All News China Watch Local News

ကိုဗစ်ရိုက်ခတ်မှု ပြန်လည်ထူထောင်ရေး ပြည်ပချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရထားပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလီယံကျော်ခွင့်ပြုထားဟုဆို

ကိုဗစ်ရိုက်ခတ်မှု ပြန်လည်ထူထောင်ရေး ပြည်ပချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရထားပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလီယံကျော်ခွင့်ပြုထားဟုဆို

ရန်ကုန်၊ ဇွန် ၁၆

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ပြည်ပချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရရှိထားပြီး ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၈ လတာကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ခွင့်ပြုထားပြီးဖြစ်ကြောင်းရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဦးသောင်းထွန်း က ပြောဆိုလိုက်သည်။

ယနေ့ နံနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်း ဆွေးနွေးပွဲတွင် ဝန်ကြီးက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

ဝန်ကြီးဦးသောင်းထွန်းက မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အပိုင်း ၃ ပိုင်း ခွဲခြမ်း၍ ပြောဆိုသွားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ချေးငွေများ ထုတ်ပေးသည့် ကိစ္စများကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။

“စီးပွားရေးထိခိုက်မှု အများဆုံးခံနေရတဲ့ လုပ်ငန်းသုံးရပ်ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးပေးဖို့ ရန်ပုံငွေ ကျပ်ဘီလီယံ ၁ဝဝကို ကျွန်တော်တို့ ထူထောင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာ မြန်မာနိုင်ငံသားပိုင်တဲ့ လုပ်ငန်းများကို သက်သာသော အတိုးနှုန်း ၁ရာခိုင်နှုန်းဖြင့် သင်္ကြန်ကာလတုန်းကစပြီးတော့ ထုတ်ချေးခဲ့ပါတယ်။ယနေ့ထိဆိုရင်တော့ လုပ်ငန်းပေါင်း ၃ဝဝဝ ကျော်ကို ချေးငွေ ပမာဏာကျပ် ၈၆ ဘီလီယံံကျော် ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်” ဟု ဦးသောင်းထွန်းက ပြောဆိုသည်။

စီးပွားရေးလုပ်ငန်းများသို့ ချေးငွေများအပါအဝင် ဘဏ်တိုးနှုန်းနှင့် အခွန်အခများကိုလျှော့ချမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဝင်ငွေခွန် နဲ့ ကုန်သွယ်ခွန် ပေးဆောင်ရမယ့် ကာလကို ရွေ့ဆိုင်းသတ်မှတ်ခြင်း ပို့ကုန်ပေါ်မှာ ပေးဆောင်ရတဲ့ ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်းတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ဘဏ်တိုးနှုန်းကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းအထိ အဆင့်ဆင့် လျှော့ချပေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်များက မြန်မာ့ကျပ်ငွေဖြင့် ထားရှိရတဲ့ အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်ကို ၅ရာခိုင်နှုန်းကနေပြီးတော့ ၃ ဒသမ ၅ ရခိုင်နှုန်းထိ လျော့ချသတ်မှတ်ပေးထားတာရှိပါတယ်။ နောက်တစ်ခုကတော့ အရေးကြီးတဲ့ တစ်ခုပါ ဒါကတော့ ဆေးနဲ့ ဆေးပစ္စည်း ကရိယာများကို ကုန်သွယ်လုပ်ငန်းခွန်တွေကို ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဟိုတယ်နဲ့ ခရီးလုပ်ငန်း ဝန်ကြီးဌာနကလည်း လုပ်ငန်းများအပေါ်ကောက်ခံတဲ့ လုပ်ငန်းလိုင်စင်ကြေးများကို ယခုနှစ်ကုန်ထိ ကင်းလွတ်ခွင့်ပေးထားပြီးဖြစ်ပါတယ်” ဟု ဝန်ကြီးဦးသောင်းထွန်းက ဆိုသည်။

ကိုဗစ်ကပ်ဘေးရိုက်ခတ်မှုကြောင့် ထိခိုက်သွားသော စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် ပြည်ပ ချေးငွေ ၁ ဒသမ ၂၅ ဘီလီယံရရှိထားပြီးဖြစ်ကြောင်း၊ ချေးငွေ ရရှိခြင်းသည် Macroeconomic တည်ငြိမ်၍ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ် ၁၉ကြောင့် ထိခိုက်သွားတဲ့ နိုင်ငံရဲ့ စီးပွားရေးပြန်လည်ထူထောင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့က ဒီငွေကြေးပမာဏလိုပါတယ်။ အဲဒီအတွက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေ IMF မှအမေရိကန်ဒေါ်လာ သန်း ၇ဝဝ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၇ဝ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၅ဝ အာရှဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၃ဝ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ကျွန်တော်တို့ ရရှိထားပြီးဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေကေနပြီးတော့ ချေးငွေ ပံ့ပိုးဝင်ငွေ ရရှိတာဟာ မြန်မာနိုင်ငံရဲ့ macroeconomic အခြေအနေ တည်ငြိမ်လို့လည်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ယခု ဘဏ္ဍာနှစ် ၈ လကာလတာအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ခွင့်ပြုပြီးဖြစ်ကြောင်း ၎င်း၏အ ဆိုအရ သိရှိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ကြည့်မယ်ဆိုရင်တော့ ယခင်နှစ် ၂ဝ၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံ ကျွန်တော်တို့ ခွင့်ပြုခဲ့ပါတယ်။ အခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ မေလအထိ ၈လတာ ကာလအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းတွေရှိနေတဲ့အတွက် ကိုဗစ် ၁၉ ကာလအလွန်မှာတောင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပျက် စီးဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်။ အခုနှစ်မှာ လျာထားချက်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကို သတ်မှတ်တဲ့ကာလအတွင်း ပြည့်မီနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခု ဘဏ္ဍာရေးနှစ်၏ ၈ လတာကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၆၈၀၀၀ ကျော်ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဘဏ္ဍာရေးနှစ်မှာ မေလထိ စုစုပေါင်း အလုပ်အကိုင်အခွင့်အလမ်းများ အားလုံးပေါင်းလိုက်ရင် တစ်သိန်းခြောက်သောင်းရှစ်ထောင်ကျော် ကျွန်တော်တို့ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးသောင်းထွန်းက ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts