All News Local News Peace

မြောက်ဦး လက္ကာကျေးရွာ မီးရှို့ခံရမှု တာဝန်ခံမည့်သူမရှိဘဲ လက်နက်ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန် စွပ်စွဲ

မြောက်ဦး လက္ကာကျေးရွာ မီးရှို့ခံရမှု တာဝန်ခံမည့်သူမရှိဘဲ လက်နက်ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန် စွပ်စွဲ

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ နေအိမ်များ မေလ ၁၆ ရက်နေ့က မီးရှို့ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်က ရခိုင်တပ်တော်AA ၏ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး AA ကလည်း အဆိုပါ မီးရှို့မှုသည် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ပြောဆိုကာ မီးရှို့မှု အပေါ် တာဝန်ခံမည်သူမရှိဘဲ နှစ်ဖက် အပြန်အလှန်စွပ်စွဲ ပြစ်တင်ထားကြောင်း သိရှိရသည်။

မေလ ၁၇ ရက်နေ့ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မေ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက္ကာကျေးရွာအနီးသို့အရောက်၌ AA အဖွဲ့များက ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့ဝင်များသည် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့၍ ရွာ၏ အရှေ့ဘက်တောင်ကြောများပေါ်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ AA များ၏ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

AA အဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျေးရွာအနီးသို့ ရောက်ရှိလာစဉ် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ကျေးရွာများအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တပ်တော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA သတင်းဌာနသို့ ဖြေကြားရာတွင် လက္ကာကျေးရွာမီးရှို့မှုနှင့်ပတ်သက်၍ ဒေသခံများကို မေးမြန်းစေလိုကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် “စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့” ကြိုးစားသည့်အနေဖြင့် ပြောခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် တရားမျှတမှု ရရေးအတွက် AA အဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့များနှင့် စစ်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ အပါအဝင် ဒေသခံလူမှု အဖွဲ့အစည်းများသို့ တိုက်ရိုက်ထိခိုက်မှုများ ဖြစ်ပေါ်လာပါက တာဝန်ခံမည့်သူမရှိဘဲ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ ၂ ခုအကြား အပြန်အလှန်အပြစ်တင် သတင်းထုတ်ပြန်ကြလေ့ရှိသည်။ ရခိုင်ပြည်နယ်သို့ သတင်းဌာနများ သွားရောက်ခွင့်ကိုလည်း အစိုးရကက ပိတ်ပင်ထားပြီး အင်တာနက်များကိုလည်း ပိတ်ပင်ထားသဖြင့် မြေပြင်အခြေအနေများကို စုံစမ်းနိုင်ရန် အလွန်ခက်ခဲလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts