All News interview

“မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် သဘောထားအမြင်များ”

“မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် သဘောထားအမြင်များ”

မေလ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါသည်။ မနှစ်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ပေးပို့တဲ့လာသည့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် “ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ သတင်းမီဒီယာ အား မလွဲမသွေလိုအပ်တယ်ဆိုတာကို ခံယူပြီး ဒီမိုကရေ စီစနစ် အားကောင်းစေရေးအတွက် သတင်းမီဒီယာလွတ်လပ်ခွင့်သည် မရှိမဖြစ် အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေမှာ သမ္မတ ပေးပို့ခဲ့သည့် သဝဏ်လွှာပါ ထည့်သွင်းပြောကြားချက်များနှင့် များစွာသွေဖယ်နေသည်ကို တွေ့မြင်ရပါသည်။ ထိုကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအခန်းကဏ္ဍများမှ ပုဂ္ဂိုလ်များ၏ လွတ်လပ်သော အမြင်သဘောထားများကို အောက်ပါမေးခွန်း ၃ ခုကို မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

၁။ ယခုနှစ်ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ၏ လက်ရှိ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် သဘောထားအမြင်

၂။ ဒီမိုကရေစီစနစ်၏ အဓိကအုတ်မြစ်တစ်ခုဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်လို. ဆိုတဲ့နေရာမှာ ပြည်သူ့များထံ သတင်းမှန်ရောက်ရှိရေးအတွက် တာဝန်ထမ်းဆောင်နေသည့် မီဒီယာသမားများအပေါ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး သဘောထားအမြင်

၃။ တိုင်းရင်းသား ဖေ့စ်ဘွက်သတင်း စာမျက်နှာများ အပိတ်ခံရမှုများ၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် ပြည်သူများထံ သတင်းမှန်စီးဆင်းခွင့်ကို ဟန့်တားလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများအပေါ် သဘောထားအမြင်-

ဦးကျော်မင်းဆွေ
အယ်ဒီတာချုပ် (The Vioce)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်

၁။ ကိန်းဂဏန်း အချက်အလက်အရ မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်က ကျသွားတာတွေ့ရတယ်။ လက်ရှိ သတင်းသမားတွေ ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ သတင်းလှမ်းမေးပြီး အတည်ပြုစုံစမ်းခွင့်ကလဲ အတော်ခက်ခဲလာတယ်။ တဖက်ဘက်က အတည်ပြုဖို့ ခက်ခဲသလို တစ်ဖက်က ဖြေကြားပြီး ထုတ်ပြန်မှုကလည်း အားနည်းတာတွေ့ရတယ်။ အစိုးရအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးအလိုက် ပုံမှန်သတင်းထုတ်ပြန်ပေးတာ၊ သတင်းစာရှင်းလင်းပွဲလုပ်ပေးတာတွေလဲ အားနည်းတာတွေ့ရတယ်။ ဒါတွေက အစိုးရအပါအဝင် အာဏာ သုံးရပ်ရဲ့ သတင်းမီဒီယာအပေါ်မှာရှိတဲ့ သဘောထားအပေါ်မှာ အခြေခံနေတယ်။ တစ်ဖက်မှာလဲ ပြည်သူလူထုက သတင်းမီဒီယာအပေါ်မှာ ယုံကြည်မှု၊ လေးစားမှု ကျသွားတယ်။ ကျသွားတယ်ဆိုတာ သတင်းသမားတွေက အရည်အချင်းကျသွားလို့ မဟုတ်ဘူး။ သတင်းသမားတွေကို ပုံဖျက်တဲ့၊ သတင်းမီဒီယာရဲ့ ကောင်းတဲ့ အစဉ်အလာပုံရိပ်ကို ကျဆင်းအောင် တမင်လုပ်တဲ့ဟာတွေ ရှိတယ်။ သတင်းမှားတွေကလည်း တချို့က တမင်ရည်ရွယ်ချက်နဲ့ လွှင့်တာတွေရှိတယ်။ ဒါတွေက သတင်းမီဒီယာလောကကို ပြည်သူလူထုက အထင်အမြင်လွဲမှားလာစေပြီး သတင်းသိခွင့် သတင်းလွတ်လပ်ခွင့် ကျဆင်းစေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါတယ်။

၂။ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခု NLD အစိုးရလက်ထက် တောက်လျှောက်မှာ သတင်းသမားတွေကို ဖမ်းဆီးအရေးယူမှုတွေ မြင်နေရတယ်။ သတင်းကိစ္စကြောင့် ဖမ်းဆီးခံရတဲ့ ကိစ္စတိုင်းမှာ အဲဒီနည်းလမ်းထက် ပိုကောင်းတဲ့ တခြားနည်းလမ်းတွေ မလုပ်ဘဲနဲ့ ဖမ်းဆီးအရေးယူတဲ့ နည်းလမ်းကိုပဲ အသုံးပြုတာကို ကျနော်က သဘောမတူဘူး။ ဖမ်းဆီးအရေးယူမှု မတိုင်ခင်မှာ အဆင့်အလိုက် တိုင်ကြားတာ၊ ကိုယ့်ရဲ့ သတင်းအချက်အလက်ကို ပြန်ပြင်ဆင်ဖော်ပြဖို့ တောင်းဆိုတာ၊ ကောင်စီကိုတိုင်တာ၊ ကောင်စီကိုတိုင်လို့မှ မပြေလည်ဘူးဆိုရင် သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုတာတွေကို အဆင့်လိုက် လုပ်ဆောင်ရမှာပါ။ တန်းပြီးတော့ တရားစွဲဆို ထောင်ချတာတွေက သတင်းသမားတွေအပေါ်မှာ တမင်ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ထင်စရာရှိတယ်။ အဲဒါက စစ်အစိုးရဖြစ်နေရင် ပြဿနာ မရှိဘူး။ စစ်တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရဖြစ်နေရင်လည်း ပြဿနာ မရှိဘူး။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရဖြစ်နေတာတော့ ပြဿနာရှိတယ်။ ဒီလိုအရေးယူ ဖမ်းဆီးခံနေရတာတွေက အစိုးရရဲ့ ရှေ့ရိုးစွဲ အစိုးရိမ်ကြီးတဲ့၊ လုံခြုံရေးရှု့ထောင့်က ကြည့်လွန်းတဲ့ အမြင်က ကဲနေလို့ဖြစ်တယ်။ မကြာခင်က အကြမ်းဖက် ဥပဒေ၊ မတရားအသင်း ဥပဒေလိုမျိုးနဲ့ တရားစွဲဆိုဖမ်းဆီးတဲ့ ဖြစ်စဉ်မှာဆိုရင် သတင်းဖော်ပြတဲ့ အကြောင်းအရာနဲ့ ဖြစ်စဉ်ကို သေချာဆန်းစစ် သုံးသပ်တာမျိုး မလုပ်ဘဲ တန်းပြီးတော့ ဖမ်းဖို့လုပ်တာတွေဟာ အရင်အစိုးရတွေ လုပ်ခဲ့တဲ့ ပုံစံတွေအတိုင်းဖြစ်နေတယ်။ ဒီလိုလုပ်ဆောင်မှုတွေဟာ အပြန်အလှန် ယုံကြည်လေးစားမှု၊ နားလည်မှုတွေကို ဖျက်ဆီးရာရောက်ပါတယ်။

၃။ ဒီကာလမှာ သတင်းမှားတွေ၊ အမုန်းစကားပွားစေမယ့် သတင်း စာမျက်နှာတွေကို ဟန့်တားဖို့ ကြိုးစားတယ်လို့ အစိုးရက ဆိုလို ဆိုငြား၊ စနစ်တကျ စီစစ် ခေါင်စဉ်ခွဲပြီးလုပ်တာ မဟုတ်ဘဲနဲ့ အကုန်လုံး ဝရုန်းသုန်းကား လုပ်သလို ဖြစ်နေတယ်။ ဥပမာအားဖြင့် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ သတင်း Website တွေဆိုရင် သတင်းမီဒီယာကောင်စီကို သူတို့ဘက်က ဒီသတင်း Website တွေက အမုန်းစကားဖြန့်တာလား၊ ဒါမှ မဟုတ် တရားဝင်မှတ်ပုံတင်ပြီး လုပ်တာလား၊ ဆိုတာတွေကို အတည်ပြုဖို့ လိုတယ်။ သတင်း Website တွေကို ပိတ်တော့မယ် အရေးယူတော့မယ်ဆိုရင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနဆီက အတည်ပြုချက်၊ ခွင့်ပြုချက် ယူရပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာက ဘာမှ မစိစစ်ဘဲ၊ သတင်းမီဒီယာကောင်စီကို အတည်ပြုချက်ရယူခြင်းမရှိဘဲ အရေးယူခွင့်ပေးလိုက်သလို ဖြစ်နေတယ်။ ဒါက လုပ်ပုံလုပ်နည်း ကသောင်းကနင်းနိုင်တယ်လို့ ပြောရမှာပါ။ တကယ် အမုန်းစကားဖြန့်နေတဲ့ သတင်း Page က ဒီထဲမှာ ဘယ်လောက်ပါသွားလဲ။ သတင်းမီဒီယာ အလုပ်လုပ်နေတဲ့ တိုင်းရင်းသား သတင်း Page တွေ ဘယ်လောက်ပါသွားလဲဆိုတာ ပြန်စီစစ်ကြည့်စေချင်ပါတယ်။

ဦးသီဟသွေး
သတင်းစာဆရာ (နိုင်ငံရေးဆောင်းပါးရှင်)

၁။ လက်ရှိ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အနေအထားကတော့ ” ပေးကားပေး၏ မရ “ဆိုတဲ့ လွတ်လပ်ခွင့်လိုဖြစ်နေတယ်။ သတင်းစာ လွတ်လပ်ခွင့်ကို ပြောင်ပြောင် တင်းတင်း ပိတ်ပင်တားဆီး ကန့်သတ်ထားတဲ့ အမိန့်တွေ ဥပဒေတွေ မရှိပေမယ့် အခြား လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဆက်သွယ်ရေး စတဲ့ နယ်ပယ်နဲ့ဆိုင်တဲ့ ဥပဒေတွေ ကန့်သတ် အမိန့်တွေ အပြင် နိုင်ငံရေး ၊စစ်ရေး၊ လူမျိုးရေး တင်းမာမှု အခြေအနေတွေက သတင်းတွေ အချက်အလက်တွေကို လွတ်လပ်စွာရေးသားတင်ပြဖို့ အနှောင်အဖွဲ့ တွေ ဖိအားတွေဖြစ်စေပြီး အချို့ ဥပဒေတွေနဲ့ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေက သတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ လုံခြုံဘေးကင်းစွာ ရပ်တည်နိုင်မှုကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေကိုတောင် ဦးတည်နေသလို ရှိလာတယ်လို့ပြောရပါလိမ့်မယ်။

၂။ သတင်းမီဒီယာတွေ ဆိုတာကတော့ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်းမှာ ဥပဒေတွေ၊ ဘောင်တွေနဲ့ ကင်းလွတ်ပြီး အခွင့်ထူးခံအဖြစ်ရပ်တည်ရမယ့် အဖွဲ့အစည်းတွေတော့ မဟုတ်ပါဘူး။ မီဒီယာသမား တစ်ဦးချင်းစီအနေနဲ့ရော အဖွဲ့အစည်းအလိုက်ပါ အားလုံးသော ပြည်သူများနည်းတူ ဥပဒေ လိုက်နာရမယ့်သူတွေ ဖြစ်ပါတယ်။ သိုသော်လည်း မီဒီယာလုပ်ငန်းတို့ရဲ့ သဘောသဘာဝအရ မိမိကိုယ်တိုင် ဥပဒေကို ချိုးဖောက်ခြင်းမပြုစေကာမူ ဥပဒေပါ ရည်ညွှန်းချက်တွေရဲ့ အဓိပ္ပါယ် ဖြန့်ကျက်မှုကနေ မလွတ်ကင်းတာကြောင့် အရေးယူခံရတဲ့ ကိစ္စတွေရှိလာပါတယ်။ ဒီနေရာမှာ အရေးယူတဲ့ အဖွဲ့အစည်းနဲ့ အရေးယူခံရတဲ့ မီဒီယာ ၂ ခုမှာ ဘယ်သူက ကိုယ့်အလုပ်ကို ကိုယ်က ရိုးဖြောင့်စွာလုပ်သလဲဆိုတာ အရေးယူခံရတဲ့ ဖြစ်စဉ်တိုင်းကို လေ့လာပြီး သိနိုင်ပါတယ်။ ဒါကြောင့် သတင်းသမားက ပြည်သူလူထုကို သတင်းအမှန်သိစေရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှ ဟာ ဥပဒေ နဲ့ ငြိစွန်းမှုကနေ လွတ်ကင်းစေရမှာဖြစ်ပြီး ပြည်သူလူထု သိသင့် သိထိုက်သော သတင်းအမှန်သိနိုင်စေရေးအတွက် အတားအဆီးဖြစ်စေတဲ့ အငြိအစွန်းဖြစ်စေတဲ့ ဥပဒေတွေသာလျှင် ပြင်ဆင်တည့်မတ်ဖို့လိုတယ်။ အဲဒီ လို ဥပဒေတွေကို အသုံးပြုနေတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထား ခံယူချက်တွေကသာလျှင် ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာ လို့ပြောချင်ပါတယ်။

၃။ စစ်ရေးကိစ္စတွေမှာ ဒီလို ထိန်းချုပ်ကန့်သတ်မှုတွေရှိတတ်ပါတယ်။ စစ်နယ်မြေဖြစ်သွားရင်တော့ ကျန်တဲ့ လူ့အဖွဲ့အစည်းမှာထားရှိတဲ့တန်ဖိုးတွေ ယုတ်လျော့ကုန်ပါတယ်။ ဒါဟာ ရှောင်လွှဲလို့ မရပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ စစ်နယ်မြေ အသေအခြာသတ်မှတ်ပြီး စစ်ပွဲနဲ့ ပတ်သက်ခြင်းမရှိတဲ့ ပြည်သူတွေကို စစ်နယ်မြေအပြင်ကို ဘေးကင်းစွာရောက်ရှိအောင် စီမံပေးရပါမယ်။ အဲဒီလို ဘေးကင်းရာ နေရာမှာတော့ မူလအတိုင်း အင်တာနက် အပါအဝင် အခွင့်အရေးတွေ ပြန်ရသင့်ပါတယ်။

ဦးနေလင်း (ခ) ဦးနေမျိုးလင်း
အယ်ဒီတာချုပ်
Voice of Myanmar (VOM) သတင်းဌာန

၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကိုသိနိုင်ဖို့ သတင်းမီဒီယာ ဥပဒေနဲ့အညီ လုပ်ကိုင်တဲ့ သတင်းအယ်ဒီတာတွေကို တရားစွဲတာခံနေရတဲ့အတွက် သတင်းလွတ်လပ်ခွင့်ကို ထိခိုက်နေပါတယ်။ တည်ဆဲဥပဒေလည်း ကြည့်ရ၊ သတင်းရယူတင်ပြပိုင်ခွင့်နဲ့ ချိန်ရနဲ့ မီဒီယာဥပဒေနဲ့ တည်ဆဲဥပဒေကြား ဗျာများပြီး သတင်းလွတ်လပ်ခွင့် ခရီးမတွင်ဖြစ်နေပါတယ်။

၂။ နိုင်ငံတော်ရဲ့ အကြီးအကဲတယောက်ကိုဝေဖန်တာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေကို ဝေဖန်တာနဲ့ တရားစွဲအရေးယူတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆက်သွယ်တာနဲ့ မတရားအသင်းအက်၊ အကြမ်းဖက် အက်တွေနဲ့ အရေးယူတာတွေက ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ကို သွားနေတယ်လို့ ခံစားရပါတယ်။

၃။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ အင်တာနက် လုံးဝပိတ်ဆို့ထားတဲ့ မြို့တွေရှိနေသလို သတင်းဝဘ်ဆိုဘ်တွေအပါအဝင် ဝဘ်ဆိုင် ၂၂၀ ကျော်ကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ဥပဒေမဲ့ ပိတ်ထားတာကို ခံနေရပါတယ်။ ဒါတွေဟာ အင်မတန်မှ ဒီမိုကရေစီကို အရုပ်ဆိုးစေပါတယ်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်
(ဥက္ကဌ ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)

၁။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေကတော့ ကျဆင်းနေပါတယ်။ ကျဆင်းနေတယ်ဆိုတာ မြန်မာကတင် မဟုတ်ဘဲ ကမ္ဘာကနေပါ လှမ်းကြည့်တဲ့အခါမှာ တစ်နှစ်ထက် တစ်နှစ် ကျ ကျ သွားတာကို ဒေတာတွေက ပြဆိုနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းအခြေအနေဟာဆိုရင် “ငါ့ အိမ်တံခါးကို ဘယ်နေ့ လာခေါက်ပြီးတော့ ဘယ်နေ့ ဖမ်းမလဲ” ဆိုတာ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတဲ့ အခြေအနေပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံတော်အတွက် မဖြစ်သင့်ဘူး။

၂။ ဒီမိုကရေစီနိုင်ငံ ရှင်သန်ဖို့ဆိုတာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေ လွတ်လပ်ရမယ်။ စာနယ်ဇင်းတွေ လွတ်လပ်မှုကို အားပေးရမယ့်အစား စာနယ်ဇင်းတွေကို စစ်တပ်ကအရေးယူလိုက်၊ အစိုးရက အရေးယူလိုက်နဲ့ ဖြစ်နေတယ်။ စစ်တပ်က အရေးယူတာတော့ ဘာမှမဆန်းဘူး၊ သူက နှစ်ပေါင်း ၆၀ လောက် ဒီအတိုင်းပဲ တို့နိုင်ငံကို ၁၉၆၂ ကစ ဖိနှိပ်လာလို့ စစ်တပ်က အရေးယူတာဟာ အဆန်းတကျယ်မဟုတ်ဘူး။ စစ်တပ်ဟာ ပြည်သူနဲ့ မနီးစပ်ဘူး၊ ပြည်သူကို မလိုလားတဲ့၊ ပြည်သူနဲ့ ဆန့်ကျင်ဘက်သွားနေတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ကိုတော့ ရှုံ့ချရုံမှ တပါး ဘာမှ ပြောစရာမရှိဘူး။ သို့သော်လည်း ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလို့ အမည်ခံထားတဲ့ အစိုးရက အကူအညီမပေးတာ၊ မစောင့်ရှောက်တာကိုတော့ ဝမ်းနည်းတယ်။ ဒါကတော့ အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်။ စာနယ်ဇင်းတွေ ဒီလိုဖြစ်နေတာကို အစိုးရက အကာအကွယ်မပေးတာကို ရှုံ့ချတယ်။

၃။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာပြောရမယ်ဆိုရင် နိုင်ငံတော်ပေါ်လစီမှာ၊ နိုင်ငံရေးမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ငြိမ်းချမ်းရေးရအောင် မကိုင်တွယ်နိုင်တဲ့ အကျိုးဆက်ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ စာနယ်ဇင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Facebook တွေ၊ တိုင်းရင်းသားဒေသတွေမှာ အင်တာနက် ဖြတ်တာတွေက နိုင်ငံရေးကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်တာ၊ မဆောင်ရွက်နိုင်တာ၊ အောင်မြင်မှုမရှိတာ၊ ကျရှုံးခြင်းရဲ့ အထိမ်းအမှတ်အနေနဲ့ အဲဒါတွေ ဖြစ်နေတာဖြစ်တယ်။ အဲဒါတွေကလည်း တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ချုပ်ချယ် တားမြစ်ရာ ရောက်တယ်။ ဒါကြောင့်မို့လို့ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ဘူးလို့ မှတ်ချက်ပြုချင်တယ်။

ဒေါ်တင်ဇာအောင်
အထွေထွေအတွင်းရေးမှူး
မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့

၁။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြောမယ်ဆိုရင်တော့ သိပ်ပြီးကောင်းလာတာ မရှိဘူးလို့ ပြောရမှာပါ။ RSF ( Reporters Without Borders) ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ညွန်းကိန်း ၂၀၂၀ စာရင်းကို ကြည့်မယ်ဆိုရင်လည်း ဒီနှစ် နိုင်ငံပေါင်း ၁၈၀ မှာ ၁၃၉ ဖြစ်နေတာကို တွေ့ရပါမယ်။ မနှစ်ကဆို ၁၃၈ ဆိုတော့ တဆင့်တောင် ကျသွားတာကို တွေ့ရမှာပါ။ ဒါက သိပ်ပြီး ကောင်းလှတာတော့ မဟုတ်ပါဘူး။ ၂၀၁၈ ကို ပြန်ကြည့်ရင်လည်း ၁၃၇ ဆိုတော့ တစ်ဆင့်ပြီး တစ်ဆင့် ညွန်းကိန်းက လွတ်လပ်ခွင့်မှာ ကျသွားတာကို တွေ့ရမှာပါ။ မြေပြင် အခြေအနေမှာလည်း သတင်းရယူခွင့် ခက်ခဲတာတွေ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အတွက် အဟန့်အတား ဖြစ်နေတာကို တွေ့ရပါမှာပါ။ သိပ်ပြီး ကောင်းလှတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

၂။ သတင်းမီဒီယာသမားတွေ အပေါ် ဖမ်းဆီး အရေးယူမှုတွေ ရှိနေတာကြောင့်လည်း စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဟာ မကောင်းနေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အချို့သော အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ဟာ တော်တော်လေးကို အကန့်အသတ် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ မီဒီယာတွေ ရှိနေဖို့ ရှင်သန်နိုင်ဖို့ဟာ တော်တော်လေး အရေးကြီးပါတယ်။ စီးပွားရေးအရ မနည်း ရုန်းကန်နေရ အခြေအနေမှာ ဖမ်းဆီး အရေးယူမှုတွေဟာ ထပ်ဆင့်လိုက်ပြီဆိုရင် လွတ်လပ်တဲ့ သိက္ခာရှိတဲ့ မီဒီယာ ရှင်သန်ဖို့ဆိုတာ တော်တော်ကို ခက်ခဲလာမှာပါ။ ဒီမိုကရေစီ နိုင်ငံတွေမှာ လုပ်သင့် လုပ်အပ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။

၃။ အင်တာနက်လိုင်းတွေ ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး ပိတ်သိမ်းတဲ့ ဘက်အနေနဲ့က သီးသန့် အမြင်တွေလည်း ရှိနေမှာပါ။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အင်တာနက်တွေ ပိတ်သိမ်းလိုက်တာဟာ အဲဒီ ဒေသအတွက် ၊ အဲဒီဒေသက ပြည်သူတွေအတွက် သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာ ရောက်နေပါတယ်။ အခုလို ကပ်ရောဂါ အချိန်ကာလကြီးမှာဆိုတော့ ဒါဟာ အဲဒီဒေသက ပြည်သူတွေ အတွက် တော်တော်လေးကို စိန်ခေါ်မှု ဖြစ်စေမှာပါ။ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပဲ ဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts