Editorial political news

မျိုးဆက်ပွား ကျန်းမာရေး (Sex Education) အသိပညာပေးမှုကို နိုင်ငံရေးတိုက်ကွက်အဖြစ် အမြတ်ထုတ် အသုံးမချသင့်ပါ

အယ်ဒီတာ့အာဘော်

မျိုးဆက်ပွား ကျန်းမာရေး (Sex Education) အသိပညာပေးမှုကို နိုင်ငံရေးတိုက်ကွက်အဖြစ် အမြတ်ထုတ် အသုံးမချသင့်ပါ

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာသင်ရိုးညွှန်းတမ်းများတွင် မျိုးဆက်ပွား ကျန်းမာရေး ၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု သင်ခန်းစာများကို ရေးဆွဲ၍ ကျောင်းသားကျောင်းသူများသင်ကြားပေးနိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ ယဉ်ကျေးမှုဟူသော ဘောင်၊ အရှက်အကြောက်ဆိုသော ဘောင်များဖြင့် ပွင့်လင်းမှုမရှိဘဲ ပိတ်ဆို့ကန့်သတ်ခဲ့သော လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများကို ယခုကဲ့သို့ သင်ရိုးညွှန်းတမ်းများဖြင့် သေချာစွာ စီမံ သင်ကြားပေးနိုင်ရန် စီစဉ်ခြင်းမှာ ကြိုဆိုရမည့် လုပ်ရပ်သာဖြစ်သည်။

အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ သက်ငယ်မုဒိမ်းမှုများ ကျူးလွန်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် ခုခံအားကျဆင်းမှု ရောဂါများ ကူးစက်ခံရခြင်းစသည့် ပြဿနာကြီးများက မြန်မာလူ့ဘောင်အသိုင်းအဝိုင်းတွင် ကြီးမားသော စိန်ခေါ်မှု အခက်အခဲများအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ ယင်းစိန်ခေါ်မှု အခက်အခဲကို တိုက်ဖျက်ရန်မှာ ကျောင်းသင်ခန်းစာများတွင် မှန်ကန်သော မျိုးဆက်ပွားကျန်းမာရေး ခေါ် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု Sex Education ဖြင့် တိုက်ဖျက်ရန်သာ ဖြစ်သည်။

အခြေခံပညာကျောင်းများမှစတင်၍ တက္ကသိုလ်များအထိ မျိုးဆက်ပွားပညာရေး လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု Sex Education ကို ကမ္ဘာ့နိုင်ငံအများအပြားတွင် လွန်ခဲ့သောဆယ်စုနှစ်များစွာခန့်ကပင် စတင်ခဲ့ကြပြီး လက်တွေ့တွင် အောင်မြင်မှုများရရှိနေခဲ့ကြပြီသည်။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုတူသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် လွန်ခဲ့သောဆယ်စုနှစ် ၄ ခုခန့်ကပင် သင်ရိုးညွှန်တမ်းတွင် မျိုးဆက်ပွားကျန်းမာရေး ( ခေါ်) လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု Sex Education ကို သင်ကြားခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများတွင် သင်ကြားနေရပြီဖြစ်သည်။

အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုသည် လိင်ဖြစ်တည်မှုပေါ်မူတည်၍ မိမိကိုယ်မိမိ နားလည်တတ်ရန်နှင့် အခြားသူများအပေါ် လေးစားမှု အပါအဝင် လိင်ဖြစ်တည်မှုအပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်သည့် လူမှုဘ၀ ပြဿနာများကို သိရှိနားလည်စေရန်၊ မျိုးဆက်ပွားကျန်းမာရေး အကြောင်း သေချာစွာ ရှင်းလင်း သိရှိရန်ဖြစ်သည်။ Sex Education သည် ကျား/မ လိင်ကွဲပြားမှု၊ တန်းတူညီတူမှုနှင့် လူ့အခွင့်အရေး အထိ ဆက်စပ်နေပြန်သည်။

ထိုင်းနိုင်ငံသည် ယခုအခါ နိုင်ငံတကာစံနှုန်းဖြစ်သည့် Comprehensive Sexuality education (CSE) ကို စာသင်ကျောင်းများတွင် စတင် အကောင်အထည်ဖော်နေခဲ့ပြီဖြစ်ပြီး သင်ကြားရေးဆိုင်ရာနည်းပညာများကိုလည်း စနစ်တကျ သုတေသနလုပ်၍ အဆင့်မြှင့်တင်လျက်ရှိနေသည်။

Sex Education ဟု ဆိုလိုက်သည်နှင့် လိင်ဆက်ဆံခြင်းတစ်ခုတည်းကိုသာ ကြည့်မြင်၍ ဖြစ်ပေါ်လာသော လူမှုပြဿနာများကို လျစ်လျူရှုပြီး ယဉ်ကျေးမှုနှင့်မကိုက်ညီ၊ အရှက်အကြောက်ကြီးသော မြန်မာ့လူ့ဘောင်အတွက် ၊ ဘာသာရေးအတွက် မကိုက်ညီဟု ဝေဖန်ပြောဆိုမှုများ မြန်မာ့လူ့ဘောင်တွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိသည်။

အရွယ်မတိုင်ခင် ကိုယ်ဝန်ရခြင်း ၊ သက်ငယ်မုဒိမ်းကျင့်ခံရခြင်း၊ မိမိ၏ လိင်စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ မုဒိမ်းမှုများ ကျယ်ပြန့်လာခြင်း၊ ကိုယ်ဝန်ဖျက်ရ၍ အသက်ဆုံးရှုံးရခြင်း ၊ လိင်ဆက်ဆံမှုမှစတင်၍ ရောဂါကူးစက်ခံရခြင်း၊ မိမိလိင်ဖြစ်တည်မှုကို နားမလည်၍ လူ့အသိုင်းအဝိုင်းတွင် လူမှုစီးပွား ဒုက္ခများ ဖြစ်ပေါ်ရခြင်း စသည့် ပြဿနာများသည် လုံလောက်သော Sex Education မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

မိဘများအနေဖြင့်လည်း စဉ်းစားရန်မှာ မိမိ၏ သားသမီးများအတွက် မျိုးဆက်ပွားပညာရေး အသိပညာကို မည်သည့်နေရာက ရယူကြမလဲဆိုသည်ကိုပင်ဖြစ်သည်။ ပညာရေးတွင် စနစ်တကျ ထည့်သွင်းထားခြင်းမရှိသည့်အတွက် ညစ်ညမ်းခွေများ ကြည့်ကာ သင်ယူကြရမည်လော၊ အပြာစာအုပ်များဖတ်၍ သင်ယူကြရမည်လော၊ သေချာနားမလည်သဖြင့် လက်တွေ့နယ်ပယ်တွင် အပျော်ရှာရင်း ဘဝနစ်မွန်းခံမည်လော စသည့် မေခွန်းများရှိနေသည်။

ပညာရေးတွင် မျိုးဆက်ပွားကျန်းမာရေးကို သင်ယူရခြင်းသည် အလွန်ကောင်းမွန်သည်။ အစုအဖွဲ့နှင့် သင်ယူရခြင်းဖြစ်၍ မိမိ၏ လိင်ဖြစ်တည်မှုနှင့်အခြားလိင်ဖြစ်တည်မှုများကို လေးစားတတ်ခြင်းဆိုသော ရလဒ်ကောင်းများ ရရှိမည်ဖြစ်သည်။

လက်ရှိ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးပညာပေးမှုကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းမှုနှင့်ပတ်သက်ပြီး ဝေဖန်နေကြသည်။ ဝေဖန်မှုများသည် ဒီမိုကရေစီသဘောတရားအရ လက်ခံရမည်ဖြစ်သော်လည်း နိုင်ငံရေးတိုက်ကွက်ဖော်၍ အသုံးချ အမြတ်မထုတ်ရန် အရေးကြီးသည်။ တချို့သော အဖွဲ့အစည်းများသည် လိုအပ်ချက်ဖြစ်နေသော မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုကို နိုင်ငံရေးတိုက်ကွက်အဖြစ် အသုံးချ၍ အမြင်မတူသူများနှင့် ရပ်တည်သလိုလိုဖြင့် နိုင်ငံရေးအမြတ်ထုတ်ရန် ဟန်ပြင်နေကြသည်။ ပြင်ဆင်နေကြသည်။ စိုင်းပြင်းနေကြသည်။

လက်ရှိ သင်ရိုးညွှန်းတမ်းများတွင် ပါရှိသော မျိုးဆက်ပွား ကျန်းမာရေး ပညာပေးမှုကို သဘောမတူလျှင် အားလုံး နားလည်လက်ခံမည့် မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှု သင်ခန်းစာများ ပေါ်ပေါက်ရန် ဝိုင်းဝန်းကူညီကြရမည်သာဖြစ်သည်။ သင်ရိုးညွှန်တမ်းများတွင် မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုများ ထည့်သွင်းခြင်းသည် မျိုးဆက်သစ် လူငယ်များအတွက် မရှိမဖြစ် အရေးကြီးသည်။

မျိုးဆက်သစ်များအတွက် Sex Education သင်ကြားပေးခြင်းကို နိုင်ငံရေးအမြင်ပုံစံ ပြောင်းလဲအောင် တိုက်ကွက်ဖော်၍ အမြတ်ထုတ်ခြင်းသည် မလုပ်သင့် မလုပ်အပ် မလုပ်ထိုက်သော လုပ်ရပ်ဖြစ်ပြီး ထိုသို့ အမြတ်ထုတ်ရန် ကြိုးစားလာမှုများကိုလည်း သဘောမတူ ရှုတ်ချသည်။

မျိုးဆက်သစ်များကို မှန်ကန်သော မျိုးဆက်ပွား အသိပညာပေးခြင်းဖြင့် မြန်မာ့လူ့ဘောင်တွင် နှစ်ပေါင်းများစွာ အခြေတည် ဖြစ်ပေါ်နေသော မျိုးဆက်ပွားဆိုင်ရာ လူမှု ပြဿနာများစွာကို ဖြေရှင်းပြေလည်စေမည်ဖြစ်ကြောင်း မီးမောင်းထိုးပြအပ်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts