All News Election interview

စစ်အာဏာရှင်ကို နှစ်ပေါင်း ၃၀ တော်လှန်တိုက်ခိုက်ခဲ့သော ပါတီ ခွပ်ဒေါင်းအလံကို ဗကသ ကန့်ကွက်မှု ရိုးသားသည့် လုပ်ရပ်မဟုတ်ဟု NLD တုံ့ပြန်

စစ်အာဏာရှင်ကို နှစ်ပေါင်း ၃၀ တော်လှန်တိုက်ခိုက်ခဲ့သော ပါတီ ခွပ်ဒေါင်းအလံကို ဗကသ ကန့်ကွက်မှု ရိုးသားသည့် လုပ်ရပ်မဟုတ်ဟု NLD တုံ့ပြန်

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အမှတ်တံဆိပ်ဖြစ်သော ခွပ်ဒေါင်းအလံကို ၁၉၃၆ခုနှစ်တွင် ပထမဆုံးဗကသဥက္ကဋ္ဌဖြစ်သော ကိုရာရှစ်လက်ထက်တွင် စတင်အသုံးပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် အဆိုပါ ခွပ်ဒေါင်းကို ၎င်းတို့ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဖြစ်သော “ ခွပ်ဒေါင်းမှာ ဒီမိုကရေစီအရေးတော်ပုံတွင် ဦးဆောင်ခဲ့သော ကျောင်းသားလူငယ် မျိုးဆက်သစ်များ၏ အားမာန်ကို ရည်ညွှန်းသည်” ဟုဖော်ပြထားသော်လည်း ၂ဝ၁၄ ခုနှစ်တွင် ကျောင်းသားသမဂ္ဂများတရားဝင်ရပ်တည်ရေးကို NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ကန့်ကွက်ခဲ့ခြင်း၊ ဗကသ ပျောက်ကွယ်စေရန် နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ တရားဝင်ဖွဲ့စည်းပေးခဲ့ခြင်း၊ ဒသမတန်း သင်ရိုးသစ်တွင် ဗကသဟူသည့် အမည်မှန်အစား မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဟု ပြောင်းလဲရေးသားခဲ့ခြင်းနှင့် NLDပါတီသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေသော ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ဒူးထောက်ဝင်ရောက် နေပြီးဖြစ်သောကြောင့် စစ်အာဏာရှင်စနစ် ကြိုးဆွဲရာ ကနေရသော အဖွဲ့အစည်းတစ်ရပ်က ခွပ်ဒေါင်းအောင်လံတော်ကို အသုံးပြုနေခြင်းသည် ခွပ်ဒေါင်း အောင်လံတော်၏ ဂုဏ်သရေကို ညှိုးနွမ်းစေသောကြောင့် ခွပ်ဒေါင်း တံဆိပ်သုံးစွဲနေမှုအား NLD ပါတီအနေဖြင့် ရပ်စဲပေးရန် ဗကသများအဖွဲ့ချုပ် သတ္တမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာညီလာခံက ဆုံးဖြတ်တောင်းဆိုကြောင်း ဗကသက ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

NLD ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျောင်းသားတွေက ခွပ်ဒေါင်းအလံကို သူတို့မူပိုင်ဖြစ်တဲ့အတွက် NLD ပါတီ တံဆိပ်အနေနဲ့ ဆက်မသုံးစွဲဖို့ ပြောတဲ့အပေါ် ဘာတုံ့ပြန်ချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီက ဒီဟာက ပါတီစဖွဲ့ကတည်းကိုက ဒီခွပ်ဒေါင်းအလံကို အသုံးပြုလာတာ တစ်လျောက်လုံးလည်း ဘယ်သူကမှ ကန့်ကွက်တာမရှိဘူး။ ကျွန်တော်တို့ နှစ်ပေါင်း ၃ဝကျော်ကြာလာပြီဗျာ။ အခုကျမှ ဒါကိုလာပြီးတော့ ကန့်ကွက်တယ် ဘာညာဆိုတာကတော့ ဒါသိပ်ရိုးသားတဲ့အလုပ်မဟုတ်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်။

မေး။ ။ ခွပ်ဒေါင်းအလံဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အမှတ်တံဆိပ်ဖြစ်တဲ့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ ရောက်နေတဲ့ NLD ပါတီက စစ်အာဏာရှင်ရဲ့ စည်းမျဉ်းတွေအောက်ရောက်နေပြီ စစ်အာဏာရှင်အကြိုက် လိုက်နေရတယ်လို့ ကျောင်းသားတွေ ဝေဖန်ချက်ကိုကော ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ပါတီလောက် တစ်လျှောက်လုံး စစ်အာဏာရှင် ဆန့်ကျင်တဲ့ပါတီ ဘယ်မှာရှိလို့လဲဗျာ။ ကျွန်တော်တို့ ပါတီစဖွဲ့ကတည်းကိုက စစ်အာဏာရှင်နဲ့ ထိပ်တိုက်တွေ့ပြီးတော့ ကျွန်တော်တို့ဆီကလူတွေလည်း ထောင်ကျတဲ့သူကျ ဘဝပျက်တဲ့သူပျက် အကုန်ဒုက္ခရောက်ပြီးတော့ အဲလိုအနာခံပြီးတော့ လုပ်လာတာ ဗမာပြည်မှာ စစ်အာဏာရှင်ကို တိုက်ခဲ့တဲ့ပါတီ စစ်အာဏာရှင်ကို အံတုတဲ့ပါတီက NLD ပါတီက လွဲလို့ ဘယ်ပါတီမှ မရှိဘူး။ ကျွန်တော်ပြောရဲတယ် အဲဒါကို။

မေး။ ။ ကျောင်းသားတွေ တောင်းဆိုချက်အရ ဆရာတို့ ပါတီအလံကို ပြင်ဖို့ ရှိမလား။

ဖြေ။ ။ အဲတာကတော့ ကျွန်တော်အလုပ်မဟုတ်ဘူး။ CEC ကနေလုပ်မယ့်အလုပ်ပေါ့။ ကျွန်တော်မသိဘူး။

မေး။ ။ ဗကသ ကျောင်းသားတွေ တောင်းဆိုချက်ကိုကော ဘယ်ပြောချင်လဲ။

ဖြေ။ ။ ဒီပေးပို့ချက်ကို လုံးဝဆန့်ကျင်တယ်။ လုံးဝ ကန့်ကွက်တယ်။ ဒါတွေဟာ နိုင်ငံရေးပါတီ တစ်ရပ်မှာ သူ့ရဲ့အစဉ်အလာအရ လုပ်ခဲ့တာပဲ နောက်ပြီးတော့လည်း ကျွန်တော်တို့ ဒီ LOGO ကိုအသုံးပြုခဲ့တာ နှစ်ပေါင်း ၃ဝကျော်ကြာနေပြီဗျ။ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ်ဝင်ခဲ့ပြီးပါပြီ ဒီတံဆိပ် ဒီအလံနဲ့ ဝင်လာတာပါပဲ။

ထုတ်ပြန်ချက်အပေါ်ကိုတော့ ဘာမှတုံ့ပြန်စရာအကြောင်းမရှိပါဘူး။ ဒီဟာတွေကတော့ သူတို့ထုတ်ပြန်တယ်ဆိုတာကတော့ သူတို့ရဲ့အခွင့်အရေးပါပဲ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီဟာကို ကန့်ကွက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ထုတ်ပြန်ချက်ကို ကန့်ကွက်တယ်ဆိုတာလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။

မေး။ ။ ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက်ကို ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ (အဆိုးမြင်နေတယ်လို့) အဲလိုထင်တာပဲ။ အဲလောက်ထိလည်း ကျွန်တော်မပြောချင်ဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါတွေဟာရိုးသားမှုမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts