All News Local News

သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားသူများနှင့်ဒေသခံများ ကန့်ကွက်နေသော တီကျစ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ နိုင်ငံအတွက် အကျိုးဖြစ်ထွန်း ဟုဆို

သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားသူများနှင့်ဒေသခံများ ကန့်ကွက်နေသော တီကျစ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ နိုင်ငံအတွက် အကျိုးဖြစ်ထွန်း ဟုဆို

By RisE News

ရှမ်းပြည်နယ်တွင် ဒေသခံများ နှင့် အရပ်ဖက် အဖွဲ့အစည်းများ အစဉ်တစိုက် ကန့်ကွက်နေသော တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ သည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းကယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ အရင်က ဒီစက်ရုံ ကို ဌာန က လည်ပတ်တုန်းကစက်တစ်လုံး ကို ၂၅ မဂ္ဂါဝပ် နဲ့ နှစ်လုံး ကို ၅၀ ကိုလည်ဖို့ တော်တော်လေး ကြိုးစားပြီးဆောင်ရွက်ခဲ့ရပါတယ်။ အခု ကုမ္ပဏီ အနေနှင့် ဆောင်ရွက်တဲ့ အခါမှာ တစ်လုံးကို ကို ၅၀ မဂ္ဂါဝပ် နဲ့ နှစ်လုံးပေါင်း ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တာကြောင့် လျှပပ်စစ်ဓာတ်အား လိုအပ်ချက်အပေါ်မှာလုံလုံလောက်လောက် မဟုတ်ပေမယ့်လည်း အထိုက်အလျောက် ဖြည့်ဆီးနေတဲ့ အတွက် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းပါတယ်။ တီကျစ်လှျပ်စစ်ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ အတွက် နိုင်ငံတော်အတွက်အကျိုးရှိပါတယ်” ဟု ဦးခင်မောင်ဝင်း ကပြောဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်ဖြစ်ပေါ်နေပြီး ဒေသခံများ နှင့် အရပ်ဖက်အဖွဲ့ အစည်းများ ကန့်ကွက်နေသော တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံသည် နိုင်ငံတော် အတွက် စီးပွားရေး အရ တွက်ခြေကိုက်မှုရှိမရှိနှင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝ အရင်းမြစ် နှင့်ပြန်လည်ရရှိလာသော အကျိုးအမြတ်သည် နိုင်ငံ၏ ရေရှည်ဖွံဖြိုး တိုးတက်မှု ကို အထောက် အကူပြုနိုင်မှု ရှိ၊မရှိ ဆက်စပ်မေးခွန်းကို မိုင်းရူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး ကမေးမြန်းရာတွင် ၎င်း က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မေလ ၁၉ ရက်နေ့တွင်ကျင်းပသော အလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး က တီကျစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် ပတ်သက်သောမေးခွန်းမေးမြန်းခဲ့ ပြီး အငြင်းပွားဖွယ် တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို အစိုးရ က သုံးနှစ်သက်တမ်းတိုးပေးထားခြင်း ကို ပြန်လည်သုံးသပ်ရန် အစီစဉ် ရှိမရှိ ကိုလည်း ထည့်သွင်းမေးမြန်းခဲ့သည်။

အဆိုပါ ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံမှာ သဘောဝပတ်ဝန်းကျင် နှင့် ဒေသခံများ ၏ လူမှုဘဝ ထိခိုက်ပျက်စီးမှုများ ဖစြ်ပေါ် နေခြင်း ကြောင့် စက်ရုံ လည်ပတ်နေသော ကုမ္ပဏီ နှင့် ဒေသခံများ ၊ အရပ်ဖက်အဖွဲ့ အစည်းများ အကြား အငြင်းပွားဖွယ် ကိစ္စ ဖြစ်နေခြင်း ကို အစိုးရ က ကြပ်မတ်ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း လည်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး ကပြောကြားသည်။

အဆိုပါ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို လည်ပတ်နေသော တရုတ်နိုင်ငံ အခြေစိုက် ဝူရှီးဟွာကွမ်း ကုမ္ပဏီ (Wuxi Huaguang Electric Power Engineering) နှင့် မူလ က တစ်နှစ်တစ်ကြိမ်သာ သက်တမ်းတိုး စာချုပ် ချုပ်ဆို ရန် သဘော တူညီထားသော်လည်း ၂၀၁၉ ခုနှစ်တွင် အစိုးရက နောက်ထပ် သုံးနှစ် သက်တမ်းတိုးလုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၎င်း ကဆိုသည်။

ယင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ မှ ထွက်ရှိသော အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး လာပြီး ၊ ဒေသခံများ ၏ ကျန်မာရေး ဆိုးရွားထိခိုက် လာသောကြောင့် ပြည်သူများ နှင့် အရပ်ဖက်အဖွဲ့အစည်းများ က အပြင်း အထန် ကန့်ကွက် မှု များ ရှိနေသည့် ကြားက အစိုးရ က ထိုသို့ သက်တမ်းတိုးပေးခဲ့ခြင်း လည်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

တီကျစ်ကျောက်မီးသွေးသုံးဓာတ်ပေးစက်ရုံ ၏ ငါးမိုင်ပတ်လည် အတွင်းရှိ ရေအရင်းမြစ် နှင့် သဘာဝ ဂေဟစနစ် မှာ ဆိုးရွာ စွာပျက်စီးနေပြီး စိုက်ပျိုးမြေနှင့် အိမ်မွေးကျွဲနွားများ လည်း ထိခိုက်ပျက်စီးမှုဖြစ်ပေါ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒေသခံပြည်သူများ မှာလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်ကြောင့် ကလေးပျက်ကျမှုနှုန်း မြင့်တက်လာခြင်း ၊ ပေါင်ချိန်မပြည့် ကလေးမွေးဖွားခြင်း နှင့် သားဖွားမီးယပ်ဆိုင်ရာ ပြဿနာ များ ၊ အသက်ရူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ကြုံတွေ့ နေရကြောင်း စိုင်းထွန်းအေးက ဆိုသည်။

အဆိုပါ စက်ရုံ မှ ထွက်ရှိသော အမှုန်အမွား များ လေထုအတွင်း ရောက်ရှိမှု ပမဏ မှာလည်း ဥပဒေအရ သတ်မှတ်ပြဌာန်း ချက်များ ကို ကျော်လွန်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက တီကျစ် ဓာတ်အားပေး စက်ရုံ ကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်မှုမရှိကြောင်း နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနည်းစေရန်ကုမ္ပဏီ နှင့် အစိုးရ တို့ ကြား ပူးပေါင်း ဆောင်ရွက် နေသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဓာတ်အားပေးစက်ရုံကို သုံးနှစ်သက်တမ်းတိုးပေးပြီး ၂၀၂၃ ခုနှစ်အထိ လည်ပတ်ခွင့်ပြုခဲ့ခြင်းမှာလည်း ဥပဒေ နှင့် ညီညွတ်ကြောင်း ၎င်း က ဖြေကြားခဲ့သည်။

သို့သော် တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အတွက် E Guard Environmental Services အဖွဲ့ မှ လုပ်ဆောင်နေသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ ကို သယံဇတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အတည်ပြုထားခြင်းမရှိသေးဘဲ အစိုးရ က သုံးနှစ်လည်ပတ်ခွင့် ပြုခဲ့ခြင်း မှာ ထုတ်ပြန်ထား သော ဥပဒေ များ ကို လေးစားလိုက်နာမှု မရှိခြင်း ဖြစ်ကြောင်း Myanmar Alliance for Transparency and Accountability – MATA မှ ဦးအောင်ကျော်မိုး ကထောက်ပြသည်။

ယင်းလုပ်ငန်းစဉ်များ မပြီးပြတ်သေးပဲ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဝန်းကျင် ထိခိုက်မှုများ အတွင်လုပ်ဆောင်ထား ပြီး ဖြစ်သည်ဟု လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်း က လွှတ်တော်တွင်လာရောက် ဖြေဆိုခြင်း မှာ ပြည်သူလူထုနှင့် လွှတ်တော်ကိုလိမ်လည်ခြင်းဖြစ်ကြောင်း ၎င်း က မှတ်ချက်ပြုသည်။

အဆိုပါ စက်ရုံပိတ်သိမ်းရန် အတွက် ပြီးခဲ့သည့် ဧပြီလ အတွင်း က ဒေသခံ ရာနှင့်ချီ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို တရုတ်နိုင်ငံ အခြေစိုက် ဝူရှီးဟွာကွမ်း ကုမ္ပဏီ (Wuxi Huaguang Electric Power Engineering)ကနှစ်ရှည် ငှားရမ်း စာချုပ်ဖြင့် ၂၂ နှစ် လုပ်ကိုင်ခွင့် ရရှိထားခြင်းလည်းဖြစ်သည်။

အဆိုပါ တီကျစ် လျှပ်စစ် ဓာတ်ပေးစက်ရုံကို ၂၀၀၂ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း နှင့် ဧဒင် ကုမ္ပဏီတို့ ပူးပေါင်းကာ စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသခံများ ၏ ကန့်ကွက်မှုကြောင့်လုပ်ငန်း ရပ်နားခဲ့ရသည်။

RiSE News

ဓာတ်ပုံ – ကိုမိုး

ပုံစာ – ပြည်သူများ အစဉ်တစ်စိုက်ကန့်ကွက် နေသော တီကျစ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှာ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းကပြောကြားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts