All News Local News

ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဖယ်ရှားရေး ရပ်ကွပ်အုပ်ချုပ်ရေးမှူးများစုပေါင်းတောင်းဆို

ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဖယ်ရှားရေး ရပ်ကွပ်အုပ်ချုပ်ရေးမှူးများစုပေါင်းတောင်းဆို

ရန်ကုန်၊ မေ ၂၁

ကယားပြည်နယ်၊ ဒီမော့ဆို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ဦးဉာဏ်လှိုင်းကို တာဝန်မှရပ်ဆိုင်းပေးရန်အတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ဦးခန့်က မေလ ၁၃ရက်နေ့တွင် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့ကို စုစုပေါင်း လက်မှတ်ရေးထိုးထားသော စာတစ်စောင် တင်ပြထားကြောင်း ကရင်နီလူငယ်ခေါင်း ကိုဒီးဒီကပြောဆိုသည်။

“ သူက အဓိကကတော့ ဖုန်းဟန်းစက်တွေပေါ့။ ဒီတိုင်းလည်းပြောလို့ရသလို ကဒ်ထည့်ပြီး စကားပြောလို့လည်းရတာပေါ့။ အဲတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အတင်းပေးပြီးတော့မှ ရောင်းတဲ့ပုံစံပေါ့။ လုပ်တာရှိတယ်။ အဲဖုန်းတွေက တစ်ချို့နေရာတွေမှာ လိုင်းမမိဘူး။ အင်တာနက် စရိတ်တွေကိုလည်း အုပ်ချုပ်ရေးမှူးတွေက မတက်နိုင်တော့ ပြန်အပ်ရတယ်။ သို့သော် သူက အတင်းပြန်ယူခိုင်းတဲ့ ပုံစံတွေရှိတယ်။ နောက်တစ်ခြားကိစ္စတွေကတော့ ဆက်ဆံရေးမပြေလည်ဘူးပေါ့ဗျာ။ သူ့အောက်က ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စကားချိန်မှာ မောက်မာတာတွေရှိတယ်။ ကုန်းမြင့်လယ်ယာ ဖော်ဆောင်တဲ့နေရာမှာလည်း ဒေသခံတွေနဲ့ သေချာမတိုင်ပင်ဘူးပေါ့။ အဲလိုမျိုးတွေလုပ်တယ်။ နောက် အာဏာအလွဲသုံးစားလုပ်တာတွေရှိတယ်။ နောက် တင်ပြတဲ့ဟာတွေကိုလည်း လျစ်လျူရှုတာတွေရှိတယ်။ နောက် သူကတာဝန်ယူ တာဝန်ခံမှုမရှိဘဲနဲ့ တစ်ခုခုဖြစ်လာရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လွှဲချတယ်။ အဲတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူး။ အဲတာနဲ့ သူ့လက်အောက်မှာ အလုပ်မလုပ်ကြတော့ သူ့ကိုဖြုတ်ချပေးဖို့ စာတင်ကြတယ်ပေါ့” ဟု ၎င်းကပြောဆိုသည်။

ကယားပြည်နယ် အရပ်ဖက်အဖွဲ့များဖြစ်သည့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ (KSFU) ၊ ကယားပြည်နယ်မြေယာနှင့် သဘာဝပတ်ဝန်းကျင် အခွင့်အရေးလှုပ်ရှားမှုကွန်ရက် (KEAN) ၊ ကရင်နီ MATA ၊ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တို့က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ရပ်ကို ထောက်ခံကြောင်း မေ ၁၉ရက် ရက်စွဲဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ထောက်ခံကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက အကယ်၍ ဒီတောင်းဆိုတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အရေးယူတာလုပ်ရင်တော့ ကျွန်တော်တို့ကတော့ ပြည်သူလူထုဆန္ဒအတိုင်း ဝန်းရံသွားမယ်” ဟု ကိုဒီးဒီကပြောဆိုသည်။

ပြည်သူများကို အမှန်တကယ် စေတနာဖြင့် ကူညီဆောင်ရွက်ပေးသော ပြည်သူ့ဝန်ထမ်းများ ဖြစ်ရေးနှင့်အတူ ကောင်းမွန်သော အစိုးရယန္တရားဖြစ်ပေါ်လာရေးကို အထောက်အကူ ပြုရန်၊ ဒေသအခြေအနေကို နားလည်ပြီးအစိုးရနှင့် ပြည်သူကြား အမှန်ကိုအမှန်အတိုင်း ရပ်တည်ပေါင်းကူးပေးသော ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးမှူးကောင်းများ ပေါ်ပေါက်လာစေရန်၊ မိမိတက်လမ်းတစ်ကိုယ်ရေစာကိုသာကြည့်ပြီး အောက်ခြေပြည်သူများနှင့် အုပ်ချုပ်ရေးမှူးများအား ဖိနှိပ်ချုပ်ချယ်အာဏာပြတတ်သည့် ဗျူရိုခရက်ဆန်သော အုပ်ချုပ်ရေးမှူးများကို နောင်တွင်တားဆီးနိုင်ရန်၊ အထက်ဖာအောက်ဖိ အုပ်ချုပ်ရေးမှူးများ အခြားသောဒေသမှ ပြစ်ချက်များကြောင့် ပညာပေးအနေဖြင့်လည်းကောင်း အငြိမ်းစားပင်စင်နီးဝန်ထမ်းများ ဝန်ထမ်းဆိုးများအား ကယား(ကရင်နီ) ပြည်နယ်သို့ ပို့လွှတ်ခန့်အပ်ခြင်းများ နောင်တွင်မပြုလုပ်ရန် တောင်းဆိုရင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်တည်ကြောင်း သဘောထားထုတ်ပြန်အပ်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒီမော့ဆိုမြို့နယ်အုပ်ချုပ်မှူး၏ တုံ့ပြန်ချက်ရယူရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts