All News Local News

အီးယူက ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းထည့်သွင်းမည့် နိုင်ငံများတွင် မြန်မာပါဝင်

အီးယူက ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းထည့်သွင်းမည့် နိုင်ငံများတွင် မြန်မာပါဝင်

Rise News

ဥရောပသမဂ္ဂ က ငွေကြေးခဝါချမှု အမည်ပျက်စာရင်း ထည့်သွင်းမည့် နိုင်ငံများစာရင်းမူကြမ်းတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း ရိုက်တာက ဖော်ပြခဲ့သည့် သတင်းအရ သိရသည်။

ရိုက်တာ သတင်းဌာနက မေ ၅ ရက်တွင် ဖော်ပြခဲ့သည့် သတင်းတွင် ဥရောပကော်မရှင် ၏ ငွေကြေးခဝါချမှုနှင့် ပတ်သက်သည့် အမည်ပျက်နိုင်ငံများစာရင်း မူကြမ်းကို ကြည့်ရှုခွင့်ရခဲ့ပြီး ယင်းစာရင်းတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်ကြောင်း ဖော်ပြထားသည်။

အီးယူသည် အဆိုပါနိုင်ငံများစာရင်းကို ကြာသပတေးနေ့တွင် အတည်ပြုကြေညာဖွယ်ရှိပြီး ပနားမား၊ ဘဟားမားစ် ၊ဘာဘေးဒိုစ်၊ ဇမ်ဘာဘွေ၊ ကမ္ဘောဒီယား၊ မွန်ဂိုးလီယားတို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ အပါအဝင် စာရင်းတွင်ပါဝင်သော နိုင်ငံများသည် ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုများကို ဖြေရှင်းရန် ပျက်ကွက်ခြင်းကြောင့် ဥရောပသမဂ္ဂ၏ ငွေရေးကြေးရေး စနစ်များကို သိသာထင်ရှားသည့် ခြိမ်းခြောက်မှုများဖြစ်စေကြောင်း ရိုက်တာက ဖော်ပြထားသည်။

အမည်ပျက်စာရင်းပါ နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများသည် အီးယူ၏ ရန်ပုံငွေထောက်ပံ့မှုအသစ်များအတွက် အပယ်ခံရမည်ဖြစ်သည်။

ထို့ပြင် အီးယူ အခြေစိုက် ဘဏ်များနှင့် အခြားငွေကြေးရေးအဖွဲ့အစည်းများသည် ဖောက်သည်ကုမ္ပဏီများကို ယင်းစာရင်းတွင်ပါဝင်သည့် နိုင်ငံများနှင့် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုနီးကပ်စွာစစ်ဆေးရန်လိုကြောင်း ဖော်ပြထားသည်။

သို့သော် အဆိုပါ အရေးယူမှုများအတွက်မှာမူ အောက်တိုဘာလတွင်မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းအရ သိရသည်။

ဥရောပ ကော်မရှင်သည် ငွေကြေးခဝါချမှု အန္တရာယ်များသည့် နိုင်ငံများကို ပိုမိုစစ်ဆေးရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုထပ်မံကြေညာမည့် နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်၊ အီရတ်၊ ယီမင်၊ အီရန်၊ မြောက်ကိုရီးယား ၊ ထရီဒတ်နှင့် တိုဘာဂို တို့လည်းပါဝင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts