All News Local News

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်ကြောင့် ရန်ကုန်အပါအဝင် တိုင်း/ ပြည်နယ်များတွင် မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်ကြောင့် ရန်ကုန်အပါအဝင် တိုင်း/ ပြည်နယ်များတွင် မိုးရွာနိုင်

ရန်ကုန်၊ မေ ၁၆

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်ကြောင့် ရန်ကုန်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး တချို့တွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင်(၅၉၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင်(၆၇၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၄၄၀)မိုင်ခန့်နှင့် ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် မိုင်(၆၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊မုန်တိုင်းငယ်၏ဗဟိုချက် လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ် (Depression)သည် နောက်(၆)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၁၇.၅.၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊အဆိုပါ မုန်တိုင်းငယ် (Depression)၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်း ဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts