Local News Peace political news

AA သတင်းဖော်ပြသော သတင်းသမားများ အကြမ်းဖက် ဥပဒေနှင့် မငြိစွန်းဟု ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် ထုတ်ပြော

AA သတင်းဖော်ပြသော သတင်းသမားများ အကြမ်းဖက် ဥပဒေနှင့် မငြိစွန်းဟု ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် ထုတ်ပြော

ရန်ကုန်၊ မေ ၈

AA သတင်းဖော်ပြခဲ့သော သတင်းသမားများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒနှင့် အမှုဖွင့်ထားသော်လည်း သတင်းသမားများသည် ယင်းဥပဒေနှင့်ငြိစွန်းမှုမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်တို့က တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

RFA သတင်းဌာနနှင့် ယမန်နေ့က ပြုလုပ်သော “လွတ်လပ်စွာ သတင်းရယူတာဟာ အကြမ်းဖက်မှုကို အားပေးရာရောက်နေသလား” ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ၎င်းတို့ နှစ်ဦးစလုံးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက AA အင်တာဗျူးဖော်ပြသော သတင်းသမားများသည် ဥပဒေနှင့် ငြိစွန်းကြောင်း ပြောဆိုပြီး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်ရန် ညွှန်ကြား ထားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ ဦးဇော်ဌေး၏ ပြောကြားချက်ကို သဘောမတူဘဲ သတင်းသမားများသည် အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းမှု မရှိဟု ပြောဆိုသည်။

” ယေဘုယျပြောရရင်တော့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သတင်းရေးသားတာက ဥပဒေကို မချိုးဖောက်ဘူးလို့ မြင်ပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ပတ်သက်လို့ ကိုဇော်ဌေးပြောတာကို ကျနော်လည်း နားထောင်တယ်။ သူကတော့ ပုဒ်မတွေအရ ဘယ်ပုဒ်မကို ညွှန်းလဲတော့ ကျနော်မသိဘူး။ သို့သော် အကြမ်းဖက်ဥပဒေရဲ့ ပုဒ်မ ၃ မှာ ဖွင့်ဆိုထားတဲ့ လူမျိုးရေး ဘာသာရေးဆိုတဲ့ဟာကို မပါဘူး။ ကိုနေမျိုးလင်းတို့ကို ဖွင့်တယ်ဆိုတဲ့ စာနယ်ဇင်းမှာ တွေ့တဲ့ ပုဒ်မ ၅၀ (က) ၅၂ (က) နဲ့ ပတ်သက်တာဆိုရင်လည်း ပုံမှန်အပိုဒ်ခွဲ ၁၁ တို့ ၁၃ တို့ ၁၆ တို့ ၁၆ ကနေ ၁၈ နောက်ပြီး ၁၄ အဲဒါတွေအားလုံးက အကြမ်းဖက်မှုကို တိုက်ရိုက်ပါဝင်ပတ်သက်တာ ဖျက်ဆီးတာ အကြမ်းဖက်သမားတွေကို အကူအညီပေးတာ တည်းခိုခွင့်ပေးတာ ဒါမျိုးတွေပဲ ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်တွေနဲ့ပတ်သက်လို့ ခုနက ပြောတဲ့ ကိုနေမျိုးလင်းတို့ ကိုသာလွန်ဇောင်းထက်တို့ကို စွဲထားတာက ကျနော့်အနေနဲ့ ပြောရရင်တော့ ငြိတယ်လို့ ပြောဖို့ အတော်ခက်ပါတယ်” ဟု ဝန်ကြီးဟောင်းဦးရဲထွဋ်က ပြောဆိုသည်။

အလားတူ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း သတင်းသမားများသည် အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းမှုမရှိသည်ကို ၎င်းအနေဖြင့် စတင် အမှုဖွင့်ချိန်ကတည်းက ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“အစိုးရက သတ်မှတ်ထားတဲ့ သောင်းကျန်းသူလို့ ဆိုပါစို့။ အဲဒီဟာတွေကို အားပေးအားမြှောက် သဘောမသက်ရောက်ဘူးလို့ ကျနော်ကတော့ ကောက်ချက်ချတယ်။ ဒီကိစ္စအပေါ်မှာတော့ ပြန်ပြီးတော့ စဉ်းစားသုံးသပ်သင့်တယ်လို့ ဒီလိုပဲ အဖြေပေးခဲ့ပါတယ်။ နောက် ဒုတိယအချက်ကတော့ သတင်းမီဒီယာကောင်စီပါ။ ဒါက သတင်းမီဒီယာကောင်စီနဲ့ပတ်သက်တယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာကောင်စီဆိုတာက ဒီကနေ့ ကျနော်တို့ ကာလမှာ သမ္မတကိုယ်တိုင် ဖွဲ့စည်းထားတာ။ ဒါကြောင့်မို့လို့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။

သတင်းသမားများကို အကြမ်းဖက်ဥပဒေနှင့် အမှုဖွင့်မှု ဖြစ်ပေါ်လာခြင်းသည် အစိုးရအနေဖြင့် အကန့်အသတ်များရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခု အစိုးရလက်ထက်ဖြစ်လာတဲ့အခါမှာ အကန့်အသတ်တွေရှိလာခဲ့တယ်။ ကျနော်တို့မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရဆိုသော်ငြားလည်း ကျနော်တို့မှာ အကန့်အသတ်တွေရှိလာတယ်။ သို့သော်လည်းပဲ ကျနော်တို့ ရဲ့ ပင်ကိုစိတ်ထဲမှာကတော့ ကိုယ့်နဲ့ အတူ ထပ်တူ တိုက်ပွဲဝင်ခဲ့တဲ့ သတင်းမီဒီယာသမားတွေအပေါ်မှာတော့ ဘယ်တော့မှ ဒီဟာပေါ်မှာ လျစ်လျူမရှုခဲ့ပါဘူး။ ကျနော်တို့က အာဏာရပါတီဖြစ်သော်ငြားလည်း တစ်စုံတစ်ရာသော အကန့်အသတ်တွေရှိတယ်။ လွှတ်တော်မှာလည်း အကန့်အသတ်ရှိတယ်။ အားလုံးသိတဲ့အတိုင်းပဲ။ အစိုးရမှာလည်း အကန့်အသတ်ရှိနေပါတယ်။ အဲဒီအကန့်အသတ်တွေကိုလည်း ကျော်လွှားနိုင်အောင်လည်း အားလုံးကြိုးစားနေကြတာပါပဲ။ လွှတ်တော်ထဲမှာလည်း ကြိုးစားခဲ့တာပဲ။ အဲလို ကြိုးစားရင်းနဲ့ ဒီလိုပြဿနာတွေ ရှိလာတာကို တွေ့ရတယ်။ ဒါလည်း ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပါ။ ကျနော်တို့ စိတ်ထဲမှာ အမြဲတမ်းခံယူထားတာက ကျနော်တို့သည် စတုတ္တမဏ္ဍိုင် အားကောင်းရေးကို အမြဲတမ်း ရင်ထဲမှာ ရှိပါတယ်။ နှလုံးသားထဲမှာ ရှိပါတယ်။ စတုတ္တမဏ္ဍိုင်အားကောင်းမှ ကျနော်တို့ သွားနေတဲ့ ဒီမိုကရေစီအောင်မြင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု မုံရွာအောင်ရှင်က ဆက်လက်ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ NLD အစိုးရလက်ထက်တွင် သတင်းသမားများကို အကြမ်းဖက်မှုဥပဒေနှင့် အမှုဖွင့်မှုသည် မဖြစ်သင့်သော ကိစ္စဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“ပထမတစ်ခု ၂၀၁၁ -၂၀၁၆ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၆ – ၂၀၂၁ အထိ တာဝန်ယူတဲ့ NLD အစိုးရက တစ်ခုတည်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာပဲ လုပ်ခဲ့ရတာပဲ။ သူတို့ရှိတယ်ဆိုတဲ့ အကန့်အသတ်က ကျနော်တို့လည်း အကန့်အသတ်အောက်မှာပဲလုပ်ခဲ့ရတာပဲ။ အဲဒီတော့ စစ်သား တစ်ပိုင်း ဘောင်းဘီချွတ်တွေလက်ထက်မှာတောင် ဒီလောက် အခြေအနေ မဆိုးခဲ့ဘူးဆိုရင် အခုလက်ထက်မှာ အတိုက်အခံမှာ သတင်းသမားတွေနဲ့ လက်တွဲခဲ့တဲ့ သတင်းသမားတွေရဲ့ စာနာမှုကို ရခဲ့တဲ့ နောက်တစ်ခါ ပြန်ကြားရေးဝန်ကြီးရော ဒုဝန်ကြီးရော သတင်းသမားတွေဖြစ်တယ်။ သတင်းမီဒီယာကောင်စီမှာလည်း ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူတွေ တာဝန်ယူခဲ့တဲ့ အချိန်မှာ ဒီလိုမျိုးအဖြစ်အပျက်မျိုးမဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနက VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်း၊ ခေတ်သစ်အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်၊ Narinjara သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် RFA သတင်းဌာနမှ သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက်ဥပဒေနှင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

Photo Credit – မုံရွာအောင်ရှင်နှင့်ဦးရဲထွဋ် ဖေ့ဘုတ်စ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts