All News Local News

ကချင်ပြည်နယ်တွင် ဇွန်လအတွင်း ပြည်တွင်းကူးစက်မှုပုံစံဖြင့် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂ ဦးရှိလာပြီ

ကချင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုပုံစံဖြင့် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂ ဦးရှိလာပြီ

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်တွင် အလုပ်လုပ်ပြီး ပြန်သွားသည့် ရှမ်းပြည်နယ်၊ ဆီဆိုင်မှ လုပ်သားတစ်ဦးနှင့် မိုးမိတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးတွင် ခရီးသွားရာဇဝင်မရှိ၊ ကိုဗစ်လူနာနှင့် ထိတွေ့မှုမရှိဘဲ ပြည်တွင်းကူးစက်မှုပုံစံဖြင့် ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ပြည်ပခရီးသွား ရာဇဝင်မရှိဘဲ ကိုဗစ် ၁၉ရောဂါ ကူးစက်ခံရသူ လူနာအမှတ်စဉ် ၂၄၅သည် ကချင်ပြည်နယ် မြစ်ကြီးနာမြစ်ဆုံတွင် အလုပ်လုပ်ကိုင်နေသော လမ်းလုပ်သားဖြစ်ကြောင်း ဆီဆိုင်မြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား ဦးခွန်လှသိန်းကပြောဆိုသည်။

“ သူက မြစ်ကြီးနားမြစ်ဆုံက လမ်းလုပ်သားပေါ့။ သူတို့ရောက်တာနဲ့ ကျွန်တော်တို့ Facility Quarantine ဝင်ထားတာပေါ့။ အဲလိုဝင်ထားတော့ သူတို့က ၅ရက်နေ့က သူတို့ဆီက စစ်ဆေးဖို့ နမူနာတွေယူပြီး ၆ရက်နေ့မှာ ရန်ကုန်ကဓာတ်ခွဲခန်းကိုပို့တယ်ပေါ့။ ၉ရက်နေ့ မနက်ကတော့ အဲလို ပိုးတွေ့တယ်ပေါ့။ သူနဲ့အတူပါလာတဲ့ ၄ဦးကတော့ ရောဂါပိုးမတွေ့ဘူးပေါ့။ သူတစ်ယောက်တည်း ပိုးတွေ့တာပေါ့။ ရောဂါဘယ်လို ကူးစက်ခံရတယ်ဆိုတာတော့ မသိသေးဘူး ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ လူနာအမှတ်စဉ် ၂၄၅သည် မေလ ၁၈ရက်နေ့က မြစ်ကြီးနားမြစ်ဆုံက ဆီဆိုင်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး မေလ ၁၉ရက်နေ့တွင် လမ်းခရီး၌ ညအိပ်ကာ မေလ ၂ဝရက်နေ့ မနက်တွင် တောင်သာသို့ရောက်ရှိပြီး တောင်သာ မှ ပခုက္ကူသို့ ထွက်ခွာကာ ပခုက္ကူမှ ဆီဆိုင်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းသွားရောက်ခဲ့သော နေရာများရှိ ထိတွေ့မှုရှိခဲ့သူများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ချိတ်ဆက်ဖော်ထုတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်း ရောဂါပိုးတွေ့ရှိသူနှင့်အတူ ပြန်လည်ရောက်ရှိလာသူ ၄ဦးတွင် ရောဂါပိုးမတွေ့ရှိသော်လည်း ၎င်းနှင့် ထိတွေ့ခဲ့သူ ၈ဦးကို စောင့်ကြည့်မှုများပြုလုပ်နေကြောင်း ဦးခွန်လှသိန်းကဆက်လက်ပြောဆိုသည်။

“ သူတို့တောင်သာကနေပြန်လာတဲ့အဖွဲ့တွေတော့ ကျွန်တော်တို့ မသိဘူး။ အခုကတော့ သူနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုနဲ့ သူအပါအဝင် ၇ဦးမှာ ၄ဦးကတော့ ရောဂါးပိုးမတွေ့ဘူးပေါ့။ ကျန်တဲ့ကလေးတွေကတော့ စစ်ဆေးတုန်းပဲဖြစ်မယ်ထင်တယ်။ လောလောဆယ်စောင့်ကြည့်နေတာကတော့ သူရယ်။ သူ့အမျိုးသမီးရယ်။ ကလေးရယ်ဆိုတော့ ၅ဦးပေါ့။ နောက်ပြီးတော့ သူသွားခဲ့တဲ့အိမ်က သူနဲ့ထိတွေ့ခဲ့တဲ့သူတွေနဲ့ဆိုရင် အားလုံးပေါင်း ၈ဦးလောက်ရှိမယ်။ အဲဒီ၈ ဦးကိုစောင့်ကြည့်မှုတွေလုပ်နေတယ်” ဟု ၎င်းကပြောဆိုသည်။

လူနာအမှတ်စဉ် ၂၄၅သည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းနေထိုင်ရာနေရာကို လက်ရှိချိန်တွင် Lock Down ပြုလုပ်ထားကြောင်းသိရသည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် လူနာအမှတ်စဉ် ၂၄၉ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါ အမျိုးသမီးသည် ခရီးသွားရာဇဝင်လည်းမရှိဘဲ ကိုဗစ်လူနာနှင့်လည်း ထိတွေ့မှုမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ အမျိုးသမီးသည် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး နယ်စပ်ဂိတ်တွင် ပြန်ဝင်လာသူများကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးရသူဖြစ်ကြောင်း လူမှုကွန်ရက်တွင် သတင်းပြန့်နှံ့နေသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts