပါတယ်။ ဗိုက်ဆာနေလို့လားမသိ မိုးအေးအေးနဲ့ ငရုပ်သီးထောင်း ပဲပုတ်ချက်နဲ့ ရုံးအူ ဟင်းရည် ကတော်တော်စားကောင်းပါတယ်။

စခန်းမှူးက ခင်ဗျားတို့ တောစီးဖိနပ်(အဲဒီအချိန်က ဗကပ ဖိနပ်လို့ ခေါ်တယ်ထင်ပါတယ် ၊ ပွိုင့်ပါတဲ့တရုတ်ဖိနပ် ပါ) မပါဘူးလားလို့မေးတော့ မပါဘူးဗျ ဆိုတော့ ခင်ဗျားတို့ လမ်းလျှောက်ရခက်မယ်။ ခရီးတွင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ထမင်းစားပြီး စကားစမြည်ပြောပြီး ချိန်မှာ စခန်းမှူးက စက်အဆက်သွယ်ရပြီ ခင်ဗျားတို့ ရင်း ၅ ကို ဆင်းကြတော့ဆိုပြီး ရဲဘော်တစ်ယောက်ကို ကျနော်တို့ကို လိုက်ပို့ဖို့ ပြင်ခိုင်းပါတယ်။

အဆက်အသွယ်နဲ့ လမ်းပြလုပ်သူကလည်း သူတို့ ဒီည ရွာအရောက်ပြန်ဆင်းမယ်ပြောပြီး နှုတ်ဆက်ကာ ပြန်ဆင်းသွားကြပါတယ်။ ခဏနေတော့ ကျနော်တို့ကို လိုက်ပို့ပေးမယ့် ရဲဘော်က ယောက်ဖ လာသွားကြစို့ ဆိုပြီး ပလားတားပို့စ်ကနေ ရင်း ၅ ကို စတင်ထွက်ခွာခဲ့ကြပါတယ်။

ပတ်ဝန်းကျင်ရာသီဥတုကတော့ မြူနှင်းတွေကျပြီး မိုးရွာနေတုန်းပါ ။ ပလားတားပို့စ်ကနေ ရင်း ၅ ကိုလျှောက်လာတဲ့အချိန် တောင်အဆင်းကများပြီးအတက်နည်းပါတယ် ။ လမ်းလျှောက်နေတုန်း ညှပ်ဖိနပ်နဲ့လျှောက်တော့ခရီးမတွင်လို့ ဖိနပ်ကို ကျောပိုးအိတ်မှာချိတ်ပြီး ခြေတုံးလုံး ဖိနပ်မပါဘဲလမ်းလျှောက်ကြရပါတယ် ။ လမ်းတလျှောက်လုံး မိုးရေနဲ့အတူ ချော်လဲတာလည်းခဏခဏပါ။

လိုက်ပို့ပေးတဲ့ရဲဘော်ကတော့ ကျနော်တို့နှစ်ယောက်ကိုကြည့်ပြီး နောက်ဆို အဆင်ပြေမှာပါပြောရင်းအားပေးစကားဆိုပါတယ်။ လိုက်ပို့ပေးတဲ့ရဲဘော်ကတော့ နာရီတကြည့်ကြည့်နဲ့ ဖြစ်နေလို့ ဘာထူးလို့လဲ ဆရာကြီး လို့မေးတော့ ညနေ ၆ နာရီ ထိုးတော့မယ် ရှေ့ဆက်သွားဖို့အဆင်မပြေတော့ဘူး။ ညအိပ်လို့ရမယ့်နေရာ ရှာရအောင်ပြောရင်း တောင်စောင်းတနေရာက မြေပြန့်လေးမှာ သူ့မှာပါလာတဲ့ ဒါးနဲ့ အပင်တွေခုတ်ပြီး မြေကြီးပေါ် အရင်ခင်းပေးပါတယ်။ သုံးယောက်အိပ်စရာ နေရာ ယူပြီး ပတ်ပတ်လည်ကို မိုးရေ မစီးအောင် ရေမြောင်းအရာလေး တူးပေးလိုက်ပါတယ် အချိန်ကမရှိတော့ တဲလည်းမထိုးနိင်ဘဲ မိုးဖွဲဖွဲ အောက်မှာ သူပေးတဲ့မိုးကာစကို မြေကြီးပေါ်ခင်းရင်း ညနေ လမ်းလျောက်ခရီးကို နားလိုက်ရပါတယိ။

ညနေ ၆ နာရီဆို လုံခြုံရေး အဖွဲ့တွေက မိုင်းစထောင်လေ့ ရှိလို့ လမ်းခရီးက လမ်းလျှောက်ရတာ စိတ်မချရတော့ဘူးလို့ ပြောပြပါတယ်။ လိုက်ပို့ပေးတဲ့ရဲဘော်ကတော့ ဒီမှာပဲနေပါ ဘယ်မှမသွားနဲ့ဆိုပြီး တောထဲခဏဝင်သွားပါတယ် ။ ပြန်ထွက်လာတော့ ထင်းခြောက်ပါလာပြီး ညမီးဖိုပေးမယ် စိတ်ချလက်ချအိပ်ပါ သူရှိတယ်ဆိုပြီးပြောပါတယ်။ မှောင်ရည်ပျိုးလာတဲ့အချိန်မှာ သုံးယောက်သား ဆေးလိပ်ကိုယ်စီဖွာရင်း မနက်ဖြန်ခရီးအတွက် မေးမြန်းမိပါတယ်။ လိုက်ပို့ပေးတဲ့ရဲဘော်ကတော့ သိပ်မဝေးတော့ပါဘူး မနက်ဆိုရောက်ပါမယ်။ စိတ်ချလက်ချအိပ်တော့လို့ ပြောလိုက်တာနဲ့ တနေ့လုံးလမ်းလျှောက်လာရလို့လားမသိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

Photo by Thierry Falise/LightRocket

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts