All News Local News

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ CSR ရန်ပုံငွေ ဒေါ်လာ ၉ သန်းခန့်ကို COVID-19 အရေးပေါ် ရန်ပုံငွေ အသုံးပြုရန် တင်ပြမှု ဝန်ကြီးဌာနများ ပယ်ချ

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ CSR ရန်ပုံငွေ ဒေါ်လာ ၉ သန်းခန့်ကို COVID-19 အရေးပေါ် ရန်ပုံငွေ အသုံးပြုရန် တင်ပြမှု ဝန်ကြီးဌာနများ ပယ်ချ


ရန်ကုန်၊ မေ ၂၁


မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍရှိ Corporate Social Responsibility (CSR) ရန်ပုံငွေသည် ဒေါ်လာ ကိုးသန်းခန့် ကို Covid 19 တုန့်ပြန်မှုအတွက် သုံးစွဲရန် တင်ပြမှုကို အစိုးရဝန်ကြီးဌာနများက ပယ်ချလိုက်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA က သတင်းထုတ်ပြန်သည်။


MATA က မြန်မာနိုင်ငံ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကဏ္ဍရှိ CSR ရန်ပုံငွေကို COVID-19 အရေးပေါ် ရန်ပုံငွေ အဖြစ်သုံးစွဲရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ မတ်လ ၂၃ ရက်နေ့တွင် တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး ဧပြီလ ၂၂ ရက်နေ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်း MATA က ထုတ်ပြန်ထားသည်။


ဦးဆောင်ကော်မတီအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက CSR ရန်ပုံငွေသည် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ရှာဖွေရေး၊ တူးဖော်ရေးနှင့် တင်ပို့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသဘာ၀အရ ထိခိုက်နစ်နာဆုံးရှုံးမှု ခံစားရသည့် ဒေသခံ ပြည်သူများအတွက် ပြန်လည်ဖြည့်ဆည်းသည့်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေကို ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရာ ဒေသရှိ ဒေသခံပြည်သူများအတွက် ကတိကဝတ်ပြုထားသည့် နှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းများအတွက် သုံးစွဲရပါကြောင်း ၊ အရေးပေါ်ရန်ပုံငွေအတွက် သုံးစွဲမည်ဆိုလျှင် အောက်ခြေအဆင့်ဆင့်အထိ ပြန်လည် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဆွေးနွေးကြောင်း သိရှိရသည်။


စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကလည်း COVID-19 အတွက်လိုအပ်သည်များကို သုံးစွဲနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းအတွင်းမှ အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံစေ၍ သုံးစွဲခြင်းနှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ စသည်တို့ထံမှ အတိုးနှုန်းသက်သာသော ချေးငွေးများလည်း ရယူ၍ သုံးစွဲခြင်းများကို နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိသဖြင့် CSR Fund မှ ကျခံသုံးစွဲရန် မလိုအပ်ဟု အစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရှိရသည်။


သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ဝန်ကြီးဌာနနှစ်ခု၏ ဆွေးနွေးချက်ကို အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း သိရှိရသည်။
CSR ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါးသည် Ventalitor အစုံ ၆၀၀ (တစုံ ဒေါ်လာ ၁၅,၀၀၀) နှင့် Personal Protective Equipment (PPE) အစုံ ၃၀၀,၀၀၀ ကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း MATA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts