All News Local News

ဗိုလ်တထောင်စေတီတွင် ရန်ကုန်တိုင်းအစိုးရက လူစုလူဝေးဖြင့် ဘာသာရေးပွဲကျင်းပမှု သမ္မတရုံးက ဖြေရှင်းချက်တောင်း၊ ဖြေရှင်းချက်ပေါ်မူတည်၍ စီမံဆောင်ရွက်မည်ဟုဆို

ဗိုလ်တထောင်စေတီတွင် ရန်ကုန်တိုင်းအစိုးရက လူစုလူဝေးဖြင့် ဘာသာရေးပွဲကျင်းပမှု သမ္မတရုံးက ဖြေရှင်းချက်တောင်း၊ ဖြေရှင်းချက်ပေါ်မူတည်၍ စီမံဆောင်ရွက်မည်ဟုဆို

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးသိန်း ဦးဆောင်၍ မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်စေတီတွင် ရှင်ဥပဂုတ္တရေမျှောပွဲ၊ အမတော်မြနန်းနွယ် ကျောင်းဆောင်ရွှေ့ပွဲ လူစုလူဝေးဖြင့် ကျင်းပမှုကို နိုင်ငံတော်သမ္မတရုံးက ဖြေရှင်းချက်တောင်းထားပြီး ဖြေရှင်းချက်ပေါ်မူတည်၍ စီမံဆောင်ရွက်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ယနေ့ ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ဧရာဝတီသတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ လူ ၅ ဦးထက်မစုရဆိုတာကို ဗိုလ်တထောင်ဘုရား ပေါ့ အဲဒီကိစ္စကို ကျနော်တို့ မေလ ၂၉ ရက်နေ့ပေါ့ မနေ့ကပဲ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကနေပြီးတော့ အတွင်းရေးမှူး ဒေါက်တာမြင့်ထွေး လက်မှတ်ထိုးပြီးတော့ ညွှန်ကြားချက်ထုတ်ထားတယ်။ အဲဒီညွှန်ကြားချက်ကတော့ COVID-19 မပြန့်ပွားဖို့အတွက် ဘာသာရေးပွဲတွေ ရိုးရာပွဲတွေ ရပ်ဆိုင်းထားဖို့၊ ညွှန်ကြားချက်တွေ၊ လူ ၅ ဦးထက် ပိုမစုဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ ၂၄ ရက် ၅ လ ၂၀၂၀ မှာ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော်ရေချမင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံ ပြုပြင်မွမ်းမံရေး၊ နောက် အမတော် မြနန်းနွယ် ကျောင်းဆောင် ပြုပြင်ရေးမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အခြေအနေကို သတင်းမီဒီယာတွေမှာ ဖော်ပြ ပါရှိလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆောလျင်စွာ ဖြေရှင်းတင်ပြဖို့ ကျနော်တို့ အကြောင်းကြားထားပါတယ်။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းတင်ပြဖို့ရှိပါတယ်။ အဲဒီဖြေရှင်းတင်ပြချက်ပေါ်မှာမူတည်ပြီးတော့ လူကြီးတွေက စီမံ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

ကိုဗစ်ကာလ ရန်ကုန်တိုင်းအစိုးရ၏ ဘာသာရေးကျင်းပမှုအပေါ် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး ဥပဒေချိုးဖောက်သောလုပ်ရပ်အဖြစ် အမှုဖွင့်တိုင်ကြားမှုများ ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts