China Watch interview political news

စစ်ကိုင်းတွင် တရုတ်ပိုင် သြစတြေးလျ PanAustကုမ္ပဏီကို သတ္တုတူးဖော်လုပ်ကိုင်ခွင့် ဧက ၂ သိန်းနီးပါး ခွင့်ပြုမှု တိုင်းအစိုးရနှင့်လွှတ်တော်အမတ်များ မသိရ

စစ်ကိုင်းတွင် တရုတ်ပိုင် သြစတြေးလျ PanAustကုမ္ပဏီကို သတ္တုတူးဖော်လုပ်ကိုင်ခွင့် ဧက ၂ သိန်းနီးပါး ခွင့်ပြုမှု တိုင်းအစိုးရနှင့်လွှတ်တော်အမတ်များ မသိရ


By ရန်ကုန်ခေတ်သစ်

တရုတ် Guangdong Rising Assets Management Co. Ltd (GRAM) က ပိုင်ဆိုင်သော သြစတြေးလျကုမ္ပဏီ PanAust က စစ်ကိုင်းတိုင်းတွင် သတ္တုရှာဖွေတူးဖော်လုပ်ကိုင်ရန် မြေဧက ၁၈၅၀၀၀ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းသို့ ရရှိသွားသည်။ အဆိုပါကုမ္ပဏီသည် Wintho Resources Company အနေဖြင့် လုပ်ပိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ယင်းကုမ္ပဏီကို PanAust က ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို Myanmar Energy Resources Group International Company က ပိုင်ဆိုင်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဝန်းသိုမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကိုင်းတိုင်း ဝန်းသိုဘက်မှာ သတ္တုတူးဖော်လုပ်ကိုင်ခွင့် အတွက် မြေဧက ၁၈၅၀၀၀ သြစတြေးလျ အခြေစိုက် PanAust က ရသွားတဲ့ကိစ္စ ဘာသိထားလဲ။

ဖြေ။ ။ ကျွန်မတို့တောင်မှ မသိဘူး။ ဒေသခံဆို ပိုဆိုးတော့မှာပေါ့။

မေး။ ။ မြေဧက ၁၈၅၀၀၀ ကို သတ္တုတူးဖော်လုပ်ကိုင်ခွင့်တာ ဘာကြောင့် ဆရာမတို့ ဘာကြောင့်မသိရတာလဲ။

ဖြေ။ ။ ဟုတ်တယ်။ ပြည်ထောင်စုက ကျွန်မတို့က ဒီလိုပေါ့။ ကျွန်မတို့ ပထမ ၂ဝ၁၇လား။ ၂ဝ၁၈လား။ ဘာလားတော့ ကျွန်မ မမှတ်မိတော့ဘူး။ လွှတ်တော်မှာ အစီရင်ခံစာ သဘာဝ သယံဇာတကော်မတီပေါ့။ ကျွန်မတို့လွှတ်တော်မှာ အဲလို ကော်မတီအသေးလေးတွေရှိတာပေါ့။ ရှိတဲ့အခါကျတော့ ကျွန်မတို့ ဝန်းသိုက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နောက်တစ်ခါ ကျွန်မတို့ ဒီစစ်ကိုင်းတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်ပေါ့နော်။ သူတို့တွေက လာအိုမှာ သွားပြီးတော့ ဒီလုပ်ငန်းတွေကို သူတို့လေ့လာခဲ့တာပေါ့။

သတ္တုနဲ့ ပတ်သက်ပြီးတော့မှ လေ့လာတဲ့အခါမှာ ကျွန်မတို့ အစီရင်ခံစာထဲမှာပါတယ်။ ဘာတွေကို ဝန်းသိုဘက်မှာ ကန့်သတ်ရှာဖွေမယ်ဆိုတဲ့ဟာကို အစီရင်ခံတော့ ကျွန်မ အဲဒီတုန်းက တော်တော်စိတ်မကောင်းတာပေါ့။ ကျွန်မတို့ကတော့ တိုင်းဒေသကြီးဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေကောင်းကောင်းလည်း မသိဘူးပေါ့။

အဲဒါဆိုတော့ အခု ဝန်းသိုမှာ တင်လာတဲ့ post တွေတော်တော်များများ အကုန်လုံးကို ကျွန်မဆီကို messenger ကနေ ကျွန်မမိတ်ဆွေတွေကလည်း ပို့သလို ဒီနေ့မှာဆိုရင်လည်း ကျွန်မလွှတ်တော် တက်တဲ့အချိန်မှာ မီဒီယာတွေပေါ့။ Wuntho Resources ပေါ့။ ကျွန်မကြားဖူးတယ်ပေါ့။ Wuntho Resources ဆိုတာက ကျွန်မတို့ ဝန်းသိုမှာ ဟိုတစ်နှစ်တုန်းက လွတ်လပ်ရေးပွဲလုပ်တော့ ပိုက်ဆံလှူတာ အဲလိုမျိုးတွေတော့ သိတယ်ပေါ့။

PanAust ကိုတော့ မသိဘူး။ အခု ဝန်ကြီးချုပ်ကြီးကို မေးတော့လည်း Wuntho Resources ကိုသိတာ PanAust ကို ဝန်ကြီးချုပ်ကြီးက မသိဘူးလို့ပြောတယ်တဲ့။ သယံဇာတ ဝန်ကြီးကိုသွားတွေ့တဲ့အခါမှာ မီဒီယာတစ်ဦးကပြောတာကလည်း ဝန်ကြီးကလည်း မသိဘူးဖြစ်နေတယ်တဲ့။ ကျွန်မလည်း ထပ်သွားတွေ့တယ်။ ဝန်ကြီးကလည်း ဘာမှမသိဘူးတဲ့။ ဒါကတော့ ပြည်ထောင်စုက လုပ်တာပေါ့နော်။

မေး။ ။ ဆရာမပြောသလိုဆိုရင် ဒီလုပ်ပိုင်ခွင့်က ပွင့်လင်းမြင်သားစွာ မချပြတာလား။

ဖြေ။ ။ အမှန်တိုင်းပြောရင်တော့လေ ကျွန်မတို့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတော့ ဒီ သဘာဝသယံဇာတနဲ့ ပတ်သက်လို့ ကျွန်မတို့ တူးဖော်ပြီးတော့ ဒီလို လုပ်မှာပါ။ ဒီလိုကိုင်မှာပါ။ Power Point တွေနဲ့ ထိုးပြတာဆိုလို့ ကျွန်မလွှတ်တော်ကိုယ်စားလှယ် သက်တမ်း ၅နှစ်အတွင်းမှာ ကုမ္ပဏီတစ်ခုပဲရှိတယ်။ အဲတာကတော့ ကျွန်မက လာရှင်းပြပါဆိုပြီးတော့ သူတို့တွေ Power Point နဲ့ရှင်းပြတယ်။

ရှင်းပြပြီးတော့မှ သူတို့ရဲ့ Point နံပါတ်တွေအကုန်လုံးကို ကျွန်မကိုယ်တိုင် ကွင်းဆင်းတဲ့အချိန်မှာ လိုက်ပါတယ်။ လိုက်ပါတဲ့အခါ ကျွန်မပြည်သူတွေပေါ့။ အဲဒီနားက ရွာမိရွာဖတွေကို ကျွန်မကခေါ်ထားတယ်။ ခေါ်ထားတဲ့အခါမှာ ဒီနေရာတွေပါ လုပ်တဲ့အခါမှာ လယ်တို့ဘာတို့ အဲလိုပြတဲ့အခါမှာ ကျွန်မပြည်သူတွေ သဘောမကျဘူးဆိုရင် မလုပ်ရဘူးနော်။ ကျွန်မကလုံးဝခွင့်မပြုဘူး။ သက်ဆိုင်ရာဌာနတွေကိုလည်း ကျွန်မပြည်သူတွေ နစ်နာမယ့် အလုပ်မျိုးဆိုရင် သဘောထားမှတ်ချက်မပေးပါနဲ့ တခါတည်းပြောထားတာ အဲဒီ Wuntho Resources ကတော့ ကျွန်မကို ဒီလိုမျိုးတွေ ရှင်းပြလာတာမရှိဘူး။ အဲဒီလိုမျိုးဆိုတော့ ကျွန်မက မသိဘူးပေါ့။

မေး။ ။ လုပ်ပိုင်ခွင့်ရတဲ့ မြေဧကက ၁၈၅ဝဝဝ ဆိုတော့ မြေသိမ်းတာတွေ ရှိလာနိုင်လား။

ဖြေ။ ။ ကျွန်မတို့လည်း ဒီရက်ပိုင်းအတွင်းမှာ လိုင်းပေါ်မှာ ၁၈၅ဝဝဝ ကျော်ဆိုတဲ့ဟာ လိုင်းပေါ်မှာတွေ့လိုက်တာ ဘယ်နယ်တွေ ပါလဲဆိုတာကို ကျွန်မကိုယ်တိုင်ကို မသိသေးဘူး။ ၁၈၅ဝဝဝ ကျော်ဆိုတာ ဝန်းသို၊ ဗန်းမောက်၊ ပင်လယ်ဘူး။ ဒီသုံးမြို့နယ် နယ်နိမိတ်လို့ ကျွန်မကတော့ ယူဆမိတာပေါ့။ အခုသူတို့က ဗန်းမောက်မှာ ကုမ္ပဏီရုံးစိုက်ထားတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်မလိုချင်တာက ဒေသခံပြည်သူတွေရဲ့ တပိုင်တနိုင် လုပ်စားပိုင်ခွင့်ကို ကျွန်မလိုချင်တာ အခုက ကျွန်မတို့ ပြည်သူတွေကကျတော့ တရားဝင် မဖြစ်တော့ဘဲ တရားမဝင် ခိုးတူးရသလိုဖြစ်နေတာပေါ့။ ဒါလုပ်မှ စားရတာဆိုတော့ ဒါကလည်း မဖြစ်တော့ဘူးဆိုတော့ အဲတော့ ကျွန်မကိုယ်တိုင်ကလည်း လွှတ်တော်မှာ မေးခွန်းမေးတာတွေရှိတယ်။ ပြည်ထောင်စုဝန်ကြီးဆီ လက်မှတ်ထိုးပြီးတင်တာတွေရှိတယ်။ ခဲလေသမျှ သဲရေကျပေါ့။

အခုကတော့ PanAust အောက်ရောက်သွားပြီးပေါ့။ ဝန်းသိုမှာရှိတဲ့ လုပ်ကွက်တွေ သူတို့ လက်အောက်ထဲရောက်သွားပြီပေါ့။ ဒါပေမယ့် ဝန်းသိုမှာတော့ တစ်ခြား ကုမ္ပဏီကြီးတွေရှိတာပေါ့။ ပတ္တမြားနဂါးဆိုတာ ပအိုဝ်းပလောင်ဘက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း ကုမ္ပဏီရှိတယ်။ အခုလွှတ်တော် ဥက္ကဋ္ဌကြီး ဦးတီခွန်မြတ်ရဲ့ ကုမ္ပဏီရှိတယ်။ ကျွန်မမဲဆန္ဒနယ်မှာလေ။

အဲဒါတွေကတော့ ကုမ္ပဏီကြီးတွေပေါ့။ နောက် တစ်ခြားကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီကြီးတွေလုပ်ကွက်တွေက လွဲပြီး ကျန်တဲ့ဟာတွေ ပါသွားတာနဲ့တူတယ်။ ကျွန်မအထင်တော့။ ကျွန်မဖြစ်စေချင်တာကတော့ ပြည်ထောင်စုအဆင့်ဆိုရင် ပြည်သူတွေကိုချပြပြီးတော့ ပြည်သူတွေက လက်မခံဘူးဆိုရင် အစိုးရကိုပြောမယ်ပေါ့။ အခုတော့ ကျွန်မတို့တိုင်းဒေသကြီး အဆင့်တွေမှာကျတော့ ကျွန်မတို့တွေက အရုပ်တွေ ဖြစ်နေတာပေါ့။ ကျွန်မထက်ဆိုးတာက ဝန်ကြီးချုပ်တို့ ဝန်ကြီးတို့တောင် မသိဘူးဆိုမှတော့ ကျွန်မတို့ကတော့ ပြီးရောပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts