All News Local News

ပြည်သူ ရွေးချယ်ခံ လွှတ်တော်အမတ်များ COVID-19 ရောဂါ စစ်ဆေးခံရမည်

ပြည်သူ ရွေးချယ်ခံ လွှတ်တော်အမတ်များ COVID-19 ရောဂါ စစ်ဆေးခံရမည်

ရန်ကုန်၊ မေ ၁၂

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မေလ ၁၈ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သည့်အတွက် လွှတ်တော်တက်ရောက်ကြမည့် ပြည်သူရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခံကြမည်ဖြစ်ကြောင်း မင်္ဂလာဒုံမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။

“ကျွန်တော်တို့ကိုတော့ ၁ဝရက်နေ့ လာဖို့ပဲမှာထားတာလေ။ ကျန်တာတော့ ထွေထွေထူးထူးပြောတာမရှိဘူး။ ကိုယ်စားလှယ်တွေထဲမှာတော့ ရန်ကုန်မြို့မှာ ရှိတဲ့ ပိုးအတွေ့များတဲ့ မြို့နယ်တွေက အိမ်မှာပဲနေဖို့ ညွှန်ကြားခံရတဲ့ မြို့နယ်၁ဝမြို့နယ်ရှိတယ်လေ။ အဲဒီ၁ဝမြို့နယ်ကို ဦးစားပေးပြီးတော့စစ်တယ်ပေါ့နော်။ ကျွန်တော်တို့ မြို့နယ်လည်းပါတာပေါ့။ နောက်ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကြာသာပတေးနေ့၊ သောကြာနေ့လောက်မှာ စစ်မယ်။ ကျွန်တော့်ဆီကနေပြီးတော့ နမူနာယူသွားပါပြီ။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သူ့ရက်နဲ့သူပေါ့”ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ ရောဂါပိုးတွေ့ရှိသူများနေထိုင်ရာ stay home သတ်မှတ်ထားသည့် တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လိူင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် တို့ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၇ဦးတို့ကို လက်ရှိချိန်တွင် စတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

“ စည်းကမ်းသတ်မှတ်ချက်ကတော့ ကိုယ်ရဲ့ တာဝန်ကိုယ်ယူရတဲ့ သဘောပါပဲ။ အတင်းအကျပ်ကြီး လုပ်တဲ့သဘောမျိုးမဟုတ်ပါဘူး။ ကိုယ်ရဲ့တာဝန်ယူမှုပေါ့။ မိမိကတစ်ခြား လူနဲ့ ထိတွေ့မှု ကို တတ်နိုင်သလောက်ရှောင်ပြီးတော့ အဆောင်မှာနေတာမျိုး ကျွန်တော်တို့ဖက်က တစ်ခုရှိတာက စားဖို့သောက်ဖို့တော့ စီစဉ်မပေးဘူး။ မိသားစုဝင်တွေ လည်းမပါလာဘူး။ အဲဒီခါကျတော့ အပြင်ကိုထွက်ပြီးတော့ ဈေးဝယ်တာလေးဘာလေးလုပ်ရတာပေါ့။ ကျန်တဲ့အချိန်မှာတော့ အဆောင်မှာပဲ နေကျတာများပါတယ်။ ကိုယ်စားလှယ်တွေ အဲဒါတော့ ကျွန်တော်တို့ မပြောတက်ဘူး။ ဒီပိုးတွေ့တယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်မယ်ထင်ပါတယ်” ဟု ဦးအောင်လှိုင်ဝင်းက ဆက်လက်ပြောဆိုသည်။

ပြည်သူရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးချက် ရလဒ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကက ၂၄နာရီအတွင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts