All News Local News

ကိုဗစ်သတင်းရေးသားမှုဖြင့် ရန်ကုန်ခေတ်သစ်သတင်းထောက် ဦးဇော်မင်းကို ထွေ/အုပ်က တရားစွဲထားမှု ၂ ရက်ဆက်တိုက် တရားလိုပြသက်သေများကို တရားရုံးစစ်ဆေး၊ ဇွန်လ ၂၂ ရက်နေ့ ရုံးချိန်းပြန်ချိန်း

ကိုဗစ်သတင်းရေးသားမှုဖြင့် ရန်ကုန်ခေတ်သစ်သတင်းထောက် ဦးဇော်မင်းကို ထွေ/အုပ်က တရားစွဲထားမှု ၂ ရက်ဆက်တိုက် တရားလိုပြသက်သေများကို တရားရုံးစစ်ဆေး၊ ဇွန်လ ၂၂ ရက်နေ့ ရုံးချိန်းပြန်ချိန်း

ရန်ကုန်၊ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးဇော်မင်းကို ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ သတင်းရေးသားမှုဖြင့် ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲမှုကို ၂ ရက်အတွင်း ပျော်ဘွယ်မြို့နယ်တရားရုံးက တရားလိုပြသက်သေများကို ဆက်တိုက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် သတင်းထောက်ဦးဇော်မင်းက ” ပျော်ဘွယ်တွင် ပြည်ပမှ ပြန်လာသော Quarantine စောင့်ကြည့်ခံရသူ ၉ ဦးကို နေ့လယ်စာထမင်းကျွေးမည့်သူမရှိ၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာလည်း မရှိ” ဆိုသော သတင်းကို ပေးပို့ ဖော်ပြခဲ့ရာ ပျော်ဘွယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချမ်းအောင်က တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၇ ဖြင့် သတင်းထောက် ဦးဇော်မင်းကို တရားစွဲဆိုခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ၂ ရက်ဆက်တိုက် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ကြောင်း
သိရှိရသည်။

“မနေ့က ကျနော့်ကို အမှုစစ်က ဖုန်းဆက်ခေါ်တယ်။ စခန်းကနေ တရားရုံးရောက်တော့ တရားရုံးက နေ့လယ်မှာ စစစ်တယ်။ တရားလိုပြသက်သေ ၄ ဦးကို စစ်တယ်။ ညနေမှ တရားရုံးက ကျနော့်ကို အာမခံပေးတယ်။ ဒီနေ့ ထပ်ရုံးချိန်းတယ်။ ချိန်းပြီးတော့ တရားလိုပြသက်သေ ၆ ဦးကို ထပ်စစ်တယ်။ နံနက်ပိုင်းမှာ ကျနော်က ရှေ့နေ ငှားချင်တယ်ပြောတော့။ မနေ့ကတည်းက လုပ်ရမယ့်ကိစ္စပေါ့။ ၁၅ မိနစ်အတွင်း ရှေ့နေ ငှားပြီး ပါဝါတင်ဖို့ပြောတယ်။ ကျနော် လုပ်လို့မရဘူးလေ။ အဲဒီတော့ ထိုင်နေလိုက်တယ်။ တရားလိုဘက်ကတော့ သက်သေတွေ အကုန်စစ်ပြီးပြီ” ဟု ဦးဇော်မင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တရားရုံးက ရုံးချိန်းကို ဇွန်လ ၂၂ ရက်နေ့ ထပ်မံ ချိန်းဆိုထားပြီး ရှေ့နေ ငှားရမ်းပြီး ပြန်လည် ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ဦးဇော်မင်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဦးဇော်မင်းသည် ပျော်ဘွယ်မြို့နယ် COVID-19 စောင့်ကြည့်ကာကွယ်ရေးကော်မတီ မှ စေတနာဝန်ထမ်း (Volunteer) အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ထမ်းဆောင်နေသူဖြစ်ပြီး ကိုဗစ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေသူဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts