All News Local News

COVID-19 တုံ့ပြန်မှု အစိုးရစီမံခန့်ခွဲမှု အားနည်းဟု တပ်ကိုယ်စားလှယ် ဝေဖန်ချက် မဟုတ်မှန်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး တုံ့ပြန်

COVID-19 တုံ့ပြန်မှု အစိုးရစီမံခန့်ခွဲမှု အားနည်းဟု တပ်ကိုယ်စားလှယ် ဝေဖန်ချက် မဟုတ်မှန်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး တုံ့ပြန်

ရန်ကုန်၊ မေ ၂၂

COVID-19 ရောဂါနှင့် ပတ်သက်ပြီး အစိုးရ၏ စီမံခန့်ခွဲမှု ကြိုတင်မျှော်တွေးနိုင်စွမ်းနှင့် ပညာရှင်များကို အသုံးချနိုင်စွမ်းအားနည်းမှုစသည့်လိုအပ်ချက်များရှိနေသည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၏ ဝေဖန်ချက်သည် မဟုတ်မှန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြန်လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ကပြုလုပ်သည့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှအမေရိကန်ဒေါ်လာသန်း ၅ဝ ချေးငွေရယူရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၏ ဝေဖန်ပြောဆိုခြင်းများကို ၎င်းကပြန်လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“ ဗိုလ်မှူးဝင်းမင်းထွန်းကမေးပါတယ်။ စီမံချက်များ ရေးဆွဲထားမှုနောက်ကျခြင်း၊ ချေးငွေရရှိမှု အခြားနိုင်ငံတွေထက် များစွာနောက်ကျခြင်း၊ အစိုးရ၏ စီမံခန့်ခွဲမှု ကြိုတင်မျှော်တွေးနိုင်စွမ်း ပညာရှင်များကို အသုံးချနိုင်စွမ်းနည်းပါမှုတဲ့ ကျွန်တော်တို့အနေနဲ့ HEALTH SECTOR CONTINGENCY PLAN (ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်) ဆိုပြီးတော့ အင်္ဂလိပ်၊ မြန်မာ ၂၁ရက် မတ်လ တည်းက ကျွန်တော်လက်မှတ်ထိုးပြီးတော့ ဒါတွေထွက်ထားပါတယ်။ ၂၁ရက်မတ် အင်္ဂလိပ်က ၂၁ရက်၊ ဗမာလိုက ၂၂ပါ။ ဒီစာအုပ်နှစ်အုပ်မှာ ကျွန်တော်အသေးစိတ်ရေးထားပါတယ်။ နောက်တစ်ချက်က စီမံခန့်ခွဲမှုနည်းတယ်ဆိုတာက မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်အစည်းအဝေးလုပ်ပါတယ်။ video conferencing လုပ်ပါတယ်။ ကျွန်တော်တို့က ဘယ်ကစလည်းဆိုတော့ ဇန်နဝါရီ ၂၄ရက်နေ့ကစပြီးတော့ မေလ ၂ရက်ထိလုပ်ပါတယ်။ အဲဒီမှာ ကျွန်တော်ပြောကြားချက်တွေ တစ်ထောင်ကျော်ရှိပါတယ်။ အကုန်လုံးဒါတွေဟာ video conferencing လုပ်တယ်။ teleconferencing လုပ်တယ်။ အကုန်လုံးဒါ ညွန်ကြားချက်တွေပါ။ ကျွန်တော်ပြောတဲ့ အချက်တစ်ထောင်ကျော်ထဲက အချက်တွေကို ကျွန်တော်တို့မှာရှိတဲ့ တိုင်းဦးစီးမှူးတွေ ဆေးရုံတွေ အချိန်နဲ့တပြေးညီပါ။ အချက်တွေအကုန်လုံး စုစည်းပေးထားပါတယ်။ ဒီစာအုပ်ဟာလည်း internet website မှာရှိတဲ့အတွက် ဒီမှာပြောတဲ့ စီမံခန့်ခွဲမှု မညံ့ပါဘူး။ စီမံချက် လုံးဝမညံ့ပါဘူး။ အဲတာရှိပါတယ်။ video conferencing လုပ်တယ်ဆိုတာ ကျွန်တော်တို့ သူတို့ကို အချိန်နဲ့ တပြေးညီ သူတို့ကိုပေးနေတာ ဘာလုပ်ဘာလုပ် ဘာကြောင့်ဒီလိုပေးရလည်းဆိုတော့ ဒီကပ်ရောဂါဗေဒဖြစ်လာရင် စဖြစ်တဲ့အချိန်မှာလုပ်တဲ့ လုပ်ငန်း activity နဲ့ အခုချိန်မှာလုပ်တာနဲ့ လုံးဝမတူပါဘူး” ဟု ၎င်းက ပြန်လည်ပြောဆိုသည်။

ထို့ပြင် ဗိုလ်မှူးဝင်းမင်းထွန်းက ယနေ့ ကမ္ဘာပေါ်တွင် ဆားစ် နှင့် ကိုဗစ်၁၉ စသည့် ရောဂါများသည် ကပ်ရောဂါအသွင် မကြာခဏဖြစ်နေသည်ကို တွေ့မြင်ရသည့်အတွက် အဆိုပါချေးငွေများကို ဆေးရုံများ အဆင့်မြင့်တင်ရုံမက ကူးစက်ရောဂါ အထူးကုသီးခြားဆေးရုံတွေကို တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိသိလိုကြောင်း မေးမြန်းခဲ့သည်။

ထိုပြောကြားချက်နှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ထွေးက SARS နှင့် COVID 19 ကပ်ရောဂါ မကြာခဏ ဖြစ်နေသည်ကို တွေ့နေရသည်ဆိုတော့အချက်သည် မည်သည့်အထောက်အထားဖြင့် ပြောဆိုသည်ကို သိရှိလိုကြောင်း၊ SARS ရောဂါသည် ၂ဝဝ၃၊ ၂ဝဝ၄တွင် တစ်ကြိမ်သာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါသည် လက်ရှိချိန်မှဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းဆိုလိုသော မကြာခဏဖြစ်သည်ဆိုသည်မှာ မိမိအနေဖြင့် မသိရှိကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုသည်။

Photo Credit – MOHS

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts