All News Local News Peace

အကြမ်းဖက်ဥပဒေ ဖြင့် အမှုဖွင့်ခံရသော တောင်ကုတ် ANP ဒုတိယဥက္ကဋ္ဌ ၊စည်ပင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ချုပ်ရက် ရမန်ပြည့်သော်လည်း တရားရုံးရောက်မလာ၊ စည်ပင်ဥက္ကဋ္ဌ၏ ညီ ထပ်မံ ဖမ်းဆီးခံရ

အကြမ်းဖက်ဥပဒေ ဖြင့် အမှုဖွင့်ခံရသော  တောင်ကုတ် ANP ဒုတိယဥက္ကဋ္ဌ ၊စည်ပင်ဥက္ကဋ္ဌ အပါအဝင်  ၃ ဦး ချုပ်ရက် ရမန်ပြည့်သော်လည်း တရားရုံးရောက်မလာ၊ စည်ပင်ဥက္ကဋ္ဌ၏ ညီ ထပ်မံ ဖမ်းဆီးခံရ
 
ရန်ကုန်၊ မေ ၂၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ပါတီဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာကျော်၊ ယခင်စည်ပင်ဥက္ကဋ္ဌ ဟောင်း ဦးဆန်းငွေတို့ကို ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် မေလ ၁၁ ရက်နေ့က ဖမ်းဆီး အမှုဖွင့်ပြီး ချုပ်ရက်ရမန် ၁၄ ရက်ယူခဲ့ပြီး ယနေ့ ချုပ်ရက် ရမန်ပြည့်ချိန်တွင်မူ တောင်ကုတ်တရားရုံးသို့ ရုံးထုတ်လာခြင်းမရှိကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများထံမှ စုံစမ်းသိရှိရသည်။

ရဲတပ်ဖွဲ့က မေလ ၁၁ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ၁၄ ရက်တိတိ ချုပ်ရက်ရမန်ယူခဲ့သော်လည်း ယနေ့ ချုပ်ရက် ပြည့်သည့်နေ့တွင်  ၎င်းတို့ကို တောင်ကုတ်မြို့နယ်တရားရုံးသို့ ရုံးထုတ်လာခြင်း ၊ ခေါ်ဆောင်လာခြင်းမရှိကြောင်း ဦးဇေယျာကျော်၏ မိတ်ဆွေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်သီဂီမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနက သို့ပြောဆိုသည်။

“ဒီနေ့က ရမန်ပြည့်တဲ့နေ့ဆိုတော့ တရားရုံး ရောက်မလာဘူး။ အဲဒါ မေးတော့ အကြမ်းဖက် ပုဒ်မ ၅၀ (က) နဲ့စွဲဖို့ သက်သေအထောက်အထားမခိုင်လုံလို့ ကိုယ်ပိုင်ခံဝန်နဲ့ လွှတ်လိုက်တဲ့စာ ရောက်တယ်လည်း ပြောတယ်။ ရဲကိုမေးတော့လည်း ဘယ်မှာရှိမှန်းမသိဘူး။ သူတို့က ဖမ်းခံရတဲ့နေ့ကတည်းက နယ်ကျော်ပြီး ဘယ်ခေါ်သွားတာလဲ ကျမတို့လည်းမသိဘူး ။ အခုက ရမန်ပြည့်ပေမယ့် တရားရုံး ရောက်မလာဘူး။ ဘယ်မှာလဲဆိုတာလည်း ဘယ်သူကမှ တိတိကျကျ မဖြေဘူး” ဟု ဒေါ်သီင်္ဂီမောင်က ပြောဆိုသည်။

ဖမ်းဆီးခံရထားသူ ၃ ဦးအနက်မှ စည်ပင်ဥက္ကဋ္ဌ ဦးဇေယျာကျော်၏ ညီဖြစ်သူ ဦးမိုက်ကယ်ကို ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က နေအိမ်တွင်မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ဖမ်းသွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီဘက်မှာ(တရားရုံး) အားလုံးက အာရုံစိုက်နေချိန်မှာ လာဖမ်းသွားတာပဲ။ ဖမ်းခံရတဲ့ ကိုမိုက်ကယ်က ဦးဇေယျာကျော်ရဲ့ ညီအရင်း ။ တစ်အိမ်တည်းအတူနေတာ။ သူက အိမ်ရှေ့မှာ ဆိုင်လေးဖွင့်တယ်။ ဒီနေ့ ရဲက မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာ။ ဘာဖြစ်လို့ ခေါ်တာလဲ၊ ဘာအမှုနဲ့ ခေါ်လဲ ဒါလည်း မသိဘူး။ ဖမ်းသွားတော့ သေချာပါတယ်” ဟု ဒေါ်သီင်္ဂီမောင်က ဆက်လက် ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် အကြမ်းဖက်ဥပဒေနှင့် အမှုထားသော ၃ ဦး ရမန်ပြည့်သော်လည်း ရုံးထုတ်ခြင်းမရှိသည့်ကိစ္စ၊ ဦးမိုက်ကယ် ထပ်မံ ဖမ်းဆီးသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် တောင်ကုတ်မြို့နယ်ရဲစခန်းကို ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- မေလ ၁၁ ရက်နေ့က ဖမ်းဆီးခံရသည့် တောင်ကုတ်ANP ပါတီဒုတိယဥက္ကဋ္ဌ ၊ စည်ပင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို တွေ့ရစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts