Local News Peace political news

အစိုးရလက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် ရခိုင်ပြည်နယ်မှ ထွက်ခွာရန် AA ကြေညာမှု အပေါ် စစ်ဆင်နှိမ်နင်းရေးများ ဆက်လက်ဆောင်ရွက်မည်ဟု သမ္မတရုံးတုံ့ပြန်

အစိုးရလက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် ရခိုင်ပြည်နယ်မှ ထွက်ခွာရန် AA ကြေညာမှု အပေါ် စစ်ဆင်နှိမ်နင်းရေးများ ဆက်လက်ဆောင်ရွက်မည်ဟု သမ္မတရုံးတုံ့ပြန်

ရန်ကုန်၊ မေ ၃၀

ရခိုင်ပြည်နယ်မှ အစိုးရလက်နက်ကိုင်များနှင့် တပ်မတော်တို့ ထွက်ခွာသွားရန် ရခိုင်တပ်တော်AA က ယမန်နေ့ ကထုတ်ပြန်ကြေညာမှုအပေါ် သမ္မတရုံးက ပယ်ချလိုက်ပြီး အကြမ်းဖက်နှိမ်နင်းရေးနှင့်စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောဆိုသည်။

သတင်းထောက်များနှင့် ယနေ့ ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိတလမ်းစဉ်ကို AA က အကောင်အထည်ဖော်နေပြီး ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော မြန်မာအစိုးရ၏ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ AA က လက်မခံလိမ့်မည်မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်မှ အစိုးရလက်နက်ကိုင်တပ်ဖွဲ့အားလုံး ခြွင်းချက်မရှိ လုံးဝထွက်ခွာရန် အသိပေးကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်နက်ကိုင်လမ်းစဉ်သည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ပွဲများရှည်ကြာပြီး ဒေသခံ ပြည်သူများ ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တေ့ွဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ပြောဆိုသည်။

“AA ဆိုတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့သမျှတစ်လျှောက်လုံး EAO တွေထဲမှာ ဘယ် EAO မှ မတူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီတော့ အဲဒါကြောင့်လည်း AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ နောက်ဆုံး AA က Statement ထုတ်တယ် အုပ်ချုပ်ရေးယန္တရားတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ဆိုတဲ့ဟာတွေပေါ့။ ကျနော်တို့ အနေနဲ့ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေမှာ လက်နက်ကိုင်လမ်းစဉ်က အောင်မြင်မှာမဟုတ်ဘူး။ နှစ်ကြာရင် ကြာမယ်။ စစ်ပွဲတွေ မပြီးပြတ်ရင် မပြီးပြတ်မယ်။ သို့သော်ဒေသခံလူထုနဲ့ ဒေသက လူငယ်တွေ အားလုံးဒုက္ခရောက်မှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ Bilateral Ceasefire ရဖို့ ကမ်းလှမ်းပါတယ်။ ကမ်းလှမ်းတော့လည်း မြစ်ကြီးနားလုပ်မယ်။ ကျိုင်းတုံမှာလုပ်မယ်။တရားဝင်ဆွေးနွေးပွဲကြီးတွေ မလုပ်ခင် အလွတ်သဘောဆွေးနွေးပွဲတွေကို လုပ်ဖို့ မေးပါတယ်။ သို့သော်တုံ့ပြန်မှုက အားရစရာမရှိဘူး။ တိုင်းရင်းသားအခွင့်အရေးကို လက်နက်ကိုင်တောင်းဆိုတာမဟုတ်တော့ဘူး။ အဲဒါကြောင့် အကြမ်းဖက်လုပ်ရပ် လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ဒီအပေါ်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့တော့ အစိုးရအနေနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး ဒါတွေကို တပ်မတော်က ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ သို့သော်လည်းပဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုမ ပိတ်ထားဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်းကျနော်တို့ မကြာသေးခင်ကပဲ Peace Creation Group ကနေ ထပ်မေးတယ်။ တွေ့ဆုံဆွေးနွေးရေး လိုလိုလားလားရှိရဲ့လား မေးပါတယ်။ လတ်တလော တုံ့ပြန်မှုက အားရစရာအခြေအနေမရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ယမန်နေ့ က ရသေ့တောင်ရှိ သဇင်မြိုင်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း၊ အမျိုးသမီး ၂ ဦးနှင့် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ငွေလေးသောင်းပေး၍ ပြန်လွှတ်ပေးလိုက်ကြောင်း၊ မေလ ၂၉ ရက်နေ့ ကလည်း ရသေ့တောင်မြို့နယ်၊ ဈီးကုန်းတန်းကျေးရွာမှ ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts