interview Peace political news

” နိုင်ငံရေးရဲ့ ဖိနှိပ်မှု သင်းကွပ်မှု သဘောမျိုးလို ပြောလို့ရပါတယ်။ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်”

” နိုင်ငံရေးရဲ့ ဖိနှိပ်မှု နိုင်ငံရေး သင်းကွပ်မှု သဘောမျိုးလို ပြောလို့ရပါတယ်။ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်”

ရခိုင်အမျိုးသားပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်အေးနုစိန်နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အမှု ၂ ခုဖြင့် ပြစ်ဒဏ်ကျခံနေရသော အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခွင့်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ရခိုင်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဒေါ်အေးနုစိန်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ပြီး နောင် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့် မရှိဘူးလို့ ကြေညာတော့ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ ဒါနိုင်ငံရေးရဲ့ ဖိနှိပ်မှု အဲဒါထက် ပိုပိုသာသာပြောရမယ်ဆိုရင် နိုင်ငံရေး သင်းကွပ်မှု သဘောမျိုးလို ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း ကမ္ဘာသိခေါင်းဆောင်လည်းဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ အဲဒီအနေအထားမှာ ဟောပြောပွဲ ။ နှုတ်နဲ့ ပြောတဲ့ဟောပြောပွဲ။ ကျမ အထူးပြုပြီးတော့ စကားအားဖြင့် နှုတ်အားဖြင့် ပြောတဲ့ဟောပြောချက်တစ်ခုကြောင့် နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဆန့်ကျင်ပြီးတော့ နိုင်ငံတော်ပုန်ကန်မှု အပြစ်ပေးခံရတယ်၊ အယူခံ အဆင့်ဆင့်ကိုအပယ်ခံရတယ်။ အတည်ဖြစ်တယ်ဆိုကတည်းကကို နိုင်ငံရေးသမားတစ်ဦးကို နိုင်ငံရေးအရ ဖိနှိပ်လိုက်တာ၊ နောက်ထပ် တည်ဆဲအစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီဆိုရင် ရွေးကောက်ပွဲတွေ ဆက်လက် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးဆိုတဲ့ တားမြစ်ကန့်သတ်ချက်တွေကလည်းရှိတယ်ဆိုတော့ အဲဒီအချက်အလက်ဟာ ဒီလွှတ်တော် အခင်းအကျင်း ရွေးကောက်ပွဲ အခင်းအကျင်း၊ ဥပမာ- ပါတီဥက္ကဋ္ဌတော့လုပ်လို့ရတာပေါ့။ ပါတီမှာတော့လုပ်လို့ရတယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်လို့ရတယ်။

ရွေးကောက်ပွဲတော့ ဝင်လို့မရတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလောက် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ပေါ် ကျော်ကြား လူသိများခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလိုစပြီးအမှုစွဲတယ်။ ဒီလို ပုဒ်မတွေနဲ့ အပြစ်ပေးတယ်။ အမှု ၃ ခုစွဲတယ်။ ၂ ခုနဲ့ အပြစ်ပေးတယ်ဆိုတာကတော့ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက် နှိပ်ကွပ်မှု လုပ်ကြံတယ်ဆိုတာကလွဲလို့တော့ ကျမက အခြား အဓိပ္ပာယ်ဖွင့်ဆိုစရာ မလိုလောက်အောင်ကို ရှင်းနေတဲ့ကိစ္စလို့ မြင်ပါတယ်။

မေး။ ။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာအေးမောင်နဲ့ပတ်သက်လို့ ကြေညာချက်က ရခိုင်တိုင်းရင်းသား နိုင်ငံရေးနယ်ပယ်မှာ ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။ ရခိုင်မှာ ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာ ဘယ်လို အနေအထား တွေဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ ကျမတို့က နှစ်ပိုင်းခွဲပြီးတော့ ပြောချင်တယ်။ နိုင်ငံရေးလုပ်ပြီဟဲ့ဆိုရင် အတွေးအခေါ် အယူအဆ မကိုက်ညီရင် အသားစီးရထားတဲ့ အုပ်ချုပ်သူ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ကိုယ်နဲ့မတူတဲ့သူတွေကို ဒီလိုပဲ တရားစွဲတာမျိုးတွေ ထောင်ချတာမျိုးတွေ ရှိလာစမြဲပါပဲ။ မြန်မာ့နိုင်ငံရေး လွတ်လပ်ရေးရပြီးကတည်းက အခင်းအကျင်းတွေကို ကြည့်ရင် အစိုးရတစ်ခုတက်လာရင် အဲဒီအစိုးရနဲ့ဆန့်ကျင်တဲ့အုပ်စုတွေ ထောင်ထဲရောက်သွားကြတယ်။ နို့မို့မဟုတ်ရင် တောခိုမယ်ပေါ့နော်။ အဲဒါမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ဖြစ်တတ်ပါတယ်။ အဖြစ်အပျက်က သိပ်မထူးဆန်းတဲ့ကိစ္စပါပဲ။ ကမ္ဘာမှာလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ မတည့်တဲ့ လူက အစိုးရဖြစ်သွားရင် အစိုးရဖြစ်သွားတဲ့သူက ကိုယ်နဲ့ မတည့်တဲ့သူကို ဒီလိုပဲ အပြစ်တွေနဲ့ ထောင်ချကြတာဆိုတာက ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ရှိကြစမြဲပါပဲ။ မင်ဒဲလားကိုပဲ ပြောမလားပေါ့လေ။ အဲဒါမျိုးတွေရှိတယ်ဆိုတော့ ဒီအခင်းအကျင်းအဖြစ်အပျက်က သိပ်ဆန်းကြယ်တဲ့အရာမဟုတ်ဘူး။ နိုင်ငံရေး နယ်ပယ်ထဲမှာ။

ဒါပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ၂၀၁၈ က ဖြစ်ခဲ့တဲ့ ကိစ္စ ။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဆိုတာကတော့ မလွဲမသွေ ဖြစ်ကို ဖြစ်ရမယ်ပေါ့နော်။ ဒီအနေအထားမှာ တရားစွဲခံရတယ်ဆိုကတည်းက နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုခံရကတည်းက ထောင်မချဘူးဆိုရင် ချခဲ့ရင်လည်း အယူခံ ရုံးတစ်ရုံးက ပယ်ဖျက်လိုက်ရင် ဒေါက်တာအေးမောင်ဟာ ရွေးကောက်ပွဲ နယ်ပယ်ထဲ ဝင်လို့ရတာပေါ့။ အခုက အယူခံ အဆင့်ဆင့်မှာလည်း မူလရုံးအမိန့်ကို အတည်ပြုပြီးတော့ အတည်ဖြစ်နေတယ်ဆိုတော့ ရွေးကောက်ပွဲဝင်ဖို့ နေနေသာသာ ထောင်ထဲမှာ အခုက နှစ် ၂၀ ဆိုတော့ နှစ်သစ်ကူး သမ္မတ လွတ်ငြိမ်းချမ်းသာမှာလည်း ခံစားခွင့်က ၅ နှစပဲ ရတာကိုး။ ဆိုတော့ ထောင်သက်ကလည်း ၂ နှစ်ကျော်။ ဆိုတော့ ၇ နှစ်ပဲ ထောင်ကျထားပြီးတော့ ထောင်ထဲက လွတ်မလာနိုင်တဲ့ အနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲက လိုလည်း လိုပါသေးတယ်။ ဒီလို ကန့်သတ်လိုက်တာက ဥပဒေမှာက ရှိနေတာကိုး။ လွတ်တဲ့အခါမှာတော့ တစ်စုံတစ်ရာနည်းနဲ့ ပယ်ဖျက်တာမျိုး၊ ဖြေလျှော့တာမျိုးလည်း ကြုံရမှာပဲ။ ရွေးကောက်ပွဲဝင်လာနိုင်တဲ့ အနေအထားတွေ ရှိတာပေါ့။

မေး။ ။ ရခိုင်ပြည်သူတွေရဲ့ တုံ့ပြန်မှု ၊ ပြည်သူတွေအပေါ် သက်ရောက်မှုကရော ဘယ်လိုရှိမလဲ။ ပြည်သူက ရွေးချယ်ထားတဲ့ အမတ်တစ်ဦး ပယ်ဖျက်ခံရတာ၊ ရွေးကောက်ပွဲ ထပ်မဝင်နိုင်တာနဲ့ပတ်သက်လို့ပေါ့။

ဖြေ။ ။ ဒေါက်တာအေးမောင်က ခေတ်သစ်ပါတီနိုင်ငံရေးလို့ ပြောကြတဲ့ နိုင်ငံရေးလောကမှာ အချိန်တိုအတွင်းမှာ တကယ့်ကို ရေပန်းစား လူကြိုက်များတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာကိုတော့ ငြင်းလို့မရဘူးလေ။ ဆိုတော့ သူ့အပေါ်မှာ ဒီလို အနေအထားတွေနဲ့ ဆောင်ရွက်လိုက်တဲ့ အခင်းအကျင်းမှာတော့ ရခိုင်ပြည်သူတွေကတော့ မခံမရပ်နိုင်ဖြစ်ခဲ့ကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဒီလို နှိပ်ကွပ်လိုက်ပြီဟဲ့ ဆိုကတည်းက ကို ရခိုင်ပြည်သူတွေမှာတော့ ခံစားချက် တွေ ခံပြင်း ချက်တွေ မကျေမချမ်းတာတွေတော့ ရှိခဲ့ကြတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။

မေး။ ။ ဒေါက်တာအေးမောင်နဲ့ပတ်သက်ပြီး လက်ရှိ ကြုံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ရခိုင်လူထုဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ခံစားချက် ပျယ်ပြယ်နေတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒီစစ်ဘေးနဲ့ပဲ ဒုက္ခတွေကြားမှာ အတွေးအခေါ် အယူအဆ ခံစားချက်တွေ ပြောင်းလဲနေကြတယ်။ ဟိုတုန်းကလို ရခိုင်နိုင်ငံရေးဟာ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်။

ကိုယ်တို့ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်မယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ လမ်းကနေ သူတို့ရဲ့ လက်တွေ့ခံစားနေရတဲ့ စစ်ရေး ဒုက္ခတွေကြားမှာတော့ ရွေးကောက်ပွဲဆိုင်ရာ နဲ့ပတ်သက်ပြီးတော့ ရခိုင့်စကားလိုဆိုရင် အာဟာရပြတ်တယ်ခေါ်မလား ခံတွင်းပျက်တယ်ခေါ်မလား ခံတွင်းပျက်နေကြတဲ့အချိန်ဆိုတော့ နည်းနည်းလေးတော့ အရင်ထက်စာရင်တော့ စိတ်ထဲမှာ ခံစားရပေမယ့် လှုပ်လှုပ်ခတ်ခတ်တွေကတော့ ရွေးကောက်ပွဲတစ်ခုတည်းကို မူတည်ပြီးတော့ အားကိုးနေတဲ့ အချိန်အခါထက် နည်းနည်းလေး ခံသာတယ်လို့ပဲ ပြောချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts