All News China Watch Local News

တီကျစ်တွင် တောင်သူ ၂၂ဦးပိုင် မြေ ၁၂ ဧကကျော်ကို ဧဒင်ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီးပြီး သီးနှံလျှော်ကြေးပေး

တီကျစ်တွင် တောင်သူ ၂၂ဦးပိုင် မြေ ၁၂ ဧကကျော်ကို ဧဒင်ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီးပြီး သီးနှံလျှော်ကြေးပေး

ရန်ကုန်၊ မေ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသရှိအတွင်းရှိ ဧဒင်ကုမ္ပဏီပိုင် ကျောက်မီးသွေးတူးရေးလုပ်ငန်းအနီးရှိ ကုမ္ပဏီနှင့်တောင်သူများ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေ ၁၂ဧကကျော်ကို ယမန်နေ့ ၂၈ ရက်က စက်ယန္တရားများဖြင့် အင်အားသုံးဖျက်ဆီးခဲ့ပြီး ဧဒင်ကုမ္ပဏီက သီးနှံလျော်ကြေးငွေများပေးဆောင်ခဲ့ကြောင်း ရှမ်းပြည်နယ် MATAအဖွဲ့က ကိုစိုင်းတူးကပြောဆိုသည်။

“သူတို့ ဧဒင် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက သူတို့ မိုင်းတွင်းနဲ့ ဆက်စပ်နေတဲ့ မြေတွေကို သိမ်းတာပေါ့။ ဒေသခံတွေကတော့ ကြောက်တာကို။ ကြောက်တော့အားမမျှလို့ အဲလိုမျိုး အရှုံးပေးရတာပေါ့။ မြေတိုင်းဥပဒေအရ ညီညွတ်မှုရှိမရှိ လျော်ကြေး၊ နစ်နာကြေး ပေးမယ်ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ဥပဒေအတိုင်းကို ပေးမလားပေါ့။ အခုက သီးနှံလျော်ကြေးကို ပေးတယ်ပေါ့။ ဘာတွေကို တွက်ချက်ပြီး ဘယ်အပေါ်မှာ ပေးတယ်ဆိုတာလည်း ကျွန်တော်တို့မသိဘူး။ သီးနှံလျော်ကြေးဆိုရင် ကာလပေါက်ဈေးရဲ့ နှစ်ဆပေါ့။ အဲလိုမျိုးတွေရှိတယ်။ သူတို့က သီးနှံလျော်ကြေးကောပေးပြီးပြီဆိုတော့ မြေယာလျော်ကြေးကော ပေးမှာလား။ တောင်သူတွေက မြေသာသိမ်းခံရတာ ဘာမှမရှင်းရှင်းလင်းလင်းမသိဘူး ဖြစ်နေတယ် ” ဟု ၎င်းကပြောဆိုသည်။

ဧဒင်ကုမ္ပဏီက မြေသိမ်းရာတွင် တောင်သူများကို သီးနှံလျော်ကြေးအဖြစ် တောင်သူ ၂၂ဦးပိုင် မြေ၁၂ဧကကျော်ကို တစ်ဧကလျှင် ကျပ် ၅၅သိန်း ပေးဆောင်ခဲ့ကြောင်း ရှမ်းပြည်နယ် မာတာအဖွဲ့ထံမှ သိရှိရသည်။

“ မြေသိမ်းတယ်ဆိုတာ လွယ်တာမှမဟုတ်တာ မြေသိမ်းတယ်ဆိုတာ သမ္မတ လက်မှတ်ပါတယ်။ သမ္မတလက်မှတ်မပါဘူးဆိုရင် သမ္မတအာဏာကို အပ်နှင်းခွင့်ရတဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ ၁၄ယောက်ရှိမယ်။ သူတို့လက်မှတ်တွေပါရမယ်။ အခုဟာက ဘယ်သူ့လက်မှတ်မှ မပါဘဲ သိမ်းတာကတော့ မတရားဘူးပေါ့။ အဘတို့ခေတ်တုန်းကတော့ ဟုတ်တာပေါ့။ အကြောက်တရားနဲ့လေ အခုကဒီမိုကရေစီခေတ်ဆိုတော့ ပွင့်လင်းရမယ်လေ။ ဒီလိုမျိုးဥပဒေမျက်ကွယ်ပြုပြီးလုပ်နေတာ တော်တော်ဆိုးတယ်။ တောင်သူတွေကတော့ ကိုယ့်မြေကို ပြန်လိုချင်တဲ့သူတွေလည်းရှိသလို သီးနှံလျော်ကြေးရပြီးပြီဆိုတော့ မြေယာလျော်ကြေးလိုချင်တဲ့သူတွေလည်းရှိတယ်” ဟု ကိုစိုင်းတူးကပြောဆိုသည်။

ထိုမြေသိမ်းခံရသည့်ဖြစ်စဉ်တွင် ဘိုးဘွားပိုင်မြေဖြစ်ပြီး မြေပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်သည့် ပုံစံ (၇)ရှိသူများ၊ မြေယာလျော်ကြေး မရသေးသူများနှင့် မြေယာလျော်ကြေးရရှိပြီးသူများလည်း မြေသိမ်းခံရကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်MATAအဖွဲ့က အထူးအစည်းအဝေးများပြုလုပ်ကာ ထိုမြေသိမ်းခံရမှုဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့် အညီ အမြန်ဆုံးဖြေရှင်းပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မာတာအဖွဲ့က တာဝန်ရှိသူများကပြောဆိုသည်။

မြေသိမ်းဆည်းသော ဧဒင်သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကိုဖုန်းဆက်သွယ်မေးမြန်းသည့်အခါ ဖုန်းနံပါတ်မှားယွင်းနေသည်ဟု ပြန်လည်ပြောဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts