All News Local News

ဧပြီလလျှပ်စစ်မီတာခများ များပြားနေမှု ကမ်ပိန်းပြုလုပ်၍ မြို့နယ် ၄ ခုမှ လက်မှတ်များ ကောက်ခံ ကန့်ကွက်မည်

ဧပြီလလျှပ်စစ်မီတာခများ များပြားနေမှု ကမ်ပိန်းပြုလုပ်၍ မြို့နယ် ၄ ခုမှ လက်မှတ်များ ကောက်ခံ ကန့်ကွက်မည်

ရန်ကုန်၊ မေ ၁၄

ဧပြီလလျှပ်စစ်မီတာခနှုန်းထားများပြားနေသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် လူမှုကွန်ရက် ကမ်ပိန်းပြုလုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄ ခုတွင် လက်မှတ်များကောက်ခံ၍ အစိုးရနှင့် လွှတ်တော်ထံသို့ ကန့်ကွက်ကြောင်း တင်ပြသွားမည်ဟု အဓ္ဓမဝါဒီဆန့်ကျင်ရေးကော်မတီမှ ဦးမြတ်ကျော်ကပြောဆိုသည်။

“ ဧပြီလအတွက်ပေးဆောင်ရတဲ့မီတာခတွေက အရင်လတွေထက်ပေးဆောင်ရတာများနေတယ်။ နောက်တစ်ချက်က ၁၅ဝ ယူနစ်လျှော့တဲ့ကိစ္စ သူက အနောက်ကလျှော့တာလား။ အရှေ့က လျှော့တာလားဆိုတဲ့ကိစ္စ အနောက်ကလျှော့ရင် သုံးထားတဲ့ ယူနစ်တွေထဲက ၁၅ဝ ယူနစ်ကိုနုတ်ပြီးတော့မှ ပိုက်ဆံတွက် အရှေ့ကလျှော့တာကျတော့ မီတာယူနစ် ၅ဝမကျော်ရင် ဘယ်လောက်တို့ ၁ဝဝမကျော်ရင် ဘယ်လောက်တို့ အဲလိုတွေ သတ်မှတ်ထားတာရှိတယ်။ ၂ဝဝကျော်သွားရင် ၁၂၅ကျပ် အဲလိုတွေသတ်မှတ်ထားတာရှိတယ်။ သူတို့က မီတာ ၁၅ဝလျော့တာကို ဘယ်လိုမလှိမ့်တပတ် လုပ်လည်းဆိုတော့ ယူနစ် ၃ဝဝ သုံးထားရင် ၁၅ဝကိုနုတ် ကျန်တာတွက်အဲလိုမဟုတ်ဘဲနဲ့ ဟိုအရှေ့က ၃၅ယူနစ်က စသုံးထားတာကို လျော့တယ်။ ပြောချင်တာပ စေတနာထားပြီး လုပ်တဲ့ပုံစံမဟုတ်ဘူး။ မဖြစ်မနေလျှော့ပေးပါဆိုလို့ လျှော့ရတဲ့ပုံစံမျိုးတွေ့ရတာပေါ့။ ရှေ့လမီတာစာရွက်နဲ့ အခုလမီတာစာရွက်တွေကို ဓာတ်ပုံရိုက်ပြီးတော့ အင်တာနက်ပေါ်မှာ ရင်ဖွင့်တဲ့ပုံစံမျိုး ကမ်ပိန်းသဘောမျိုးလုပ်ဖို့နဲ့ မြို့နယ် ၄မြို့နယ်မှာ လက်မှတ်တွေကောက်ခံဖို့ လုပ်ဖို့တော့ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ လက်မှတ်များကောက်ခံရာတွင် အရှေ့ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လက်မှတ်များကောက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး အသေးစိတ်အစီအစဉ်ကို အဓ္ဓမဝါဒီဆန့်ကျင်ရေးကော်မတီကထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့က တိုင်ထိပ်တွေမှာ ဒစ်ဂျစ်တယ် မီတာဆိုပြီးတတ်တယ်။ ကျွန်တော်တို့ သုံးတဲ့မီတာကို ကျွန်တော်တို့ စစ်ဆေးလို့မရဘူး။ ကိုယ့်မီတာ ဘယ်လောက်သုံးထားတယ်ဆိုတာကို စစ်ခွင့်မရှိဘူး။ သူတို့ဘယ်အချိန်လာဖတ်တယ်ဆိုတာကိုကျွန်တော်တို့မသိဘူး။ ဘယ်လိုဖတ်သွားတယ်ဆိုတာ မသိဘူး။ ဘယ်လိုစနစ်တွေနဲ့ လုပ်ကိုင်နေတယ်ဆိုတာ ဘယ်သူမှမသိဘူး။ စာရွက်ထွက်လာရင်ပေးရတယ်။ မပေးရင် မီးလာဖြတ်တယ်။ ဒါပဲ ဒီ process ကြီးကိုကြည့်ရင် ပြည်သူလူထုပေါ်စာနာပြီးတော့ ကိုယ်ချင်းစာတရားနဲ့ လုပ်တဲ့အခြေအနေတွေ မဟုတ်ဘူး” ဟု ကိုမြတ်ကျော်က ဆက်လက်ပြောဆိုသည်။

ယင်းကောက်ခံမှုမှ ရရှိလာသော လက်မှတ်များကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ကာ လွှတ်တော်တွင် အဆိုတင်သွင်းနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဓ္ဓမဝါဒီဆန့်ကျင်ရေးကော်မတီထံမှသိရသည်။

ဧပြီလတွင် မီတာခများ များပြားနေ၍ ပြည်သူများ ညဉ်းညူနေသည့် ကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ဥက္ကဋ္ဌ) ဦးတင်မောင်ဦးကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းသည့်အခါ ဖုန်းလာရောက်ဖြေဆိုသူက YESC အမှုဆောင်အရာရှိချုပ် ဦးမြင့်သူ ဖုန်းနံပါတ် ပေးကာ ဆက်သွယ်ရန် ပြောဆိုခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရရှိပေ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧပြီလတွင် မီတာခ ယူနစ် ၁၅၀ ကို ငွေကောက်ခံခြင်းမပြုဟု ပြောဆိုခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၅ ရက်အထိ မီတာခ ၇၅ ယူနစ်ကို ငွေကောက်ခံခြင်းမပြုဟု ကြေညာခဲ့ကြသည်။

ဓာတ်ပုံ-လျှပ်စစ်မီတာခ ဆောင်ရန် တန်းစီနေကြသည့် ပြည်သူများ။ Photo Credit- YESC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts