All News Editorial

သတင်းသမားများ ခြိမ်းခြောက်အမှုဖွင့် ထောင်ချခံနေရပြီး မြန်မာ့သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရကာ အမှောင်ခေတ်သို့ ပြန်သွားနေသည်

သတင်းသမားများ ခြိမ်းခြောက်အမှုဖွင့် ထောင်ချခံနေရပြီး မြန်မာ့သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရကာ အမှောင်ခေတ်သို့ ပြန်သွားနေသည်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသည် ရွေးကောက်ပွဲတွင် အများဆန္ဒဖြင့် တက်လာသော အစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်ပိုမို မြင့်မားပြီး လွတ်လပ်သော သတင်းမီဒီယာများ၏ အခန်းကဏ္ဍကြီးမားလာနိုင်သည်ဟု ပြည်တွင်းပြည်ပက မျှော်လင့်ခဲ့ကြသည်။ ၄ နှစ်ကျော်အကြာတွင် မျှော်လင့်ချက်များ ပျက်စီးသွားပြီး မျှော်လင့်စရာ မရှိတော့သည့် အခြေအနေဆိုက်ရောက်လာသည်။

အခြေအနေများသည် ထင်ထားသကဲ့သို့မဟုတ်တော့ဘဲ သတင်းလွတ်လပ်ခွင့်အခြေအနေမှာ ဖိနှိပ်မှုများ၊ သတင်းရယူခွင့် ခက်ခဲမှုများ၊ သတင်းသမားများကို ရန်သူသဖွယ် တရားမျှတမှုမရှိဘဲ အလွန်ကြီးမားသော ရာဇဝတ်ပုဒ်မများဖြင့် အရေးယူမှုများ ရှိလာခဲ့သည်မှာ ယနေ့ ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိပင် သတင်းသမားများ ဖိနှိပ်ခံနေကြရသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ နှစ်စဉ်ထုတ်ပြန်သည့် သတင်း လွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ၂ဝ၁၇ ခုနှစ်တွင် အဆင့် ၁၃၁ ၊ ၂ဝ၁၈ တွင် အဆင့် ၁၃၇ ၊ ၂ဝ၁၉ ခုနှစ်တွင် အဆင့် ၁၃၈ ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် အဆင့် ၁၃၉ သို့ ဆက်တိုက်ကျဆင်းလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် သတင်းသမား အများအပြား တရားစွဲဆို ထောင်ချခံခဲ့ရပြီး ထင်ရှားသော ဖြစ်စဉ်များကို ပြန်ပြောင်း ကြည့်မည်ဆိုပါက ၂၀၁၇ ခုနှစ်တွင် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသူ ဗြိတိသျှကိုကိုမောင် တို့ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီးတရားစွဲခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းထောက်၊ DVB သတင်းထောက်များ မတရားအသင်းဥပဒေ ၁၇ (၁) ဖြင့် တပ်မတော်က အမှုဖွင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည်။

၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင်ပင် ရခိုင်ပြည်နယ်မှ အင်းဒင်လူသတ်မှု ကို ဖော်ထုတ်ခဲ့သော ရိုက်တာသတင်းဌာနမှ သတင်းထောက်ဝလုံးနှင့်ကျော်စိုးဦးတို့ အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။

ဧရာဝတီသတင်းဌာန၊ ရိုက်တာသတင်းဌာန၊ RFA သတင်းဌာနတို့ သတင်းရေးသားဖော်ပြမှုအတွက်၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်တွင်လည်း VOM သတင်းအယ်ဒီတာချုပ် ဦးနေမျိုးလင်း၊ ခေတ်သစ်အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်၊ Narinjara သတင်းအယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် RFA သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့ဖြင့် ရဲတပ်ဖွဲ့က မန္တလေး၊ ရန်ကုန်၊ စစ်တွေ နှင့် နေပြည်တော်တို့တွင် အမှုဖွင့်ထားသည်။

တရားစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။ သို့ရာတွင် ဥပဒေရုံးက ပြစ်မှု မမြောက်သဖြင့် ပယ်ချလိုက်ရာ VOM သတင်းအယ်ဒီတာချုပ် ဦးနေမျိုးလင်းသည် ဖမ်းဆီးထိန်းသိမ်းခံရာမှ ပြန်လည် လွတ်မြောက်လာသော်လည်း ထပ်မံ၍ အရေးယူခံရမည့် ဖိအားပေးမှုများ ကြုံတွေ့နေရသည်။ အခြားသတင်းသမား ၃ ဦးမှာမူ ဆက်လက်အမှုဖွင့်ခံထားရဆဲဖြစ်သည်။

TV Mandalay Channel မှ သတင်းထောက်ကိုနန္ဒမှာလည်း အောင်သပြေပဋိပက္ခ သတင်းရယူရင်းဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရသည်။

တစ်နည်းအားဖြင့် NLD အစိုးရလက်ထက်တွင် သတင်းလွတ်လပ်ခွင့် အခြေအနေမှာ အလွန်ဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိပြီး ယခင်စစ်အစိုးရခေတ်ကာလကဲ့သို့ပင် နောက်ပြန်လှည့်နေပြီဟု ဆိုရမည်ဖြစ်သည်။ လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းမီဒီယာအဖြစ် သတင်းများကို မျှတစွာ တင်ဆက်နိုင်သည့် အခြေအနေက တဖြည်းဖြည်း ဘောင်ကျဉ်းလာနေပြီဖြစ်သည်။

သတင်းမီဒီယာများသည် ဝါဒဖြန့် ချိရေး မီဒီယာများကဲ့သို့သာ အလုပ်လုပ်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာနေသည်။ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး သည် ရိုက်ချိုးခံနေရပြီဖြစ်သည်။

လွတ်လပ်သော ပုဂ္ဂလိကသတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အလွန်မှေးမှိန်လာနေပြီဖြစ်သည်။ လွတ်လပ်သော ပုဂ္ဂလိကသတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးအတွက်လည်း အစိုးရက စိတ်ဝင်စားမှုမရှိပေ။ လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများတစ်ခုပြီး တစ်ခု ပြိုလဲလျက်ရှိနေသည်။ သတင်းရယူခွင့်မှာလည်း အလွန်အခြေအနေဆိုးဝါးလာနေသည်။

သတင်းလွတ်လပ်ခွင့်ကျဆင်းလာခြင်းနှင့်အတူ သတင်းသမားများ ကြောက်ရွံ့စေပြီး သတင်းအလုပ် မလုပ်ရဲ ဖြစ်နေရခြင်းသည် တစ်နည်းအားဖြင့် ပြည်သူလူထု၏ သတင်းမှန်သိပိုခွင့် ၊ သတင်းသိပိုင်ခွင့် ဆုံးရှုံးသွားခြင်း ပင်ဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်တွင် သတင်းမီဒီယာများ၏ သဘောတရားကိုလည်း နားလည်မှု လွန်စွာ နည်းပါးလာပြီး ငါနှင့်မတူ ငါ့ရန်သူဆိုသော စိတ်ထားများနှင့် အပြုအမူများကိုလည်း ပိုမိုကျယ်ပြန့်စွာ မြင်တွေ့လာနေရသည်။

‘‘ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဘုရားမကောင်းလျှင် ငါ့မိဘုရားကိုရေး၊ ငါ့သားသမီးမကောင်းလျှင် ငါ့သားသမီးကိုရေး၊ လွှတ်တရားသူကြီးမကောင်းလျှင် လွှတ်တရားသူကြီးကိုရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ’’ ဟူသော မင်းတုန်းမင်း၏ ပဒေသရာဇ်ခေတ်ထက်ပင် ယနေ့ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေက ဆိုးဝါးလာနေသည်။

Media Literacy နည်းပါးလာနေကြသည်။ မီဒီယာကို ကိုယ်ကျိုးနှင့်ဝါဒဖြန့်ရေးအတွက်သာ သုံးရန် အစဉ်အမြဲ စိတ်ကူးနေကြသည်။

သတင်းမီဒီယာဥပဒေနှင့် ဥပဒေအရ ဖြစ်ပေါ်နေသော Institution များရှိသော်လည်း လိုချင်သည့်အချိန်မှ ခေါ်သုံးပြီး များသောအားဖြင့် မဆိုင်သလို လျစ်လျူရှုထားသည်။ အာဏာရှိသူက ၎င်းတို့ အလိုမကျတိုင်း သတင်းမီဒီယာကို ရန်လုပ် ပြဿနာရှာနေပြီး သတင်းမီဒီယာကို စိတ်တိုင်းကျ ဝါဒဖြန့်ရေးအတွက် အဓိက ဖိအားပေးနေသည်။

“ငါပြောတာသာရေး ၊ မင်းတို့က ငါတို့ကို ဘာထင်လဲ။ ငါတို့ကသာ…..” ဆိုသော သတင်းစာရှင်းလင်းပွဲတွင် ခေါ်ယူ ကြိမ်းမောင်းပြီး မိမိတို့၏ အတ္တနှင့်ဖြစ်တည်မှု၊ ထုတ်ပြန်ပြောဆိုမှုများကိုသာ သတင်းအဖြစ် ရေးသားတင်ဆက်ရန် သတင်းမီဒီယာများကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လာကြသည်။

အနာဂတ်တွင် မြန်မာ့သတင်းလွတ်လပ်ခွင့်သည် ယခုအခြေအနေထက်ပင် ပိုမို၍ ဆိုးဝါးလာမည်မှာ အသေအချာပင်ဖြစ်ပြီး သတင်းသမားများကို ဖမ်းဆီးထောင်ချရုံမျှ မကတော့ဘဲ အမုန်းတရားဖြင့် သတ်ဖြတ်လာနိုင်ခြေများကိုလည်း မြင်တွေ့နေရသည်။

“Journalism Without Fear or Favour” ဆိုသော ၂၀၂၀ ခုနှစ်၏ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်သည် မြန်မာ့သတင်းသမားများအတွက် အလှမ်းကွာဝေးနေသည့် အိပ်မက်တစ်ခုကဲ့သို့ဖြစ်နေသည်။ မြန်မာ့သတင်းသမားများသည် ဒီမိုကရေစီမဆန်သော ဥပဒေများ၊ အာဏာနှင့် လက်နက်ရှိသူများကို ကြောက်ရွံ့နေရသည်။

မြန်မာနိုင်ငံရှိ သတင်းသမားများသည် မျှတမှုမရှိသော ဥပဒေများဖြင့် ခြိမ်းခြောက်ခံနေရပြီး အချိန်မရွေး ဖမ်းဆီး အကျဉ်းချခံရမည့် အခြေအနေရှိနေသည်။ မြန်မာ့သတင်းသမားများသည် ကြောက်ရွံ့မှုများဖြင့် မိမိ၏ အိမ်တံခါးလာခေါက်မည့် အသံကို နားစွင့်ရင်း ပြည်သူလူထုထံသို့ သတင်းမှန်များ၊ အခြေအနေမှန်များ ရောက်ရှိစေရန် သတင်းပေးပို့နေကြဦးမည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts