All News Local News

ယူနစ် ၁၅၀ လျှော့ချပေးသည့် လတွင် မီတာခ နှစ်ဆ၊ သုံးဆ မြင့်တက်မှု မီတာဖတ်သူများ၏ အမှားကြောင့် ဖြစ်နိုင်ဟု ဒုအမြဲတမ်းအတွင်းဝန် ဝန်ခံ၊ ကျပ်ဘီလီယံ ၄၀ အခွန်လျှော့ကျဟုဆို

ယူနစ် ၁၅၀ လျှော့ချပေးသည့် လတွင် မီတာခ နှစ်ဆ၊ သုံးဆ မြင့်တက်မှု မီတာဖတ်သူများ၏ အမှားကြောင့် ဖြစ်နိုင်ဟု ဒုအမြဲတမ်းအတွင်းဝန် ဝန်ခံ၊ မီတာခလျှော့ချပေးရ၍ ကျပ်ဘီလီယံ ၄၀ အခွန်လျှော့ကျဟုဆို

ရန်ကုန်၊ မေ ၁၅

ကိုဗစ်ကာလ မီတာယူနစ် ၁၅၀ လျှော့ချပေးသည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သော်လည်း လျှပ်စစ်မီတာခများ နှစ်ဆ၊ သုံးဆ မြင့်တက်မှုသည် မီတာဖတ်သူများ၏ အမှားဖြစ်ကောင်း ဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲအတွင်းဝန်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုသည်။

လျှပ်စစ်မီတာခများ ၁၅၀ ယူနစ် လျှော့ချသည်ဟုဆိုသော်လည်း ယူနစ်ကို လျှော့ချခြင်းမဟုတ်ဘဲ ယူနစ် ၁၅၀ အတွက် ၁၁၅၅၀ ကျပ် လျှော့ချပေးခြင်းကို ဝန်ကြီးဌာနက ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ လျှပ်စစ်မီတာခ ယူနစ် ၁၅၀ ကို သုံးစွဲမည့် ယူနစ်များထဲမှ နုတ်ယူမည်ဆိုပါက လုပ်ထုံးလုပ်နည်းဖြင့် မညီသဖြင့် စာရင်းစစ်ချုပ်က ကန့်ကွက်လိမ့်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သေချာရှင်းလင်းစွာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မီတာခများသည် ယူနစ်အလိုက် နှုန်းထားဖြင့် တွက်ချက် ရခြင်းဖြစ်ကြောင်း၊ ထိုသို့ တွက်ချက်ရာတွင် မီတာဖတ်သူများ၏ အမှားများ ရှိကောင်းရှိနိုင်ကြောင်း၊ မီတာအမျိုးအစားများစွာရှိ၍ မီတာဖတ်သူများတွင်လည်း ချို့ယွင်းချက်ရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါတွေကို ပြုပြင်သွားပါ့မယ်” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်မီတာခလျှော့ချပေးလိုက်ရသည့်အတွက် နိုင်ငံအတွက် အခွန် ငွေကျပ် ဘီလီယံ ၄၀ ခန့် လျှော့နည်းဖွယ် ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

နောင်အနာဂတ်တွင် မီတာဖတ်သူများသည် ဖတ်ပြီးမီတာယူနစ်ကို အိမ်ရှင်ကို အသိပေးသည့်စနစ်၊ ဖုန်းဖြင့် မိမိ၏ မီတာသုံးစွဲသမျှကို ကြည့်ရှုပြီး ဖုန်းဖြင့် မီတာခ ဆောင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မီတာခများ ပိုမိုကျသင့်နေခြင်းနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်ရုံးများသို့ Complaint တက်နိုင်ကြောင်း၊ မြို့နယ်ရုံးများတွင် ရှင်းလင်းပေးမည်ဖြစ်ပြီး မရှင်းလင်းပေးပါက ဝန်ကြီးရုံးသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts