All News Local News Peace

တိုင်းရင်းသားအခွင့်အရေးဟု ပြောဆိုပြီး ပလက်ဝကိုဘာကြောင့်တိုက်တာလဲဟု AA ကို ဦးဇော်ဌေးမေးခွန်းထုတ်ပြန်

တိုင်းရင်းသားအခွင့်အရေးဟု ပြောဆိုပြီး ပလက်ဝကိုဘာကြောင့်တိုက်တာလဲဟု AA ကို ဦးဇော်ဌေးမေးခွန်းထုတ်ပြန်၊ AA ကြောင့်ပလက်၀ ပြည်သူများ ငတ်နေပြီဟုဆို

ရန်ကုန်၊ မေ ၁၇

တိုင်းရင်းသားအခွင့်အရေးဟုပြောဆိုပြီး ပလက်ဝဒေသကို ဘာကြောင့်တိုက်တာလဲဟု AA (ရခိုင်တပ်တော်)ကို နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းမီဒီယာများနှင့် အွန်လိုင်းဆက်သွယ် ချိတ်ဆက် ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ သူတို့ရဲ့ ရည်ရွယ်ချက်သည် ဘယ်လောက်ပဲ တိုင်းရင်းသားအခွင့်အရေးအော်အော် ပလက်ဝကို သွားတိုက်တဲ့ အဓိပ္ပာယ်က ဘာလဲ ကျွန်တော်တို့မေးချင်တာက ရခိုင်ပြည်နယ်မဟုတ်ဘူး။ ဟိုဖက်မှာ ခူမီးပေါ့။ ချင်းတိုင်းရင်းသားတွေရှိတယ်။ ကျန်တဲ့တိုင်းရင်းသားတွေရှိတယ်။ အဲတာကို အနိုင်ကျင့်ပြီးတော့ လုပ်သွားတဲ့လုပ်နေတဲ့သဘောရှိတယ်။ အဲကလူတွေ ငတ်ပြတ်ပြီးတော့ သေအောင်လုပ်နေတဲ့သဘောရှိတယ်။ အဲတာကို အစိုးရနဲ့ တပ်မတော်က လမ်းကြောင်းမရရအောင် ဖောက်နေတာဖြစ်တယ်။ ဒီပိုင်းမှာတော့ တိုက်လာရင်တော့ ကျွန်တော်တို့ကတိုက်ရမှာပဲ ။ တပ်မတော်က တစ်ဖက်သက် အပစ်ရပ်ထားတာ နောက်ဒီအကြမ်းဖက်အဖွဲ့အစည်းတွေ မပါဘူးဆိုတာလည်း ဒါနိုင်ငံတကာစံနှုန်းအရပဲ” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ပလက်ဝဒေသအတွင်း ရိက္ခာပို့ဆောင်နေသည့်လမ်းကြောင်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းကြောင့် ပလက်ဝဒေသပြည်သူများ ငတ်ပြတ်နေပြီဟု ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ Global Ceasefire Call ကို မြန်မာနိုင်ငံအနေနဲ့ လိုက်ပါတယ်။ respond လုပ်တယ်။ အဲပေါ်မှာလည်း ကျွန်တော်တို့ humanitarian ceasefire တစ်နိုင်ငံလုံးလုပ်တယ်။ သို့သော် နိုင်ငံတကာက လက်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင်တော့ Ceasefire လုပ်လို့မရဘူး။ ဒီအဖွဲ့တွေကိုတော့ သူတို့လုပ်လာရင်တော့ ချေမှုန်းရမှာပဲဆိုတဲ့ဟာ ရှိပါတယ်။ အကြမ်းဖက် နှိမ်နင်းရေးစစ်ဆင်ရေးက ဆက်ရှိနေမယ်ဆိုတာရှိတယ်။ သို့သော်ကျွန်တော်တို့ရဲ့ ကြေညာချက်က ဒီအဖွဲ့တွေကိုကျွန်တော်တို့က လက်ဦးမှုရယူပြီး ချေမှုန်းတာမဟုတ်ဘူး။ ဒီအဖွဲ့တွေ တိုက်တာကို ကာကွယ်နေတဲ့ အနေအထားပဲဖြစ်တယ်။ ရှင်းအောင်ထပ်ပြောရရင် ဒီအကြမ်းဖက်ကြေညာတဲ့အဖွဲ့အစည်းတွေကို ရှာဖွေပြီးတော့ ချေမှုန်းနေတာ မဟုတ်ဘူး။ ဒီအဖွဲ့တွေက နှောက်ယှက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့တယ်။ ဥပမာအားဖြင့် မင်းပြား ရာမောင်တံတားထိပ်ပေါ့။ ဒီလမ်းကရခိုင်ပြည်နယ် ဟိုဖက်ကိုဆက်သွားရင် စစ်တွေတို့ဘာတို့သွားရင် အသက်သွေးကြောလမ်းကြီးဖြစ်တယ်။ ဒီလမ်းပိတ်နေရင် ဟိုဖက်ကို ဘာမှမရောက်တော့ဘူး။ ရိက္ခာကအစ ဘာမှမရောက်တော့ဘူး။ ဒီလမ်းကိုဖြတ်တောက်တာပေါ့။ ဖြတ်တောက်တဲ့ကောင်ကို ကျွန်တော်တို့က နှိမ်နင်းတဲ့သဘောဖြစ်တယ်။ နောက်တစ်ချက်က ပလက်ဝမှာ လူတွေက ငတ်ပြတ်နေပြီ ငတ်ပြတ်နေတဲ့ဟာကို ရိက္ခာပို့ဖို့ လမ်းကြောင်းကို ကျွန်တော်တို့က ဖောက်တာ လမ်းမကြီးကိုဖောက်တာ ဒီလမ်းမကြီး အချိန်မရွေးသွားလာနိုင်အောင် လုံခြုံရေးယူပြီးတော့ ဖောက်တဲ့အချိန်မှာ နှောက်ယှက်တိုက်ခိုက်နေတာဖြစ်တယ် ” ဟု ဦးဇော်ဌေးကဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီး ဧပြီလ ၂ဝရက်နေ့က WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးမှုနှင့် ပလက်ဝဒေသသို့ စားနပ်ရိက္ခာ သွားပို့သည့် WFP (World Food Program) ယာဉ်တန်းကိုလည်း AAအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဦးဇော်ဌေးကပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts