All News Local News

လိင်မှုဆိုင်ရာ အားပေးသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ကန့်ကွက် သော ဒသမတန်းသင်ရိုး ဘဝတွက်ကျွမ်းကျင်စရာ သင်ခန်းစာများ သမ္မတဦးသိန်းစိန်လက်ထက် ရေးဆွဲ ပြဋ္ဌာန်းခဲ့

လိင်မှုဆိုင်ရာ အားပေးသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ကန့်ကွက် သော ဒသမတန်းသင်ရိုး ဘဝတွက်ကျွမ်းကျင်စရာ သင်ခန်းစာများ သမ္မတဦးသိန်းစိန်လက်ထက် ရေးဆွဲ ပြဋ္ဌာန်းခဲ့

ရန်ကုန်၊ မေ ၂၁

လိင်မှုဆိုင်ရာ အားပေးသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ကန့်ကွက် ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပါဝင်သော ဘဝတွက်တာ ကျွမ်းကျင်စရာသင်ခန်းစာများသည် ကြံ့ခိုင်ရေးပါတီမှ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ရေးဆွဲ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး Sex ဆိုသည်နှင့် လိင်မှုကိစ္စကိုသာ မမြင်သင့်ကြောင်း မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အခြေခံပညာ ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပါဝင်သော ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများတွင် လက်ထပ်ထိပ်မြားခြင်းမပြုမီ လိင်ဆက်ဆံခြင်းကို အားပေးခြင်းနှင့် ကျောင်းသားကျောင်းသူများကို ပညာပေးရာမရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာ ရောက်သော ပြဋ္ဌာန်းချက်များပါဝင်သဖြင့် ကန့်ကွက်ကြောင်း ကြံ့ခိုင်ရေးပါတီက မေလ ၂၀ ရက်နေ့တွင် ကြေညာချက်တစ်ရက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အချက် ၇ ချက်ဖြင့် ဒသမတန်းသင်ရိုးညွှန်းတမ်း ပါ ဘဝတွက်တာကျွမ်းကျင်စရာ သင်ခန်းစာကို ကန့်ကွက်ထားပြီး လက်ထပ်ထိပ်မြားခြင်းမပြုမီ လိင်ဆက်ဆံခြင်းကို အားပေးအားမြှောက်ပြုရာရောက်ခြင်း၊ မြန်မာ့လက်ထပ်ထိပ်မြားခြင်းဥပဒေနှင့် မြန်မာ့ဓလေ့ထုံးတမ်းအရ လက်ထပ်ခြင်းတွင် အမျိုးသမီးများ၏ အသက်အရွယ်ကန့်သတ်ချက် မပြည့်မြောက်မီ လိင်ဆက်ဆံမှုကို အသိအမှတ်ပြု လက်ခံရာရောက်ခြင်း၊ တရားဥပဒေအရ အရွယ်မရောက်သေးသော အမျိုးသမီးများအား နှစ်ဦးသဘောတူ လိင်ဆက်ဆံရာတွင် ပြစ်မှုမြောက်ခြင်းကို ပျက်ပြားစေခြင်း၊ သွေးဆောင်ဖြားယောင်း၍ ပေါင်းသင်းဆက်ဆံခြင်း ပြစ်မှုကို ပျက်ပြားစေခြင်း၊ အခြေခံပညာသင်ဆဲ ကျောင်းသူကျောင်းသားများအား ပညာပေးရာ မရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်ရာရောက်ခြင်း ၊ Living Together ကို တွင်တွင်ကျယ်ကျယ်လက်ခံကျင့်သုံးလာစေနိုင်ခြင်းဆိုသော အချက်များ ပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားခြင်းဖြစ်သည်။

“ဘဝအတွက်တာ ကျွမ်းကျင်စရာက သူတို့ပါတီ အစိုးရလုပ်ကတည်းက ရေးထားတဲ့ သင်ရိုးတွေပဲလေ။ သူတို့သေချာမသိဘူးလားမသိဘူး။ ဒီသင်ရိုးတွေက အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ရေးဆွဲခဲ့တာလေ။ အဲဒါကို သူတို့မသိခဲ့တာလားမသိဘူး။ ပြဋ္ဌာန်းထားတာ ဘဝတစ်သက်တာ ကျွမ်းကျင်စရာကလည်း အစောကြီးကတည်းက ။ သို့သော်လာမယ့် Grade 10 ပါလာတဲ့အပိုင်းကလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် အများစုက ထောက်ခံပါတယ်။ ရှေးရိုးဆန်တဲ့သူတွေ က ဒါကို မလိုဘူးလို့ ထင်ပေမယ့် အကျိုးဆက်တွေကို သိနားလည်တဲ့သူတွေက ဒီကိစ္စအပေါ်မှာ ဒါ အဆန်းမဟုတ်ပါဘူး။ ဒါလက်တွေ့မြေပြင်မှာလည်းဖြစ်နေတာပဲ။ ကျနော်ဆိုရင် အခု အသက် ၄၅ ထဲ ရောက်ပါပြီ။ ကျနော်နဲ့ ရွယ်တူ ကျနော့်သူငယ်ချင်းတွေ ၁၀ တန်းကျောင်းသားဘဝမှာ စာစုကျက်ရင်းနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းက ဖြစ်ထားတာ ။ ကျနော်တို့ဆီမှာလည်း ဒါမျိုးတွေရှိခဲ့ပါတယ်။ ဒါတွေ မဖြစ်သင့်တာ မဖြစ်ရအောင် သင်ခန်းစာအနေနဲ့ ရေးဆွဲထားတာပေါ့။ ကျနော့်တစ်ဦးတည်းအမြင်အရဆိုရင် ကျနော်လည်း ထောက်ခံပါတယ်။ နောက်ပြီးတော့ Sex Education ခေါ်နေတာလည်းမဟုတ်သေးဘူး။ Sex ဆိုတဲ့အပေးမှာပဲ ငြင်းခုန်နေကြတာ။ တကယ်က Reproductive Health Education လို့ သင်ရိုးရေးဆွဲရေးအဖွဲ့က ပြဋ္ဌာန်းတယ်။ အဲဒါ ကို Sex Education လို့ ပြောနေကြတယ်။ နောက်ပြီးတော့ ကျနော်တို့က Sex လို့ မြင်လိုက်တာနဲ့ကို လိင်မှုကိစ္စလို့ထင်ပြီးတော့ ဟီရိဩတ္တပ္ပတရားတွေကော ဘာတွေကော အဲဒီအောက်ကို ဆွဲသွင်းလိုက်ကြတယ်။ Reproductive Health Educationက လိုကို လိုအပ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီမှပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက အဆိုပါ ဒသမတန်းသင်ရိုး သင်ခန်းစားများနှင့်ပတ်သက်၍ အရေးကြီးအဆို လွှတ်တော်သို့ တင်သွင်းသော်လည်း လက်မခံဘဲ ပယ်ချခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူတချို့ထံ ဖုန်းဆက်၍ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အသေးစိတ် မေးမြန်းရန် လုပ်ဆောင်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားမည့်သူမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts