All News interview

” (တီကျစ်ကျောက်မီးသွေးစက်ရုံကိစ္စ) ဒုဝန်ကြီး ဖြေကြားသွားတဲ့အဖြေ အားလုံးဟာ လိမ်လည်တယ်လို့ ကျွန်တော်တို့ လူထုကို လိမ်လည်တယ်”

” (တီကျစ်ကျောက်မီးသွေးစက်ရုံကိစ္စ) ဒုဝန်ကြီးဖြေကြားသွားတဲ့အဖြေ အားလုံးဟာ လိမ်လည်တယ်လို့ ကျွန်တော်တို့ လူထုကို လိမ်လည်တယ်”

By ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ် MATA အဖွဲ့ဝင် ဦးအောင်ကျော်မိုးနှင့်ဆက်သွယ်မေးမြန်းချက်

ရှမ်းပြည်နယ်တွင် ဒေသခံများ နှင့် အရပ်ဘက် အဖွဲ့အစည်းများ အစဉ်တစိုက် ကန့်ကွက်နေသော တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ သည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက မေလ ၂၀ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းဖြေကြားမှုနှင့်ပတ်သက်ပြီး MATA အဖွဲ့က သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်ထားရာ မြန်မာနိုင်ငံဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA၏ ရှမ်းပြည်နယ်အဖွဲ့ဝင် ဦးအောင်ကျော်မိုးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြည်သူ့လွှတ်တော်မှာ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဖြေကြားသွားတဲ့အထဲမှာ လွဲချော်မှုတွေရှိနေတယ်ဆိုတော့ ဘယ်အပိုင်းတွေ လွဲချော်မှုရှိနေတာလဲ။

ဖြေ။ ။ အဓိကကတော့ ဒီတီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆိုတာ ဥပဒေနဲ့ အညီလည်ပတ်နေပါတယ်လို့ စပြောလိုက်တည်းကိုက လွဲချော်နေတာဗျာ။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ တိုင်းပြည်မှာ ၂ဝ၁၂ခုနှစ် ပတ်ဝန်းကျင်ထိမ်းသိန်းရေး ဥပဒေဆိုတာရှိတယ်။ ပြီးရင် နည်းဥပဒေရှိတယ်။ ပြီးရင် ၂ဝ၁၅ ခုနှစ် EIA ပတ်ဝန်းကျင်ထိခိုက်မှုစမ်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုတာတွေရှိတယ်။

အဲတော့ စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင် သူကစီမံကိန်းတစ်ခုကို လုပ်ပြီးတာပဲဖြစ်ဖြစ် လုပ်ခဲ့တာပဲဖြစ်ဖြစ်ပေါ့။ ဒီ EIA procedure တွေကို ပြန်ပြီးတော့မှ လုပ်ရမယ်။ ဒါတွေလုပ်ပြီးမှ သူက လုပ်ငန်းပြန်ပြီးမှ စတင်ရမယ်ဆိုတဲ့ ကိစ္စတွေရှိပါတယ်။

လုပ်ထုံးလုပ်နည်းမှာ အဲတော့ အစိုးရအဖွဲ့က ဘာကိုပဲဖြေရှင်းနေတယ်ဆိုရင် ဒါအရင်က ဒီတီကျစ်ကျောက်မီးသွေးစက်ရုံဟာ တရုတ်ရဲ့ ကုမ္ပဏီနဲ့ ၂ဝဝ၂ခုမှာစတင်လုပ်ခဲ့တာဗျာ။ ၂ဝ၁၄ ခုနှစ်မှာ ဒီဟာကဘာဖြစ်သွားလည်းဆိုရင် နည်းပညာနိမ့်ပါးမှုတွေရယ်။ စက်ကစီးပွားဖြစ်မထုတ်လုပ်နိုင်တဲ့အပိုင်းတွေရယ် နောက်ပြီးတော့ ဒေသအတွင်းအတွက် လူထုကျန်းမာရေးကိစ္စတွေမှာ မထိန်းကြောင်းနိုင်တဲ့ ကိစ္စတွေကြောင့် စက်ရုံက ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှာ ရပ်ဆိုင်းခဲ့တယ်။ အဲတော့ ၂ဝ၁၅ခုနှစ်မှာ နောက်ထပ် ကုမ္ပဏီအသစ်ကို သူတို့ တင်ဒါခေါ်တယ်။

တင်ဒါခေါ်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ ဝူရှီးကွာဟမ်ကုမ္ပဏီက ဒါကို တင်ဒါ ရသွားတယ်။ ၂ဝ၁၆ ခုနှစ် NLD အစိုးရလက်ထက် တက်တဲ့အချိန်မှာ EIA procedure တွေနဲ့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ မူဘောင်သတ်မှတ်ချက်တွေနဲ့ သူတို့လုပ်တယ်။ ဒါဟာကျွန်တော်တို့အနေနဲ့ EIA လုပ်ထုံးလုပ်နည်းအရ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့အနေနဲ့ ဒါဘာမှပြောစရာမရှိဘူး။ ဒါပေမယ့် EIA လုပ်ထုံးလုပ်နည်းတွေကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်းမရှိသေးဘဲနဲ့ ဒီစက်ရုံကို စမ်းသပ်လည်ပတ်ပါတယ်ဆိုတဲ့ကိစ္စက စမ်းသိပ်လည်ပတ်တာ ဟို ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၈ခုနှစ်ထိ တစ်နှစ်သက်တမ်းပေးခဲ့တယ်။

နောက်ပြီးတော့ ၂ဝ၁၈၊ ၂ဝ၁၉မှာ နောက်သက်တမ်းထပ်ပေးခဲ့တယ်။ အခု ၂ဝ၁၉ကနေမှာ ၂ဝ၂ဝ ခုနှစ် ၃နှစ်သက်တမ်းပေးတယ်ဆိုတာ ဘာမဖြစ်သင့်တော့ဘူး။ ဒါစက်ရုံကို စမ်းသပ်နေတာလား။ ဒါတွေက စမ်းသပ်နေတာနဲ့ပဲပြီးသွားမှာလားဆိုတဲ့ကိစ္စမျိုးပေါ့။ ကျွန်တော်တို့က အစမ်းသပ်ခံမဟုတ်ဘူး။ ဒါဟာစီးပွားရေးအရ စမ်းသပ်နေတယ်လို့ EIA လို စက်ရုံကြီးစမ်းသပ်ပြီးတော့မှ လည်ပတ်မှသာလျှင် EIAမှသာလျှင် EIA လုပ်ထုံးလုပ်နည်းတွေသိပါမယ်ဆိုတာ ဒါစီမံကိန်းအရ အစတည်းကိုက လွဲချော်နေတဲ့ကိစ္စ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ ညီညွတ်ချင်းလည်းမရှိဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက်လည်း မရှိဘူး။ နောက်တစ်ချက်က အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ ပါတယ်။ အကျိုးစီးပွားကို ကာကွယ်နေတယ်ဆိုတာ အဲတော့ တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ နှစ်ပိုင်းရှိပါတယ်။

အဲတော့ ကျောက်မီးသွေးထုတ်လုပ်တဲ့အပိုင်း ဧဒင်စွမ်းအင်ဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီက ကျောက်မီးသွေးတူးတယ်။ တစ်ရက်ကို တန်ချိန် ၂ဝဝဝနဲ့ ၂၅ဝဝကြားတူးဖော်ထုတ်လုပ်ပါတယ်။ အဲတာကို အစိုးရက ၁တန်ကို ၄၈ဝဝဝနဲ့ပေးဝယ်ပြီးတော့မှ ဝူရှီးကွာဟမ် ကုမ္ပဏီကို သွင်းပေးရပါတယ်။ ဝူရှီးကွာဟမ် ကုမ္ပဏီကထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ဝ ဒသမ ဝ၃၅ US ဒေါ်လာနဲ့ ပြန်ဝယ်ပြီးတော့မှ ဒါကိုဖြန့်တာပါ။

အဲတော့ တိုင်းပြည် ဖွံဖြိုးတိုးတက်ရေးဆိုပြီးတော့မှ ဒီကုမ္ပဏီ ၂ခု အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် အလုပ်အလုပ်နေတာနဲ့တူတယ်။ ဒါကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူ့ဘဏ္ဍာတွေပါ။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ဒါဟာကျွန်တော်တို့ လူထုရဲ့ အကျိုးစီးပွား နိုင်ငံတော်တစ်ခုရဲ့ အကျိုးစီးပွား သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေနဲ့ တန်ဖိုးတွေကိုထည့်သွင်းစဉ်းစားချင်းမရှိဘဲနဲ့ ဒီနေ့တိုင်းပြည်ရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးပါဆိုပြီးတော့မှ ဒါဟာ ဒုဝန်ကြီးဖြေကြားသွားတဲ့အဖြေ အားလုံးဟာ လိမ်လည်တယ်လို့ ကျွန်တော်တို့ လူထုကို လိမ်လည်တယ်လို့ ယူပါတယ်။ အဲတာကြောင့်မို့ ကျွန်တော်တို့ရဲ့ သဘောထားကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ကျန်းမာရေးနဲ့ စီးပွားရေးတွေ ထိခိုက်နေတယ်ဆိုတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ မာတာ အနေနဲ့ တိုင်းတာထားတာဆိုရင် ရေနေရာကို ၅မိုင်ပတ်လည်မှာရှိတဲ့ ရေဝင်ရေထွက်နေရာ ၁၃နေရာကို တိုင်းတာခဲ့ပါတယ်။ တိုင်းတာခဲ့တဲ့အချိန်မှာ ၁၂ခု ဟာ ခဲဓာတ်အမြင့်ဆုံး WHO ကသတ်မှတ်တဲ့ စံနှုန်းထက် ၅ဆကနေ ၂၇ဆထိ မြင့်တက်နေတယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်။ ဒါဟာဘယ်သူ့အဖြေလည်းဆိုရင် ဒီကျောက်မီးသွေးစက်ရုံက ထုတ်လိုက်တဲ့ ပြာတွေကြောင့်မို့ဆိုတဲ့ သိပ္ပံနည်းကျ ပညာရှင်တွေ သုံးသပ်ထားတဲ့ အစီရင်ခံစာတွေ ကျွန်တော်တို့ MATAကထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဲဒီရေဆိုးထုတ်ပစ်တဲ့ ကိစ္စတွေကိုလည်း အခုပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ဘယ်လိုစွန့်ပစ်တာလည်း ဘယ်လိုသုတေသနလုပ်မှာလည်းဆိုတဲ့ အကြံပြုချက် သုံးသပ်ချက်တွေ ယနေ့ချိန်ထိထုတ်ပြန်နေတုန်းပဲ ဒါပေမယ့် ဒါတွေ ဘယ်လိုလိုက်နာနေလည်း လုပ်နေတာလဲ ဆိုတဲ့ကိစ္စက ဒီနေ့ဒီချိန်ထိ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ အဲတော့ ဒီ EIA လုပ်ငန်းစဉ်တွေ မပြီးသေးဘဲနဲ့ ဒီစက်ရုံကို လည်ပတ်နေတယ်ဆိုတဲ့ကိစ္စကိုက မှားယွင်းနေတယ်လို့ ကျွန်တော်တို့က ထောက်ပြတာပါ။

မေး။ ။ အခုလက်ရှိဒေသတွင်းပြည်သူလူထုတွေကကော ဘယ်လိုရောဂါလက္ခဏာတွေ ခံစားနေရလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဓာတ်ခွဲထားတဲ့အဖြေတွေအရတော့ ကျွန်တော်တို့ ကလေးတွေကို စမ်းသပ်ထားတာရှိတယ်။ ကလေး ၁၄ယောက်ကို စမ်းသပ်တဲ့အချိန်မှာ ကလေးတွေက ပြာကနေအဆိပ်သင့်တဲ့ ကယ်မီရမ်ဓာတ် မြင့်တက်နေတာကို တွေ့ရတယ်။ အဲတာ ကျွန်တော်တို့ သြစတျေးလျ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့တာ အဲတော့ ဒါတွေက ဘာဖြစ်လည်းဆိုရင် ဒီကျောက်မီးသွေးကြောင့် အဆိပ်သင့်တယ်ဆိုတာ ချက်ချင်း ဝုန်းဒိုင်း အဆိပ်သင့်သွားတာမဟုတ်ဘူး။ အခုကိုဗစ်ကြည့်ပါ။ ကိုဗစ်က ဘယ်သူမှမသိဘူး။ မြင်လည်းမမြင်ရဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဒီဟာကြီးက လန့်ဖို့ကောင်းနေတယ်။

အဲလိုမျိုးပဲ အဆိပ်သင့်မှုကလည်း ဓာတုအဆိပ်သင့်မှုကလည် း တဖြေးဖြေးနဲ့ တစ်ခု Virus ထက်ဆိုးပါတယ်။ ဟိုကောင်က ကင်ဆာတွေဖြစ်လာမယ်။ အခုဆိုရင် ကျွန်တော်တို့ အဲဒီဒေသထဲမှာဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိစ္စတွေတော့ မြင်သာထင်သာဆိုရင် ကိုယ်ဝန်ပျက်ကျမှုနှုန်းမြင့်တက်လာတာတို့ ဆိုတဲ့ကိစ္စတွေက ကျွန်တော်တို့ အနေနဲ့တော့ ကျန်းမာရေးဆိုင်ရာ သုတေသနကို ကောင်းကောင်းမလုပ်ထားတဲ့အတွက် ဒီဟာတွေ မသိဘူး။ အစိုးရကလည်း ဒါကိုကောင်းကောင်းမွန်မွန်နဲ့ ထုတ်ပြန်ထားတာမရှိဘူး။ သူတို့ကတော့ ကျန်းမာရေးဆိုင်ရာကိစ္စနဲ့ ဆေးရုံဆေးခန်းတွေကဟာတွေကိုပဲလုပ်တယ်။ အဲတော့ အဲမှာ ဖြေကြားသွားတဲ့အဖြေက ဝန်ကြီးကဘာဖြေသွားလည်းဆိုရင် အဲမှာ သူတို့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေ လုပ်တယ်ဆိုတာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်တယ်ဆိုပေမယ့် စက်ရုံနဲ့ပေါင်းပြီး တစ်ရက်တည်းလာလုပ်တယ်။ တစ်ရက်ပဲလာလုပ်တယ်။

လူဦးရေ ၃ထောင်လောက်ရှိတာကို တစ်ရက်တည်းနဲ့ ဘယ်လိုလုပ်ပြီးတော့မှ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုပေးတယ်။ လာမေးတဲ့မေးခွန်းကိုက ခင်ဗျာ ခေါင်းမူးလား မေးတာဗျာ ခေါင်းမူးသလားလို့မေးရင် ဘာကြောင့်မို့ ခေါင်းမူးလည်းဆိုတာ ဘယ်သူမှ ဓာတ်ခွဲထပ်ပြီးမလုပ်ရဘူးလေဗျာ။ ဒါမျိုးတွေက ကျန်းမာရေးစောင့်ရှောက်မှုလို့ ပြောလို့မရဘူးဗျ။ အဓိကကတော့ မြင်သာထင်သာတဲ့ကိစ္စတွေဆိုရင် အခုစွန့်ပစ်တဲ့ပြာတွေကို ဘာလုပ်နေလဲ ဘိလပ်မြေစက်ရုံတွေကိုသယ်တယ်။ ပြီးတော့ ဘိလပ်မြေနဲ့ ရောပြီးတော့မှ အသုံးပြုနေတာရှိတယ်။ အသုံးမပြုရဘူးလို့ ကျွန်တော်တို့ မပြောဘူး။ ဒါပေမယ့် အဲဒီပြာထဲမှာ ဘယ်လောက်ထိ သတ္ထုဓာတ်ကြွင်းတွေ ကျန်နေလည်း လူတွေကိုဘယ်လောက် အဆိပ်အတောက်ဖြစ်စေလည်းဆိုတာ အစိုးရအနေနဲ့ ထဲထဲဝင်ဝင်ဓာတ်ခွဲထားတာမရှိဘူး။ ကျွန်တော်တို့ MATA အနေနဲ့တော့ ဓာတ်ခွဲထားတာရှိပါတယ်။

မေး။ ။ ဒီကျောက်မီးသွေးစက်ရုံက ဘယ်ဒေသမှာရှိပြီးတော့ ကျေးရွာဘယ်နှစ်ရွာနဲ့ ဆက်စပ်မှုရှိနေလဲ။

ဖြေ။ ။ အဓိကကတော့ ပင်လောင်းမြို့နယ်မှာရှိတယ်။ နောင်တရမြို့နယ်ခွဲ တီကျစ်ကျေးရွာအုပ်စုမှာရှိပါတယ်။ ဒီစက်ရုံကြောင့် ရွာပေါင်း၂ဝကျော်ပေါ့။ အကျိုးသက်ရောက်မှုတွေဖြစ်နေတာပေါ့။ ဒီစက်ရုံက စွန့်ပစ်တဲ့ ရေဆိုးချောင်းက ဘီလူးချောင်းပါ။ အဲဒီဟာက အင်းလေးကန်ကို စီးဆင်းတဲ့ချောင်းတစ်ခုလည်းဖြစ်တယ်။

မေး။ ။ ဒီလို EIA တို့ ECC လက်မှတ်တို့မရှိဘူးဘဲ စမ်းသပ်ကာလဆိုပြီး ၃နှစ်လောက် စက်ရုံ လည်ပတ်နေတဲ့အပေါ်ကို ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေကို အစိုးရကိုယ်တိုင်က မလေးစား ဘဲနဲ့ လုပ်နေတယ်ဆိုတည်းကိုက ဒါက အစိုးရတစ်ရပ်ရဲ့ ပြုမူကျင့်ကြံရမှာ မဟုတ်ဘူး။ နိုင်ငံရေးဂုဏ်သိက္ခာကို မရှိတာ။

မေး။ ။ တီကျစ် ဓာတ်အားပေးစက်ရုံကိစ္စက ရှမ်းပြည်နယ်တင်မဟုတ်ဘူး။ တစ်နိုင်ငံမှာရှိတဲ့ ပြည်သူတွေကို နဲ့ပါ သက်ဆိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ဖြေ။ ။ အဓိကက ကျွန်တော်တို့အရင်တုန်းက တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ဦးသိန်းစိန် အစိုးရလက်ထပ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောက်မီးသွေးစက်ရုံတွေ တည်မယ့် နေရာက လူတွေအားလုံးက ဒီနေရာကိုလာပြီးတော့ ကြည့်ပြီးတော့မှ သင်ခန်းစာတွေ လာယူရတာ ။ အခုကအစိုးရ ဘာပြောနေလဲဆိုတော့ ကျွန်တော်တို့ဝင်ပြီးတော့မှ ပြောတယ်ဆိုတဲ့ကိစ္စတောင်မှ ကျွန်တော်တို့ဟာ အဲဒေသမှာ နေထိုင်တဲ့သူတွေမဟုတ်တဲ့အတွက် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူးဆိုပြီးတော့မှ ကျွန်တော်တို့ကို တားဆီးပိတ်ပင်တာတွေရှိတယ်။

ဒါဟာကျွန်တော်တို့ အဲဒီဒေကမှာရှိတဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအရေးတင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးက လူထုနဲ့ ပတ်သက်နေတယ်ဆိုတဲ ကိစ္စကိုရည်ညွှန်းတာပါ။ ဘာလို့လည်းဆိုတော့ အခုမြိုင်ကလေး ဘိလပ်မြေစက်ရုံဖြစ်တယ်။ ပြဿနာတွေတက်တယ်နောက်ဆုံး ကရင်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံလုပ်ဖို့လုပ်တယ်။ အခု ပုသိမ်မှာ ထပ်လုပ်ဖို့ စာချုပ်ချုပ်ပြီးသွားပြီ ဒီအကျိုးဆက်တွေကို ဘယ်သူပဲခံရမှာလဲ ကျွန်တော်တို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ကိစ္စကို ရည်ညွှန်းတာပါ။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာပါတဲ့ စက်ရုံတွေ ပိတ်သိမ်းဖို့တောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တောင်းဆိုရတဲ့အကြောင်းအရင်းပေါ့။

ဖြေ။ ။ ကျွန်တော်တို့ EIA လုပ်ထုံးလုပ်နည်းတွေ မပြီးဆုံးသေးဘဲနဲ့ ဒီစက်ရုံကြီးလည်ပတ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ဒီ EIA လုပ်ထုံးလုပ်နည်းတွေ ဥပဒေနဲ့ မညီဘဲလုပ်နေတဲ့ဟာတွေကို ချက်ခြင်းရပ်တန့်ဖို့အတွက် ကျွန်တော်တို့ပြောတာပါ။ ဧဒင်မိုင်းလည်း EIA တွေဘာတစ်ခုမှ မလုပ်ရသေးဘူး။ အခုဒီစက်ရုံကလည်း ဘာမှ မပြီးဆုံးသေးဘဲနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူထုပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဘယ်လိုမှ ကတိကဝတ်တွေမရှိသေးဘဲနဲ့ ဒီစက်ရုံကိုလည်နေတယ်ဆိုတာ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဘယ်သူတာဝန်ယူမှာလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိဘဲ လုပ်နေတဲ့ ကိစ္စကိုက ဒါစိုးရိမ်စရာကောင်းပါတယ်။ ကုမ္ပဏီဆိုတာ သူမကိုက်ရင် သူထပြန်သွားမှာ အဲဒီအချိန်မှာ ဘယ်သူက တာဝန်ယူမှာလဲ။ အဲဒီဒေသမှာရှိနေတဲ့ လူမှုဒုက္ခတွေ ပတ်ဝန်းကျင်ပျက်စီးမှုတွေကို ဘယ်သူကတာဝန်ယူပြီးတော့ ပြုပြင်ပေးမှာလဲ။ ဒါဟာရှင်းရှင်းလင်းလင်းမရှိသေးဘဲနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိသေးဘဲနဲ့ ဒီစက်ရုံကို လည်ပတ်ဖို့ လုပ်နေတယ်ဆိုတာကိုက မှားယွင်းနေတာ အဲအတွက် ဒီစက်ရုံတွေ ချက်ခြင်းရပ်ထားဖို့အတွက် ကျွန်တော်တို့ တောင်းဆိုတာ။

မေး။ ။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများဖြည့်စွက်ပြောကြားချင်တာရွိလဲ။

ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ လျှပ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိစ္စတွေကို ကန့်ကွက်နေတာမဟုတ်ဘူး။ တိုင်းပြည်မှာ ဖွံဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဆိုတာရှိတယ်။ ဒါပေမယ့် လျှပ်စစ်ကထုတ်လုပ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။

ရှင်းရှင်းပြောရရင်ဗျာ လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်တည်ဆောက်ရေးအတွက် တိုင်းပြည်မှာ နိုင်ငံခြားချေးငွေတွေ အများဆုံး ပြီးရင်လည်း လုပ်ငန်းတွေလည်း မပြီးဆုံး ပြီးရင် အကျိုးစီးပွားလည်း အများကြီးဗျာ။ မပြီးသေးတဲ့ ဆည်စီမံကိန်းတွေလည်း ဗလပွ ဒါတွေကိုပြန်ပြီးမှ သုံးသပ်ဖို့ လိုပါတယ်။ တကယ်တမ်း လျှပ်စစ်အတွက်ဆိုရင် ကျောက်မီးသွေးဟာ လျှပ်စစ်စွမ်းအင် လုပ်ဖို့အတွက် အဖြေမဟုတ်ဘူး။ အခု တီကျစ်ကျောက်မီးသွေးဟာ သဘာဝပတ်ဝန်းကျင်တွေ ပေးဆပ်လိုက်ရတာနဲ့ ကိုယ်ရတာနဲ့ ကိုယ်တိုင်းပြည် ပြည်သူလူထုနစ်နာတာနဲ့ကော ကာမိရဲ့လားဆိုတဲ့ကိစ္စကို နိုင်ငံရေးအရ စမ်းစစ်ရမှာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts