Local News Peace political news

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအပြင် တိုင်းရင်းသားခေါင်းဆောင် များနှင့် ပြည်ထောင်စုကိုယ်စားပြု သင်္ကေတများ ထည့်သွင်းရန် KNC အကြံပြု ထုတ်ပြန်

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအပြင် တိုင်းရင်းသားခေါင်းဆောင် များနှင့် ပြည်ထောင်စုကိုယ်စားပြု သင်္ကေတများ ထည့်သွင်းရန် KNC အကြံပြု ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၂

ကချင်အမျိုးသားကွန်ဂရက်ပါတီKNC က ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအပြင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်ထောင်စုကိုယ်စားပြု သင်္ကေတများ ထည့်သွင်းရန်အတွက် အကြံပြုထုတ်ပြန်တောင်းဆိုလိုက်သည်။

ဇွန်လ ၂၂ ရက်နေ့ လူမှုကွန်ရက်တွင် တရားဝင် ထုတ်ပြန်သော KNC ၏ တောင်းဆိုချက်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌဖြစ်သူ ဦးစိုးမင်းက မြန်မာနိုင်ငံ တွင် လည့်ပတ်သုံးစွဲ နေသော ငွေစက္ကူ အမျိုးအစား၁၄မျိုးလုံးတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများအား လာမည့်နှစ်များအတွင်းရိုက်နှိပ်ထုတ်ဝေသွားတော့မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း၊၂၀၁၅ အစိုးရလက်ထက်တွင်မြန်မာငွေစက္ကူများရိုက်နှိပ်သုံးစွဲရာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် ထုတ်ဝေသုံးစွဲရန် ကြိုးပမ်းမှု ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန္နဝါရီ လ ၄ရက်နေ့တွင် ထုတ်ဝေသည့် ကျပ်၁၀၀၀ တန်ငွေစက္ကူနှင့် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင် ထုတ်ဝေမည့် ကျပ်၅၀၀တန်ငွေစက္ကူများအဖြစ် ရှိလာမည်ဖြစ်ကြောင်း၊အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့်ရိုက်နှိပ်ထုတ်ဝေမည့်ကိစ္စသည် ဖြစ်သင့်သောကိစ္စဖြစ်သဖြင့် ကြိုဆို ကြောင်း ဖော်ပြထားသည်။

KNC ထောက်ပြရာတွင် စဉ်းစားသင့်သည့်အချက် ၂ရပ် ထောက်ပြလိုက်ပြီး ပထမအချက်အနေဖြင့် ငွေစက္ကူ ၏ အဓိက မျက်နှာစာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ တစ်ခုတည်း ငွေစက္ကူ အမျိုးအစား ၁၄မျိုးလုံးတွင် သုံးတော့မည်လော၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သော လူမျိုးစုကြီး ၈စု ဖြစ်သော ကချင်၊ ကယား ၊ကရင် ၊ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း တို့ ၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်များ မထည့်တော့ပြီလော ဟု မေးခွန်းထုတ်လိုက်သည်။

မြန်မာငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေသည့်သမိုင်းကို ပြန်ကြည့်လျှင်ဗမာ့ယဉ်ကျေးမှု အမျိုးသားလက္ခဏာ များသာ ဥပမာအားဖြင့် –၁၉၄၄- ၁၉၄၅ ကာလ များတွင် ဒေါင်းရုပ်ပုံနှင့် မန္တလေး နန်းတော်ပုံ၊ ၁၉၆၅- ၁၉၇၁ ကာလအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံများနှင့် အင်းလေးကန် , လယ်သမားနှင့်နွား , မိန်းမပျိုလေး ရက်ကန်းရက်နေပုံ, လယ်ထွန်စက်ပုံ ၊ ၁၉၇၂ – ၁၉၈၇ ကာလအတွက် မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း , သခင်ဖိုးလှကြီး , ဆရာစံ ၊ နောက်ကျောစာမျက်နှာများတွင် ပဉ္စရူပရုပ် , နတ်သားရုပ် , ရေနံမြေလုပ်သားရုပ် , လောကနတ်ရုပ် , လယ်သမားနဲ့ နွားလှည်း , စောင်းကောက် ပုံ၊ ၁၉၈၉ – ၂၀၂၀ ကာလများတွင် မျက်နှာစာများတွင် ကနဦးပိုင်းကာလငွေစက္ကူ အသေးများတွင် စောင်းကောက်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ပိုင်းကာလ ငွေစက္ကူ အကြီးများ၅၀၀၀တန်ကို ဆင်ရုပ်နှင့် ၁၉၉၀ နောက်ပိုင်းတွင် ငွေစက္ကူ အမျိုးအစား ၁၀၀၀ ကျပ်အထိ ခြင်္သေ့ ရုပ်များဖြင့် လဲလှယ်ဖေါ်ပြခဲ့ကြောင်း၊ ကျပ် ၁၀၀၀၀ တန်ကိုမူ မြန်မာနိုင်ငံ တံဆိပ်ဖြင့် ရိုက်နှိပ်ခဲ့ကြောင်း၊ နောက်ကျောစာမျက်နှာများတွင်မူ ကရဝိတ်ပုံ , ခြင်းခတ်နေပုံ , ကန်တော်ကြီးတွင် လှေလှော်နေပုံ , ပြည်သူ့ဥယျာဉ်နှင့် ဆင်ရေပန်းပုံ , မြန်မာ့ယွန်းအစ်ပုံ , သစ်ဆွဲဆင်ပုံ , မဟာဗန္ဓုလပုံ , ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌါနပုံ , ပြည်ထောင်စုလွှတ်တော်ပုံ , မန္တလေး နန်းတော်မုဒ်ဦးပုံ စသည်ဖြင့် လေ့လာသိရှိရကြောင်း ဖော်ပြထားသည်။

KNU က သုံးသပ်ချက်အနေဖြင့် ၁၉၄၄ ခုနှစ်မှ စ၍ ၂၀၂၀ ပြည့်နှစ်ယနေ့ခေတ်အထိ မျက်နှာစာများတွင်လည်းကောင်း နောက်ဘက်စာမျက်နှာတွင်လည်ူကောင်း ပြည်ထောင်စုဝင် ပြည်နယ် ၇ခု နှင့် ပတ်သက်သည်မှာ၁၉၆၅ ခုနှစ်ထုတ် ၁ကျပ်တန်ကျောဘက်တွင် အင်းလေးကန်ပုံ၊ ၁၉၉၀ ခုနှစ်ထုတ် ၂၀၀ ကျပ်တန်ကျောဘက်တွင် သစ်ဆွဲဆင်ပုံ၊၂၀၀၉ ခုနှစ်ထုတ် ကျပ်၅၀၀၀ တန်ကျောဘက် ပြည်ထောင်စုလွှတ်တော်ပုံ၊ ထို၃မျိုးတွင်သာ ရှားရှားပါးပါးတွေ့ရပြီးပြည်နယ်လူမျိုးစုစစ်စစ်နှင့် တိုက်ရိုက်ပတ်သက်ခြင်းကို၁၉၆၅ ခုနှစ်ထုတ်၁ကျပ်တန်တွင်သာ တွေ့ရှိ ရသည်မှာ မငြင်းနိုင်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုသားအချင်းချက်း အတူတကွ အေးအတူ ပူအမျှ နေထိုင်လာခဲ့သည်ဆိုလျှင်အဘယ်ကြောင့် ပြည်နယ်နေ ကျန်လူမျိုးရစု၏ အမျိုးသားခေါင်ူဆောင်များနှင့် အမျိုးသားလက္ခဏာများ . ယဉ်ကျေးမှု ပုံရိပ်များ မထည့်ရသနည်းအလွန်မေးချင်စရာ ကောင်းသော မေးခွန်းပင်ဖြစ်ကြောင်း KNC က မေးခွန်းထုတ်ထားသည်။

ဒုတိယအချက် အနေဖြင့် နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ပို၍ ဆိုးဝါးကြောင်း၊ ငွေစက္ကူ များ၏ ကျောဘက် စာမျက်နှာတွင်၁၉၄၄ ခုနှစ်ကတည်းက သုံးနှုန်းရေးသားခဲ့သော ” ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ် ” ဆိုသောစကားရပ်အစား၁၉၉၀ ပြည့်နှစ် စစ်အစိုးရလက်ထက်မှ စ၍ပြည်ထောင်စု ဆိုသောစကားလုံးကို ပြောင်ပြောင်တင်းတင်း ဖြုတ်ပစ်ပြီး ” မြန်မာနိုင်ငံတော် ဗဟိုဘဏ် ” ဟု ပြောင်းလဲရိုက်နှိပ်ခဲ့ပြီး ပြည်ထောင်စုသဘောကို ဖျောက်ဖျက်လိုသော ပုံသဏ္ဍန် ပြုလုပ်ခဲ့ကြောင်း ၊ထူးခြားသည်မှာစစ်အစိုးရဖြစ်၍ Defacto Government ဖြစ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဒီမိုကရေစီ အစိုးရနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ထူထောင်သွားမည်ဟု ကတိပေးထားသည့် NLD အစိုးရကိုယ်တိုင် ၎င်းလက်ထက်တွင် ထုတ်ဝေသည့် ကျပ်၁၀၀၀ တန် ( ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလ ၄ရက်နေ့ထုတ် ) နှင့် ဇူလိုင်လ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေမည့် ကျပ်၅၀၀ တန်တို့တွင်လည်း စစ်အစိုးရ၏ အသုံးအနှုန်း ” မြန်မာနိုင်ငံတော်ဗဟိုဘဏ် ” ဟုသာ ဆက်လက်သုံးစွဲ ထားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရကြောင်း သုံးသပ်တင်ပြထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်သုံးစွဲ ရမည်ကို မည်သည့်အတွက်ကြောင့် မသုံးစွဲသနည်းဟုလည်းကောင်း၊ ၂၀၀၈ အခြေခံဥပဒေ ၏ နိုင်ငံတော်အခြေခံမူအခန်း၁ ပုဒ်မ ၂တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်ဟု ပြဌါန်းချက်နှင့် ဆန့်ကျင်နေသလားဟုလည်းကောင်း မေးခွန်းထုတ်လိုက်သည်။

KNC ၏ အကြံပြုချက်တွင် ဖော်ပြပါ အကြံြ့ပုချက် ၂ ချက်အပြင် အခြားပြည်နယ်၆ပြည်နယ်မှ လူမျိုးစုများလည်း မိမိတို့ပြည်ထောင်စုအတွင်း လှည်လည်သုံးစွဲနေသော ငွေကြေး၏ ဝိသေသန ပုံရိပ်သည် အားလုံးနှင့် သက်ဆိုင်ပါသောကြောင့် အထူးဂရုပြု စဉ်းစားသင့်ကြောင်း ၊ KNC ၏ တိုက်တွန်းချက်များကိုလည်း ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအနှစ်သာရပြည့်ဝရေး၊ ဖက်ဒရယ်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကဏ္ဍများအတွက်အထူးပြန်လည်သုံးသပ်သင့်ကြောင်းလည်း ဖော်ပြ တိုက်တွန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts