All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁ )

By ရဲဘော်အောင်မင်းနိုင်

လွန်ခဲ့တဲ့နှစ် ၃၀ က စစ်အာဏာရှင်စနစ်ကို တော်လှန် ဖို့ရည်ရွယ်ချက်နဲ့ ABSDF (NB) မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ သူပါဝင်ခဲ့တဲ့ ဖြတ်သန်းခဲ့ရတဲ့ အစိတ်အပိုင်းလေးတစ်ခုကို တင်ပြခြင်းဖြစ်ပါတယ်။ ကျောင်းသားတပ်ရဲ့ ဖြစ်စဉ်တစ်ခုလုံးလွှမ်းခြုံခြင်းမရှိဘူးဆိုတာလည်း အသိပေးလိုပါတယ်။

အသက်တွေရလာတော့(ဘယ်နေ့သေမယ်မသိ) ကိုယ်မြင်တဲ့ အပိုင်း၊ ကိုယ်တန်ဖိုးထားတဲ့အရာ၊ ကိုယ့်ကို တာဝန်ပေးအပ်မှုများကိုတင်ပြခွင့်ရှိမယ်ထင်ပါတယ်။ နောက်တစ်ချက်ကတော့ မှတ်မိအောင်မနည်းပြန်စဉ်းစားရတာပါ။ ပုံရိပ်ကို အသုံးချခြင်း ၊ မည်သူမျှ ထိခိုက်နှစ်နာစေခြင်းအလျဉ်းမရှိတာကိုလည်း အသိပေးလိုပါတယ်။

ကိုယ်ပါဝင်ခဲ့တဲ့အစိတ်အပိုင်း သေးသေးလေးတစ်ခု ကို နှစ် ၃၀ ကြာမှ တင်ပြခွင့် ရ လဲ စိန်ခေါ်မှု တချို့ ရှိနေမယ်ထင်လို့ နာမည်တွေကိုတော့ အတိအကျ ဖော်ပြခြင်း၊ ရေးသားခြင်းမပြုတော့ပါဘူး။

၁၉၈၈ ခုနှစ် နိုဝင်ဘုလ ၂၈ ရက် နေ့ည တစ်ညမှာ ကျောင်းသား ၃ ယောက် စစ်ကိုင်းတိုင်းအထက်ပိုင်း တောမြို့ ဘူတာရုံလေးမှာ စိတ်လှုပ်ရှားစွာနဲ့ မြစ်ကြီးနားရထားကိုစောင့်ဆိုင်းနေပါတယ် ။ လိုက်ပို့သူ တစ်ယောက် တော့ရှိပေမယ့် အခြားသူတွေ တွေ့မှာကို စိုးရိမ်ကြီးစွာနဲ့ မှောင်ရိပ်ကျတဲ့ နေရာ မှာ ထိုင်နေကြပါတယ်။

နေ့လယ်က ဘုန်းကြီးကျောင်းသွားပြီး စာချဘုန်းဘုန်းကို ဦးခိုက်ကန်တော့ရင်း သရဏဂုံ တည်ကာ ကိုယ်ဘဝကိုယ် ပေးဆပ် ဖို့ ဆုံးဖြတ်ခဲ့တာလေး ပြောဖြစ်ကြရင်း အကိုဝမ်းကွဲ လုပ်သူက သူ့အမေရဲ့ ထမီ အနားလေး ယူလာခဲ့ကြောင်းပြောပြပါတယ်။ ၁၀ တန်းကျောင်းသား တစ်ယောက်ကတော့ အိမ်ပြန်ပါပြောလည်း မပြန်လို့ ဆဲဆိုရသေးတယ်။

မြစ်ကြီးနား ရထားလာချိန်မှာ ထိုင်ခုံမဲ့ လက်မှတ်ဖြတ်ထားတဲ့ ကျနော်တို့သုံးယောက် ဟာ အိမ်သာနဘေး မှာ ရတဲ့နေရာကနေ ထိုင်လိုက်ရင်း ကိုယ့်ဇာတိမြေကို နှုတ်ဆက်နေကြမယ်ထင်ပါတယ်။ အအေးဓာတ်လွမ်းနေတဲ့ ရာသီဥတုဖြစ်နေလို့ မီရထား အိမ်သာဘေးနားက ကျပ်ညှပ်နေတဲ့ နေရာဟာ လူငွေ့နဲ့နွေးထွေးနေတဲ့ဇိမ်ကျစရာ နေရာတစ်ခုပါပဲ။

ဒီလိုနဲ့ မြို့ငယ်လေးတွေ ဖြတ်သန်းလာတဲ့ ရထားဟာ နဘား ဘူတာ ကို နံနက် ၁ နာရီလောက်ရောက်မယ်ထင်ပါတယ်။ ရထားက နဘားဘူတာမှာ တော်တော်ကြာကြာ ရပ်ပါတယ် ။ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ် ဖြတ်တော့မယ့်အချိန်မှာ လူစီးရထားရဲ့ ခေါင်းတွဲရှေ့မှာ မိုင်းရှင်းတွဲ နဲ့ နောက်ဆုံးမှာ ကျည်ကာ တွဲကို ချိတ်ဆက်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာဆိုတော့ ခါတိုင်းထက် အစိုးရစစ်သားအများအပြားကိုတွေ့မြင်နေရပါတယ်။ အဲဒီရတဲ့အချိန်အတွင်းမှာပဲ အဆက်အသွယ် နဲ့ချိတ်ဆက်မိအောင် ရှာရပါသေးတယ်။

သူတို့ ပြောတဲ့အတိုင်း ရှာထိုးဦးထုပ် ဆောင်းထား ပြီးရှာနေတဲ့အချိန် လူတယောက်က ပုခုံးပုတ်ပြီး တိုးတိုးလေးမေးပါတယ်။အပေါ်တက်မယ့် ကျောင်းသားတွေလား လို့ မေးတော့ ရုတ်တရက် ဆိုတော့ စိတ်ထဲ စိုးရိမ်သွားပါတယ် ။ နောက်ကျ မှ အဆက်သွယ် လုပ်မယ့်အချက်တွေ နဲ့ ညီမှ စကားစပြောဖြစ်ပါတယ်။

မူလ သွားမယ့် လမ်းကြောင်း ပြောင်းလိုက်တဲ့အကြောင်းကနေ စပြောဖြစ်ပါတယ်။ မိုးညှင်းမြို့ မှာ ရဲအချုပ်ခန်းကနေ ထောင် ၁၀ နှစ်ကျော် ကျခံရမယ့် လူတွေကို မြို့ ပေါ် ကျောင်းသားတွေ နဲ့ KIA က ဝင်ရောက် ကယ်တင်နေတာ မို့ အဲဒီ မှာ ရူပ်ထွေးနေတယ်။ လမ်းကြောင်းကျပ်နေလို့ ဟိုပင် မှာ ဆင်းရမယ် လို့ ဆိုလာပါတယ်။ အဆက်အသွယ်လည်း ပြောဆိုပြီး ထွက်ခွာ သွားတဲ့အချိန် သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ဟိုပင်ထိသွားရမှာဖြစ်လို့ ဘယ်လိုအခြေအနေတွေဖြစ်လာနိင်တယ်ဆိုတာ သတိထားဖို့ ပြောရင်း ရတဲ့အချိန်လေးမှာ ငိုက်မှေးရင်း နေလိုက်ကြပါတယ်။

နဘားကနေ နာရီဝက် လောက်နားပြီးအကြာမှာ ရထားစတင်ထွက်ပါတော့တယ်။ မော်လူး မော်ဟန် နန့်စီးအောင် ဆိုတဲ့ ဘူတာငယ်လေးတွေ ဖြတ်ပြီးချိန်မှာ မိုးညှင်းကို ရောက်ပါတယ် ။ မိုးညှင်းမှာ ရထားက သိပ်ကြာကြာမရပ်ပါဘူး ။ ဆက်ပြီး ထွက်လာလိုက်တာ သိပ်မကြာခင်မှာ ဘဲ ဟိုပင်မြို့ကို ရောက်ပါတယ်။ သုံးယောက်သား တရုတ်ကျောပိုးအိတ်ကိုယ်စီနဲ့ ဘူတာက ခုံတန်းနေရာမှာ ထိုင်နေတုန်း အဆက်အသွယ်ရောက်လာပြီး သွားကြရအောင်ဆိုလို့ ကျောပိုးအိတ်ကိုယ်စီနဲ့ ဟိုပင်မြို့ထဲကနေ နန့်ရင်း ရွာဖက်ကို လမ်းလျှောက်လာခဲ့ကြပါတယ်။

လမ်းမှာ စစ်တပ်ရှေ့ ဖြတ်တဲ့အချိန် မေးမြန်းခြင်းမရှိလို့ စိတ်သက်သာမိပါသေးတယ် ။ နန့်ရင်းရွာထဲရောက်တဲ့အချိန် မှာလည်း ရွာဟာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ရွာအစွန်က ကြက်ခြံတဲရောက်တော့ အဆက်အသွယ်လုပ်သူက အသံခပ်အုပ်အုပ်နဲ့ နာမည်ခေါ်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ ကြက်ခြံတဲ အနောက်ကနေ လူတစ်ယောက်ထွက်လာပြီး စားပြီးကြပြီလားဆိုတဲ့စကားမေးမြန်းပြီး ကြက်ခြံတဲ အပေါ်ထပ်ကို ပို့ပေးလိုက်ပါတယ်။ အဆက်အသွယ်ကတော့ မနက်မိုးမလင်းခင် ဆက်ထွက်မယ်။ ခဏနားဦးလို့ ဆိုပြီး ထွက်ခွာသွားပါတယ်။

ကြက်ခြံအပေါ်ထပ် ကောက်ရိုး ခင်းထားတဲ့ အပေါ်ကျောချယုံရှိသေးတယ် တကိုယ်လုံး ရွစိရွစိ ဖြစ်လာပြီ ဟိုနေရာဒီနေရာတွေ ယားယံလာပါတယ်။ အောက်မှာကြက်ခြံရှိတော့ ကြက်လှေး ကြက်သန်းတွေ အတွက် ကျနော်တို့ ကိုယ်ခန္ဓာက ပွဲတော်တခုဖြစ်နေမှာပါပဲ။

သုံးယောက်သား သိပ်စကားမပြောဖြစ်ကြဘဲ မနက်အလင်းရောင်လာတာနဲ့ အတူ ထွက်ရမည့်ခရီးအတွက် ရင်ခုန်နေကြတာအမှန်ပါ ။ အဲဒီအချိန် တရှုံ့ရှုံ့ နဲ့ ငိုသံကြားလို့ ထကြည့်လိုက်တော့ ၁၀ တနိးကျောင်းသား ဖြစ်နေတာကိုတွေ့ရတယ်။

ဘာဖြစ်တာလဲ မေးလိုက်တဲ့အချိန် ငိုကြီး ချက်မနဲ့ အကိုတို့ ကျနော့်အမေကို သတိရလို့ ကျနော်ပြန်ပါရစေလို့ ပြောလိုက်တော့ ကျန်တဲ့ ကျနော်တို့ နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အိမ်ပြန်ခိုင်းဖို့ ဆုံးဖြတ်ချက်ချရပါတယ်။

သူ့ကိုတော့ သေချာ မှာလိုက်ရတာတွေအများကြီးပါ။ မနက် အလင်းရောင်စတက်လာတာနဲ့ အဆက်အသွယ်ရောက်လာပြီး ” ကဲ ကျနော်တို့စရအောင် ဒီအချိန်ဆို မိုင်းတွေလဲ စရှင်းလောက်ပါပြီ” ပြောရင်း ကြက်ခြံအောက်မှာ စောင့်နေတဲ့ လမ်းပြနဲ့ လေးယောက်သား ကြက်ခြံအနောက်က စမ်းချောင်းကျော်ပြီး လယ်ကသင်းရိုးအတိုငိး စတင်ခဲ့ကြပါတယ်။

အဲဒီအချိန် ကချင်ပြည်နယ်ရဲ့ ထုံးစံအတိုင်း မိုးက ရွာနေချိန်ဆိုတော့ စီးလာတဲ့ ညှပ်ဖိနပ်နဲ့ အဆင်မပြေတော့ပါဘူး။ အဆက်အသွယ်ကတော့ ခင်ဗျားတို့ တောခိုတာ ကတ္တီပါဖိနပ်နဲ့ ထူးဆန်းတယ်ဆိုပြီး ရယ်နေပါတယ်။

ပုံမှန်လမ်းကြောင်းကသွားတာမဟုတ်တော့ ချောင်းရေထဲ ခေါင်းဖော်ရုံ ဖြတ်ရတဲ့နေရာတွေလည်းရှိပါတယ်။ ကျွတ်တွေ တော့ တစ်ကိုယ်လုံး တွယ်ထားတာ တစ်ကိုယ်လုံး အနှံ့ပါပဲ ။ အိမ်မှာ ပေါ့ပေါ့ပါးပါး နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အတွေ့အကြုံ ဟာ အခု တစ် နာရီလောက်ပဲ လျှောက်ရတဲ့ခရီးမှာတင် ရှေ့ဆက်ကြမ်းတမ်းတဲ့ခရီး အတွက် မှန်းဆနိုင်ပါတယ်။ တစ်နာရီခွဲလောက် လျှောက်ပြီး ခဏနားကြတဲ့အချိန် လမ်းပြလုပ်သူက သူပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ဆီတို့ဟူး ကျွေးလို့ စားလိုက်ရတာဟာ အလွန်အရသာရှိလှပါတယ်။

ဓာတ်ပုံ- ဟိုပင်မြို့ဘူတာ။ Photo Credit- https://www.facebook.com/hopincity/

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts