All News Local News Peace

“ဝ” ဒေသသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရန် UWSA ဖိတ်ကြားမှု သင့်တော်ကောင်းမွန်သော အချိန်တွင် သွားဖြစ်လိမ့်မည်ဟု တပ်မတော်တုံ့ပြန်

“ဝ” ဒေသသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရန် UWSA ဖိတ်ကြားမှု သင့်တော်ကောင်းမွန်သော အချိန်တွင် သွားဖြစ်လိမ့်မည်ဟု တပ်မတော်တုံ့ပြန်

ရန်ကုန်၊ မေ ၂၂

UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်သည့် “ဝ” ဒေသသို့ တပ်မတော်က COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများသွားရောက်လှူဒါန်းစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “ဝ” ဒေသသို့ လာရောက်ရန် ဖိတ်ကြားမှုကို တပ်မတော်က အကောင်းမြင်ပြီး သင့်တော် ကောင်းမွန်သည့်အချိန်တွင် သွားရောက်မည်ဖြစ်ကြောင်းတုံ့ပြန် သတင်းထုတ်ပြန် ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဝဒေသကို COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျနော်တို့က သွားရောက်ပြီးတော့ လှူဒါန်းခဲ့တာရှိပါတယ်။ သွားရောက်ပြီးတော့ ဆေးကုသပေးနေတာရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးတင်စကား နဲ့ ကျေးဇူးတင်လွှာ ပေးခဲ့တာရှိတယ်။ အဲဒီမှာ ကျနော်တို့ ဖိတ်ခေါ်ခဲ့တာရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖိတ်ခေါ်ခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သဘောထားကတော့ ဒီအပေါ်မှာ အကောင်းမြင်တဲ့သဘောထားရှိပါတယ်။ သင့်တော်ကောင်းမွန်တဲ့အချိန်အခါမှာ သွားဖြစ်လိမ့်မယ်ဆိုတဲ့ သဘောထားရှိကြောင်းကျနော်ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညွှန်ကြားမှုဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် တပ်မတော်အရာရှိများသည် မေလ ၁၉ရက်နေ့ က “ဝ” ပြည်နယ် ပန်ခမ်းမြို့သို့ ရောက်ရှိကာ COVID -19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၄၀၀၀၀ခု၊ N95 Mask ၂၀၀၀ခု၊ Face Shield ၅၀၀၀ခု၊ Bleaching Powder ၁၀ပုံး ၊ Personal Protective Equipment (PPE)ဝတ်စုံ အစုံ ၁၀၀၀၊ Surgical Gloves ၁၀၀၀ခု၊ Hand Gel ၁၅၀ဘူး ၊ Hand Sanitizer ၁၅၀ဘူးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မေတ္တာလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း UWSA က သတင်းထုတ်ပြန်ထားသည်။

UWSA ခေါ် ၀ တပ်ဖွဲ့က ၂၀၁၉ ခုနှစ် ဧပြီ ၁၆ ရက်နေ့က နှစ် ၃၀ ပြည့်အခမ်းအနားတွင် လက်နက်များဖြင့် စစ်ရေးပြလိုက်ခြင်းသည် ၀ တပ်ဖွဲ့အနေဖြင့် စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ဆောင်ရွက်နေခြင်းဖြစ်၍ တပ်မတော်အနေဖြင့် အစွမ်းကုန်သည်းခံနေရကြောင်း၊ သည်းခံမှုတွင် အတိုင်းအတာရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့က ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက် ရင်း ကျန်းမာရေး မကောင်းမွန်၍ နေပြည်တော်ကုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ဆေးကုသမှုခံယူရသည့် UWSA “၀”အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အမ်တို့ကို သွားရောက် အားပေးကြည့်ရှုခဲ့စဉ်။

Photo Credit – Cincds

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts