All News Local News

တဲ့ပြောသတင်းအယ်ဒီတာချုပ်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု လက်ခံနိုင်စရာမရှိဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူးပြော

တဲ့ပြောသတင်းအယ်ဒီတာချုပ်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု လက်ခံနိုင်စရာမရှိဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူးပြော

ရန်ကုန်၊ မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့မှ တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦး (ခ) ဦးဇော်ရဲထက်ကို သတင်းမှားဖော်ပြမှုဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် ဖမ်းဆီး တရားစွဲဆို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) အတွင်းရေးမှူး ဦးကျော်စွာမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် COVID-19 ရောဂါကြောင့် လူတဦးသေဆုံးကြောင်း သတင်းမှား ဖော်ပြသည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဘားအံမြို့နယ် တရားရုံးက ဦးဇော်ရဲထက်ကို ထောင်ဒဏ် ၂ နှစ် ကျခံစေရန် မေလ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကာ တစ်လကျော်ကျော်ကာလအတွင်း အပြီးသတ် စီရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ သတင်းဌာနဘက်က သတင်းမှားဖြစ်ကြောင်း တောင်းပန်စာ ဖော်ပြခဲ့သော်လည်း သက်ဆိုင်ရာက ထောင်ချ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သတင်းသမားကို ဒီလို ပုဒ်မကြီးတွေနဲ့ ထောင်ချတာက လက်ခံနိုင်စရာရှိဘူး။ သတင်းမီဒီယာကောင်စီရှိတယ်။ သတင်းမီဒီယာဥပဒေရှိတယ်။ သတင်းသမားလည်း အမှားမကင်းနိုင်ဘူး။ မှားလို့ သူ့အမှားအတွက် တောင်းပန်တယ်ဆိုရင် ဒါက ကျင့်ဝတ်နဲ့အညီ သူလုပ်ဆောင်ခဲ့တာပဲ။ ဒါကို ထောင်ချတာကြီးက လက်ခံနိုင်စရာမရှိဘူး။ အရေးယူမယ်ဆိုရင်လည်း သတင်းမီဒီယာဥပဒေရှိပြီးသားပဲ” ဟု ဦးကျော်စွာမင်းက ဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦး (ခ) ဦးဇော်ရဲထက်ကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏ မိသားစုဝင်များဘက်က အကူအညီတောင်းစာ တင်ပြလာသည့်အတွက် အထောက်အထားများ တောင်းယူနေစဉ်အတွင်းမှာပင် ထောင်ချခံရခြင်းဖြစ်ကြောင်း၊ ယခု ထောင်ဒဏ်ချမှတ်ခံရမှုနှင့်ပတ်သက်ပြီး ကောင်စီတွင်း ဆွေးနွေးမှု ရှိလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒါက ဒီကိစ္စနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ကျနော်တို့ ပြန်တောင်းနေတုန်း မြန်မြန်ဆန်ဆန်ကြီးဖြစ်သွားတာ။ အခုကတော့ ထောင်ချခံလိုက်ရပြီဆိုတော့ အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး အများဆုံးဖြတ်ချက်နဲ့ တစ်ခုခုတော့ မေတ္တာရပ်ခံတာမျိုး ထုတ်ပြန်တာမျိုး ရှိလာနိုင်ပါတယ်” ဟု ဦးကျော်စွာမင်းက ဆက်လက်ပြောဆိုသည်။

ဦးဇော်မင်းဦးကို ချက်ချင်း ပြန်လွှတ်ပေးရန် အမေရိကန်အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) နှင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) တို့က မေလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ သတင်းမီဒီယာများ ဖိနှိပ်ခံရမှု မြင့်တက်လာသည်ဟု သတင်းမီဒီယာအသိုင်းအဝိုင်းကဝေဖန်ပြောဆိုနေပြီး မတ်လနှောင်းပိုင်းတွင် သတင်းမီဒီယာသမား ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကာ သတင်းသမား ၁ ဦးမှာ ပြစ်မှု မမြောက်၍ လွတ်မြောက်ခဲ့သော်လည်း ကျန် ၃ ဦးမှာ ဆက်လက် အမှုဖွင့်ခံထားရဆဲဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts