All News Local News Peace

အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီး တပ်မတော်က KNU နယ်မြေတွင် အင်အားဖြည့်တင်းတိုးချဲ့နေ၊ တပ်မတော်စစ်ကြောင်းတချို့ ရန်လိုသည့်သဘော လှုပ်ရှားဟု KNU ထုတ်ပြန်

အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီး တပ်မတော်က KNU နယ်မြေတွင် အင်အားဖြည့်တင်းတိုးချဲ့နေ၊ တပ်မတော်စစ်ကြောင်းတချို့ ရန်လိုသည့်သဘော လှုပ်ရှားဟု KNU ထုတ်ပြန်

ရန်ကုန်၊ မေ ၁၅

တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို အခွင့်အကောင်းယူပြီး အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်နေပြီး ယင်းသို့ လုပ်ဆောင်မှုများကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေသဖြင့် အပစ်ရပ်စာချုပ်NCA ကို လိုက်နာရန် KNU ကရင့်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ပြန်၍ တပ်မတော်ကို တိုက်တွန်းလိုက်သည်။

မေလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KNU ၏ ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူလျက် အင်အားတိုးချဲ့ခြင်းများ အထူးသဖြင့် မူတြော်ခရိုင်- တပ်မဟာ ၅ နှင့်ဆက်စပ် တပ်မဟာ ၂ ၊ နှင့် တပ်မဟာ ၇ ဒေသတချို့တွင် ဖြစ်ပေါ်နေကြောင်း၊ ယခင်နှစ်များထက် အင်အားနှစ်ဆဖြည့်တင်းခြင်း၊ တပ်စခန်းသစ်များ တိုးချဲ့ခြင်းများ သည် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေကြောင်း၊ တပ်မတော်အနေဖြင့် NCA အခန်း ၃ အပိုဒ် ၅ ကို လိုက်နာဆောင်ရွက်ရန် လည်း တိုက်တွန်းကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကာကွယ်မှု ပြုလုပ်သည့် သထုံခရိုင်အတွင်းတွင်လည်း နှစ်ဖက် နားလည်မှု လွဲမှားခြင်းဖြစ်စေသော နေရာတချို့အတွက် ညှိနှိုင်းမှု ပြုလုပ်နေသကဲ့သို့ မူတြော်ခရိုင်တွင် တပ်မတော်၏ အင်အားသုံး ဆောင်ရွက်မှုကြောင့် KNU နှင့် တပ်မတော်အကြား ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှုဖြစ်ပွားသည့်အပေါ်တွင်လည်း ဆက်လက်ညှိနှိုင်းလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ကော်ရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ယာယီ ရပ်တန့် သည့် အခြေအနေရင်ဆိုင်နေရပြီး ကပ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက် ညှိနှိုင်းလုပ်ဆောင်နေကြောင်း၊ ယင်းကာလအတွင်း KNU အုပ်ချုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများရှိနေသည့် ခရိုင်၊ တပ်မဟာများအတွင်း တပ်မတော်စစ်ကြောင်းတချို့သည် ရန်လိုသည့် သဘောဆောင်သော လှုပ်ရှားမှုများကို ပိုမိုလုပ်ကိုင်လာကြောင်း၊ ခရိုင်တချို့ရှိ လူထုနေထိုင်ရာ ဒေသများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တပ်မတော်က တောမီးရှို့ခြင်းကြောင့် ဥယျာဉ်များ ပျက်စီးဆုံးရှုံးမှု၊ တောင်ယာစိုက်ပျိုးရန် ပြင်ဆင်ထားသည့်နေရာများ အချိန်မတိုင်မီ မီးလောင်ကျွမ်းရခြင်းများကြောင့် လာမည့်နှစ်တွင် ပြည်သူများ စားရေရိက္ခာလုံခြုံမှု အခက်အခဲ ကြုံရမည့် အန္တရာယ်ရှိကြောင်း၊ အဆိုပါအခြေအနေများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ယုံကြည်မှု လျော့နည်းလာကြောင်း KNU က ထုတ်ပြန်ထားသည်။

KNU အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မှန်ကန်ပြီး တရားမျှတမှုရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပါဝင်ပတ်သက်သူများအားလုံး နှင့်စဉ်ဆက်မပြတ် တွေ့ဆုံ နည်းလမ်းရှာဖွေ ထုတ်ဖော်လျက် ဆွေးနွေးညှိနှိုင်းသည့် ယဉ်ကျေးမှုဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် တရားမျှတစွာ ဖြေရှင်းရေး မူကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားရယူနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များထံ ကြိုးစား၍ ဖုန်းဆက်နေဆဲဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts