All News Local News Peace

နိုင်ငံ့ဘဏ္ဍာ တပ်မတော် ဖြုန်းတီးခြင်းမရှိ၍ NLDမှ ဒေါက်တာဒေါ်မေဝင်းမြင့်၏ ကျပ်သန်း ၂၂၇၀၀ လျှော့ချရန် အဆိုပြုမှု မလုပ်ဆောင်ရန် ကာကွယ်ရေးဝန်ကြီး တုံ့ပြန်

နိုင်ငံ့ဘဏ္ဍာ တပ်မတော် ဖြုန်းတီးခြင်းမရှိ၍ NLDမှ ဒေါက်တာဒေါ်မေဝင်းမြင့်၏ ကျပ်သန်း ၂၂၇၀၀ လျှော့ချရန် အဆိုပြုမှု မလုပ်ဆောင်ရန် ကာကွယ်ရေးဝန်ကြီး တုံ့ပြန်

ရန်ကုန်၊ မေ ၂၇

တပ်မတော်အနေဖြင့် နိုင်ငံ့ဘဏ္ဍာ ဖြုန်းတီးခြင်းမရှိ၍ NLD အမတ် ဒေါက်တာဒေါ်မေဝင်းမြင့်အဆိုပြုသော ကာကွယ်ရေးဘတ်ဂျက်မှ ကျပ်သန်း ၂၂၇၀၀ လျှော့ချခြင်းကို မဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တုံ့ပြန်ပြောဆိုလိုက်သည်။

မေလ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က ငွေကျပ်သန်း ၂၂၇၀၀ ကာကွယ်ရေးဘတ်ဂျက်မှ လျှော့ချရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက “တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာဖြုန်းတီးခြင်းမရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားနှင့် အိမ်နီးချင်းတပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်ကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါး နိုင်ငံနှင့်နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက် အဆင့်မြင့်အောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်မှာ ခေတ်မီ အဆင့်မြင့် အဆောက်အအုံများ မတတ်နိုင်သေးသော်လည်းပဲ အမိုးအကာ လုံလုံခြုံခြုံအောက်မှာ ကျန်းကျန်းမာမာ နေထိုင်စားသောက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာလည်း မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု လွှတ်တော်တွင် လာရောက်ပြောဆိုသွားသည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ပြောဆိုခဲ့သော ကာကွယ်ရေးဘတ်ဂျက် သန်း ၂၂၇၀၀ မလျှော့ချရန် ကာကွယ်ပြောဆိုသော စကားရပ် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ပထမအချက်အနေနဲ့ သာမန်အသုံးစရိတ် လျာထားချက် ပိုမိုတောင်းခံခြင်းဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အမှုထမ်းပို့ဆောင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြည့်စွက်တောင်းခံခြင်း ကျပ် ၂၁ ဒသမ ၉၅၅ ဘီလီယံနဲ့ပတ်သက်၍ ယင်းတောင်းခံငွေများမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအတွက် စစ်ဆင်ရေး နေ့တွက် အထူးနှုန်းထားပြောင်းလဲခြင်းကြောင့် ထပ်မံ လိုအပ်ငွေကို ဖြည့်စွက်တောင်းခံထားခြင်း ပါဝင်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှ စ၍ တာဝန်ဖြင့် ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွား နေ့တွက်စရိတ်နှုန်း ကို ကျပ် ၃၀၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် လိုအပ်သည့် ဒေသန္တရ ဝယ်ယူခြင်းများ ပြုလုပ်နိုင်ရန် ဝန်ထမ်း နေ့တွက် စရိတ်၏ ၂၅ ရာခိုင်နှုန်း ကို စစ်ဆင်ရေး အထူးစရိတ်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်ပါသဖြင့် ယခင် တစ်နေ့ ကျပ် ၇၅၀ နှုန်းမှ ယခု နေ့တွက ်စရိတ် ကျပ် ၄၈၀၀ ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ကျပ် ၂၂၀၀ နှုန်း တိုးမြှင့်ပေးအပ်နိုင်ရန် အထက်ဖော်ပြပါ ငွေများ လိုအပ်ခြင်းဖြစ်ပါတယ်။

ဝန်ထမ်းများ နေ့တွက် စရိတ်ပြောင်းလဲသဖြင့် စစ်ဆင်ရေး အထူးစရိတ် နေ့တွက်စရိတ် နှုန်းတား တိုးမြှင့်နိုင်ရန် အလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာန လုံခြုံရေးကောင်စီအစည်းအဝေး စီးပွားရေးရာ ကော်မတီ အစည်းအဝေး ပြည်ထောင်စုအစိုးရအဖွဲ့ တို့သို့ တစ်ဆင့်ပြီး တစ်ဆင့် တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်မှု ထမ်းများအတွက် ၁ ၅ လ ၂၀၁၉ ရက်မှစ၍ ကျပ် ၂၂၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ခွင့်ပြုချက်ရသည့် ရက်စွဲမှာ သြဂုတ်လ ၂၂ ရက် ဖြစ်သဖြင့် မူလ ခန့်မှန်းခြေစာရင်း BE တွင် တောင်းခံရန် မမှီတော့သဖြင့် ဖြည့်စွက် တောင်းခံငွေအဖြစ်တောင်းခံရခြင်းဖြစ်ပါတယ်။ ရုံးလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် မဆောင်ရွက်နိုင်သဖြင့် ကျနော်တို့ရုံးမှာ တာဝန်ရှိပါတယ်။ သို့ပါသော်လည်း စစ်ဆင်ရေး နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေရသော စစ်မှုများ ရသင့်ရထိုက်သည့် ခံစားငွေများ မဆုံးရှုံးစေရန်အတွက် ပြည်ထောင်စုလွှတ်တော်က မိမိတို့ တောင်းခံငွေကို ဖြတ်တောက်ခြင်းမပြုဘဲ ခွင့်ပြုပေးပါနိုင်ရန် တင်ပြလိုပါတယ်။

ဒုတိယအချက်အနေနဲ့ တပ်မြို့စည်ပင်သာရေးအဖွဲ့များအတွက် ထပ်မံငွေ လိုအပ်ငွေ ကျပ်သန်း ၈၂ ဒသမ ၇ တောင်းခံခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ထောက်ပြထားသကဲ့သို့ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များ၏ အခွန်အကောက်ရငွေများကိုသာ တောင်းခံခြင်းဖြစ်ပါခြင်းနှင့် တပ်မြို့ စည်ပင်သာယာရေး အဖွဲ့၏ အသုံးစရိတ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတအားတာဝန်ခံပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

တတိယအချက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်အဆိုပြုတဲ့ ဓာတ်ဆီ စက်ဆီ တောင်းခံငွေမှ ကျပ်သန်းပေါင်း ၁၀၀၀၀ လျှော့ချ ခွင့်ပြုဖို့နဲ့ ခရိးစရိတ်နဲ့ နေ့တွက်စရိတ်မှ ကျပ်သန်း ၁၀၀ လျှော့ချဖို့ ကိစ္စများနဲ့ပတ်သက်၍ ယခု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေသည့် အကြောင်းအရာဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်တောင်းခံထားသော ကိစ္စရပ်များမဟုတ်ပါသဖြင့် သီးခြားဖြေကြားခြင်းမပြုတော့ပါကြောင်း တင်ပြလိုပါတယ်။

စတုတ္တအနေဖြင့် ပစ္စည်းပို့ဆောင်ရေးအတွက်ကျပ်သန်း ၁၂ ၉၆ ဒသမ ၃၇ သန်းတောင်းခံခြင်းနှင့်ပတ်သက်၍ ယခုဘဏ္ဍာရေးနှစ်အတွင်း စစ်ဆင်ရေး ဒေ သများဖြစ်သည့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ် ဒေသများသို့ ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီများနဲ့ စစ်ဆင်ရေး အထောက်အကူပြု ပစ္စည်းများ ပို့ဆောင်ရာမှာ လိုအပ်တဲ့ ငှားရမ်းခများ ပေးချေရန် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ကိုဗစ်ကြောင့် ခရီးသွားလာနိုင်ခြင်းမရှိဟု ဆိုသော်လည်းပဲ ကျနော်တို့ရဲ့ စစ်သည်တော်များဟာ ဝေးလံ ခေါင်းသီလှတဲ့ ဒေသတွေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တည်မြဲခိုင်မာနေဖို့ နေ့စဉ်နှင့်အမျှ တိုင်းပြည်တာဝန်ကို သက်စွန့်ကြိုးပမ်းထမ်းဆောင်လျက်ရှိပါတယ်။

ကြုံကြိုက်လို့ တင်ပြရရင် AA အကြမ်းဖက်သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုနဲ့ ကစ္ဆာပနဒီမြစ် ရေကြောင်းကျပ်တဲ့ အခြေအနေများအရ ချင်းပြည်နယ် ပလက်ဝမြို့သို့ တပ်မတော်ရဟတ်ယာဉ်များအသုံးပြု ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိရာမှာ တပ်မတော်သားများအတွက်သာမက ဒေသခံများ နိုင်ငံ့ဝန်ထမ်းများ ဘဏ်ငွေများ အခြေခံပညာ အထက်တန်းစာမေးပွဲ မေးခွန်းများ၊ အဖြေလွှာများ၊ စသည်ဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသော အထောက်အကူများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုပါတယ်။

ဝန်ကြီးဌာနတစ်ခုမှ ရဟတ်ယာဉ် ဝယ်ယူထားကြောင်း သိရတဲ့အတွက် ၎င်း ရဟတ်ယာဉ်ကို သုံးကြည့်ပါက ရဟတ်ယာဉ်အတွက် ကုန်ကျစရိတ် မည်မျှရှိတာကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ လေ့လာ ကြည့်စေလိုပါတယ်။ လတ်တလောအနေနဲ့ ပလက်ဝ ဒေသခံပြည်သူများ ရိက္ခာမပြတ်တောက်စေရန် တပ်မတော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ NGO များနဲ့ WFP က ထောက်ပံ့လှူဒါန်းတဲ့ ဆန်အိတ်များ ဆေးဝါးများ စားကုန်များကို တပ်မတော်ပိုင်ယာဉ်များနဲ့ အောင်မြင်စွာ သယ်ယူပို့ဆောင်ပေးနိုင်တာတွေ့မြင်နိုင်ပါတယ်။

ဒါဟာ တပ်မတော်အနေနဲ့ နိုင်ငံတော်လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး မှာ နိုင်ငံတော်အစိုးရကို အားဖြည့် ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်းခံထားတဲ့ ပစ္စည်းပို့ဆောင်ရေး စရိတ်များကိုလည်း လျှော့ချခြင်းမပြုဖို့ ပန်ကြားလိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ကာကွယ်ရေး ငွေလုံးငွေရင်း အသုံးစရိတ်မှ လက်ကျန်ငွေများ ရှိနေတဲ့အကြောင်းပြောကြားတဲ့ကိစ္စဖြစ်ပါတယ်။ အဆိုပါငွေများဟာ မြေယာ လျှော်ကြေးငွေများဖြစ်ပြီး တပ်ပိုင်မြေသိမ်းဆည်းခြင်းအတွက် လယ်မြေ ယာမြေဥယျာဉ်ခြံမြေပေးလျှော်နေခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်များထံ စိစစ်ပေးအပ်နေသည့် အလျှောက်ကျနော်တို့ တောင်းခံထားတဲ့ငွေများကို လျှော့ချမည်ဆိုပါက မြေယာလျှော်ကြေးရရှိမည့် ပြည်သူလူထုကို ထိခိုက်နစ်နာစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယင်းငွေများကိုလည်း လျှော့ခြင်းမပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ် ။ အချုပ်အားဖြင့် တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာဖြုန်းတီးခြင်းမရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားနှင့် အိမ်နီးချင်းတပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်ကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါး နိုင်ငံနှင့်နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက် အဆင့်မြင့်အောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

တပ်မတော်မှာ ခေတ်မီ အဆင့်မြင့် အဆောက်အအုံများ မတတ်နိုင်သေးသော်လည်းပဲ အမိုးအကာ လုံလုံခြုံခြုံအောက်မှာ ကျန်းကျန်းမာမာ နေထိုင်စားသောက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာလည်း မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ “

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts