All News Local News

ဒဿမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း သံဃာများကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသူ ပုဒ်မ ၂၉၅ (က) တရားစွဲခံရပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့

ဒဿမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း သံဃာများကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသူ ပုဒ်မ ၂၉၅ (က) တရားစွဲခံရပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့

ရန်ကုန်၊ မေ ၁၉

အခြေခံပညာရေး၊ ဒဿမတန်း သင်ရိုးသစ်တွင် ပါဝင်သည့် Sex Education နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် Kyaw Win Thant Account ဖြင့် ဝေဖန်ရေးသားစဉ် သံဃာတော်များကိုပါ ဝေဖန်ရေးသားခဲ့မှုဖြင့် ရေးသားသူကို မိတ္ထီလာမြို့နယ်တရားရုံးတွင် ပုဒ်မ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုဖြင့် တရားဦးတိုက်လျှောက်ထားတရားစွဲဆိုထားကြာင်း မိတ္ထီလာဒေသခံ ကိုခင်ကိုလတ်ကပြောဆိုသည်။

“ ၂၉၅ (က) ပေါ့။ အဲဒီပုဒ်မက စခန်းမှာ မဖွင့်ဘူး။ တရားရုံးကို ဦးတိုက်လျောက်တာလေ ခရိုင်သာသနာရေးကနေပြီးတော့ ဦးတိုက်လျှောက်တာ မိတ္ထီလာမြို့နယ် တရားရုံးမှာ ဦးတိုက်လျောက်တယ်။ မိတ္ထီလာခရိုင်သာသနာရေးပေါ့။ ခရိုင်သာသနာရေးမှူး ဦးကျော်ကျော်အောင်က တရားလိုလုပ်တာပေါ့။ ဘယ်နေ့ တရားရုံးတင်မယ်ဆိုတာတော့ မသိသေးဘူး။ အခုမှ ဦးတိုက်လျှောက်တာလေ” ဟု ၎င်းကပြောဆိုသည်။

Kyaw Win Thant အကောက်ပိုင်ရှင်သည် ယနေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတိုက်တွင် မြို့နယ် သံဃနာယကဆရာတော်များနှင့် ကျောင်းထိုင်ဆရာတော်တို့ကို ၎င်းရေးသားဖော်ပြထားချက်နှင့် ပတ်သက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း၊ ထိုသို့ လာရောက်တောင်းပန်စဉ် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ကတော့ လောလောဆယ် သူ့ကိုတရားထပ်စွဲဖို့ အစီစဉ်မရှိသေးဘူး။ တချို့တော့ ၆၆(ဃ)နဲ့ဆိုပြီးတော့ မိတ္ထီလာမြို့နယ်ဒေသခံတွေက အားသန်နေတာရှိတယ်။ အဲတာကိုတော့ သူတို့ ဘယ်လိုလုပ်ကြမလဲတော့ မသိသေးဘူး။ ၆၆(ဃ)ကတော့ ဒါပေမယ့် သာသနာရေးက လုပ်ပြီဆိုတော့လည်း သူတို့က ကျေနပ်မှာပါ။ ကျေနပ်မယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ လာရောက်တောင်းပန်းတုန်းကလည်း သူတို့စိတ်ထဲမှာ သူတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်ခဲ့ရတယ်လေ။ လက်ထိတ်ခတ်ခေါ်ရမယ်တို့ တောင်းပန်ရမယ်တို့ သူက လူထုကိုလည်းတောင်းပန်တယ်။ ဆရာတော် ဘုရားကြီးတွေကိုလည်း တောင်းပန်ခဲ့တာကို” ဟု ကိုခင်ကိုလတ်က ဆက်လက်ပြောဆိုသည်။

ယနေ့ မိတ္တီလာတွင် လူစုလူဝေးဖြစ်ပေါ်ချိန်သည် COVID-19 ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရက လူစုလူဝေးမလုပ်ရ ဆိုသော အမိန့် ထုတ်ပြန်ထားချိန်ဖြစ်ပြီး အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန် အမိန့်ထုတ်ထားချိန်လည်းဖြစ်သည်။

သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က သည် လူတန်းစားတစ်ခု ကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစ်စု၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုဖြစ်ပြီး ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားပြီး အာမခံမပေးနိုင်သော ပုဒ်မဖြစ်သည်။

Photo : Win Ko Ko’s FB

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts