interview political news

တပ်မတော်၏ အပစ်ရပ်မှု ကြိုဆိုသော်လည်း ရခိုင်ကို ချန်လှပ်ထားခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်

တပ်မတော်၏ အပစ်ရပ်မှု ကြိုဆိုသော်လည်း ရခိုင်ကို ချန်လှပ်ထားခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်

By ရန်ကုန်ခေတ်သစ်

တပ်မတော်က ကိုဗစ်ကပ်ရောဂါကြောင့် မေလ ၁၀ ရက်နေ့မှ သြဂုတ်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း အကြမ်းဖက်ဟု ကြေညာထားသော အဖွဲ့များရှိရာ နေရာများ မပါဝင်ဟု ကြေညာခဲ့ရာ ယင်းကြေညာချက်နှင့်ပတ်သက်ပြီး ကြိုဆိုမှုများ ရှိနေသော်လည်း ရခိုင်ကဲ့သို့သော ဒေသများ ချန်လှပ်ထားခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးအသိုင်းအဝိုင်းနှင့် တိုင်းရင်းသား ရေးရာ ကျွမ်းကျင်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးစိုင်းညွန့်လွင်
ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)

ဘယ်အဖွဲ့က ဖြစ်ဖြစ် အပစ်ရပ်တယ်ဆိုရင် အပြစ်တင်လို့မရပါဘူး။ ကြိုဆိုရမှာပါ။ ဘယ်အဖွဲ့ဖြစ်ဖြစ်ပါ။ လက်တွေ့လုပ်တယ်ဆိုရင် ပိုပြီးတော့ ထောက်ခံရမှာပေါ့။ ဒါက လက်တွေ့လုပ်တာမလုပ်တာတော့ မသိဘူးပေါ့။ ဒါပေမယ့် ဒီလိုကြေညာချက်ကတော့ ကြိုဆိုရမှာပါ။

ကြေညာတဲ့ထဲမှာ အပြင်းထန်ဆုံးဖြစ်နေတဲ့နေရာ ကျန်နေတယ်ဆိုတော့ မဖြစ်တဲ့နေရာတွေအတွက် ဆက်ပြီးမဖြစ်အောင်လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့နေရာတွေ ရပ်မသွားတာတော့ ဒါကိုဆက်ပြီးတော့ ကြိုးစားအားထုတ်သင့်တယ်လို့ ထင်ပါတယ်။ ၂ဝ၂ဝ မှာ ဒီထက်ပိုပြီးတော့ ထူးခြားမှုရှိလာမယ်လို့ မထင်ဘူး။ ဘာကြောင့်လည်းဆိုတော့ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေဘာတွေဆိုရင် တအားကိုပြင်းထန်နေတာတွေ တွေ့ရတယ်လေ။

ဒေါ်အေးနုစိန်
ရခိုင်အမျိုးသားပါတီ (ANP)

အဲဒီမှာတော့ နှစ်ခွဖြစ်နေတယ်လေ။ ကိုဗစ်နဲ့ကျတော့ အားလုံးပါဝင်ရေးဆိုပြီးတော့ ဖိတ်ခေါ်တယ်ဆိုတာ ကျွန်မတို့သိရတယ်။ အပစ်ရပ်မှာကျတော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဲဒီနေရာတွေ မပါဘူးဆိုတော့ စကားက နှစ်ခွဖြစ်နေပြီ တစ်မျိုးနဲ့တစ်မျိုး မညီညွတ်ဘူးပေါ့။ ရခိုင်ဒေသကတော့ ဒီလောက် ပြည်ထောင်စုမြန်မာနိုင်ငံမှာ အစိုးရကတော့ ကိုဗစ်နဲ့ ဖိတ်ခေါ်လိုက်တယ်။ တပ်မတော်က ဒီနေရာကို မရပ်ဘူးဆိုတော့ အစိုးရကဘာမှ သြဇာအာဏာသက်ရောက်မှု မရှိသလိုဖြစ်နေတယ်။

အဲလိုအနေအထားမျိုးမှာ ကျွန်မတို့က ၁နှစ်ကျော်အတွင်း အဆိုးရွားဆုံးအဆင့် လေယာဉ်နဲ့ ဗုံးကျဲတဲ့အဆင့် မီးတွေလောင်တဲ့အဆင့် သေကြတယ်။ ဒဏ်ရာရတယ်။ အိုးအိမ်စွန့်ခွာပြေးရတယ်။ ဒီအဆင့်တွေ ကျွန်မတို့ကြုံနေရပြီပဲ။ ဒီလိုရှေ့စကားနောက်စကားမညီတာတွေ တစ်ခုတည်းကို အဖြေတစ်ခုပဲ သဘောထားတစ်ခုတည်း မဟုတ်တာတွေမှာတော့ ကျွန်မတို့ဟာ ကောင်းမယ့် အလားအလာထက် ကျွန်မတို့တွေ့ကြုံနေရတဲ့ အဆိုးဆုံးအနေအထားကိုပဲ ဖြတ်သန်းကြရမယ်လို့ ကျွန်မတော့ပြောချင်တယ်။

ဒီအနေအထားနဲ့ကတော့ ငြိမ်းချမ်းရေးကတော့ ပါးစပ်ကပြောလို့မရဘူးလေ။ ချက်ချင်းငြိမ်းချမ်းနိုင်မယ့် ဦးတည်ချက်နဲ့ မငြိမ်ချမ်းတဲ့အကြောင်းချင်းရာတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ စေတနာကောင်း သန့်သန့်နဲ့ မကြိုးစားတဲ့ ကာလပတ်လုံး ကျွန်မတို့ သင်္ကြန်အမြှောက်လိုပဲဖြစ်နေမှာပါ။

ဦးမြအေး
ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု

ပြည်တွင်းစစ်တွေ ဖြစ်နေမယ့်အစား တစ်ဖက်နဲ့တစ်ဖက်နဲ့ ဒီအချိန်မှာ ကိုဗစ်ကာလမှာ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ပူးတွဲလုပ်နိုင်မယ့် အခြေအနေအရပ်ကို စစ်တွေ ခဏရပ်ပြီးတော့မှ အဲအဖြေကိုရှာစေချင်တယ်။ ဘာပဲပြောပြော တပ်မတော်က အပစ်ရပ် ၃လ ရပ်ဆိုင်းတယ်လို့ ကြေညာတဲ့အချက်ကို ကျွန်တော့်အနေနဲ့ ကြိုဆိုတယ်။ ကျွန်တော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်ဆိုတည်းကိုက ကျွန်တော်က သိပ်သဘောမကျဘူးဗျာ။

ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းကျတော့ ကျွန်တော်တို့က ဒီလိုမျိုးလုပ်လိုက်ခြင်းဟာ စေ့စပ်ဆွေးနွေးတဲ့ စားပွဲဝိုင်းကနေ ဝေးကွာသွားစေတယ်လို့ ကျွန်တော်မြင်တယ်။ တပ်မတော် အနေနဲ့ စိတ်ရှည်ပြီးတော့မှ အားလုံး စည်းရုံးသိမ်းသွင်းနိုင်ရင်တော့ ကောင်းတာပေါ့။ အဲလိုပြောခြင်းကလည်း ဘယ်ဖက်မှလိုက်ပြီးပြောချင်မဟုတ်ဘူး။ ကျွန်တော်ပြောတာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတဲ့ကိစ္စရပ်ကို ပတ်သက်ပြီးတော့မှ ဘယ်လက်နက်ကိုင်ကပဲဖြစ်ဖြစ် လုပ်လုပ်ကျွန်တော် သဘောမတူဘူး။ ဥပမာ WHO ကိစ္စတို့ပေါ့။ အဲတော့ ရခိုင်ဒေသမှာလည်း ကျွန်တော်ငြိမ်းချမ်းစေချင်ပါတယ်။ အဲတော့ အပစ်ခတ်ရပ်စဲမှု ကြေညာချက်ကို ရခိုင်ဒေသကိုပါ ထည့်သွင်းကြေညာမယ်ဆိုရင်တော့ အလွန်ကောင်းတာပေါ့ဗျာ။

အခုက ကိုဗစ်ဖြစ်သွားတဲ့အခါမှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တော်တော်များများက ရပ်တန့်သွားတဲ့ အခြေအနေမျိုးကိုတွေ့ရတယ်။ လုပ်ဖို့ကိုင်ဖို့ ခက်ခဲတာလည်း ပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ဘာဖြစ်လည်းဆိုတော့ အစိုးရအနေနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တွဲလုပ်ဖို့ဆိုတာဖွဲ့စည်းပြီးတော့မှ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတော့ လုပ်လာတာလည်း ကျွန်တော်တွေ့တယ်ပေါ့။

သို့သော်လည်း Action အနေနဲ့ ရှေ့သွားတဲ့ဟာမျိုးတော့ ကျွန်တော်တို့ မမြင်ရသေးဘူး။ ဒါလက်ရှိအခြေအနေ ဒါကိုဗစ်ကိုလုပ်တဲ့ကိစ္စပေါ့။ ကျန်တဲ့ဟာကျတော့ state ပေါ်လစီပိုင်းဖြစ်သွားပြီ state ပေါ်လစီ ပိုင်းကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် အခုလာမယ့် ရွေးကောက်ပွဲကလည်း နိုဝင်ဘာ နှစ်ကုန်ပိုင်းပေါ့။

နှစ်ကုန်ပိုင်းမှာရှိမယ်ဆိုတော့ ရွေးကောက်ပွဲအမတိုင်ခင်ကာလမှာတော့ ထူးခြားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်လာဖို့ကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ရင် အလွန်ခက်ခဲဦးမယ်ထင်တယ်။ ဘာပဲပြောပြော ဒီကြားကာလမှာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းပြီးသွားမယ်ဆိုရင်တော့ မဆိုးဘူးလို့ ဆိုရမှာပေါ့။

ဦးအောင်သူငြိမ်း
ISP-Myanmar ပြင်ပဆက်ဆံရေး ဒါရိုက်တာ

ကျွန်တော်မြင်တာက ဒါကအပြုသဘောဆောင်တဲ့ ကြေညာချက်လို့ ထင်ပါတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမတိုင်ခင်မှာပဲ အစိုးရဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်မယ်ဆိုပြီးတော့ ကြေညာချက်ရှိတာပေါ့။ ကြေညာချက်ရှိတဲ့အခါကျတော့ ကျွန်တော်ထင်တာကတော့ ဒါကြေညာချက်ကို ပိုလေးနက်အောင်ဆိုတဲ့ သဘောမျိုး အပစ်ခတ်ရပ်စဲရေးမှာ သုံးလထပ်ကြေညာတယ်ပေါ့။

ဒါပေမယ့်လည်း စိုးရိမ်စရာရှိတာက အကြမ်းဖက်အဖွဲ့အစည်းတွေ ဒေသမပါဘူးဆိုတော့ အခုလက်ရှိ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေတော့ မပါလောက်ဘူးလို့ ယူဆရတယ်ပေါ့။ AA ကိုလည်း သူတို့အနေနဲ့ အခုလက်ရှိ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းလုပ်ကိုင်ဖို့ ဆိုပြီးတော့ ဖိတ်ခေါ်ထားတာလည်းရှိတယ်။

ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုမှာတော့ ဘယ်လိုလုပ်ကြမယ်ဆိုတာတော့ မသိဘူးပေါ့ဗျာ။ အဲတော့ ကျွန်တော်မြင်တာတော့ ဘာဆက်ဖြစ်လာမယ်ဆိုတာတော့ ပြောဖို့ ခက်တဲ့အနေအထားပါ။ အခုကျွန်တော်မြင်တာတော့ ငြိမ်းချမ်းရေးက ပုံစံအမြင်ပြောင်းသွားမယ်လို့ ထင်တယ်။

နောက်တစ်ခုကတော့ အခုဒီ ကိုဗစ်ဖြစ်လာတဲ့ဟာကလည်း အခုအခြေအနေမှာဆိုရင် အဆိုးထဲကအကောင်းပေါ့။ ပူးပေါင်းဆောင်ရွက်မှုရနိုင်တယ်။ နောက်တစ်ခုကတော့ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းတွေ ပြန်လုပ်ဖို့ ရနိုင်မယ်လို့ထင်တယ်။ အခုကိုဗစ် ကပ်ဘေးကာလကြီးကို ကျော်ပြီးတော့ နောက်ထပ်အသစ်သွားရင်လည်း ကျွန်တော်ထင်တယ်။ အရင်တစ်ချိန်ကလို ငြိမ်းချမ်းရေးညီလာခံတို့ဘာတို့ စသဖြင့် အရင်ပုံစံတိုင်းလည်း သွားချင်မှသွားတော့မယ်ထင်တယ်။ အခြေအနေကလည်း နောက်တစ်မျိုးဖြစ်သွားနိုင်တယ်လို့ထင်တယ်။

အခုကျွန်တော်မြင်တာတော့ အစိုးရဘက်က မူချထားတယ်။ ဘယ်သူမှ နောက်မကျန်ရစေဘူးဆိုတဲ့မူချထားတယ်။ ဒါကတော့ ကျွန်မြင်တယ် ကောင်းပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုဖြစ်လဲဆိုတော့ အခုလက်ရှိ ကိုဗစ်ကပ်ဘေးကို ခုခံတဲ့အနေအထားပေါ့ဗျာ။ အဲဒီမှာတော့ နိုင်ငံတွေတောင်မှ တစ်ခုချင်းရပ်တည်ဖို့ ခက်ပါတယ်။ အဲတော့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ပေါ့ဗျာ။ အဲဒီအနေအထားမှာလည်း ခုနပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကော သူတို့လည်း သူတို့နယ်တွေထဲမှာ ကျွန်တော်တို့ လေ့လာမိသလောက်က မတ်လလောက်ကစပြီးတော့ ကိုယ့်ဟာကိုလုပ်ကြတာပဲ။

ကိုယ့်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေါ့။ ကျွန်တော်ဆိုလိုတာ နိုင်ငံတစ်ခုတောင်မှ ခုခံဖို့ခက်တာ ဒီလိုအဖွဲ့အစည်းတစ်ခု ခုခံဖို့ဆိုတာက ပိုခက်တဲ့အနေအထားပါ။ ဒီအနေအထားမှာ ကျွန်တော်ထင်တယ်။ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုလုပ်ဖို့ လိုလာလိမ့်မယ်လို့ထင်ပါတယ်။

စာရေးဆရာမောင်မောင်စိုး
တိုင်းရင်းသားအရေးကျွမ်းကျင်သူနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ

တစ်ဖက်ကကြည့်ရင်တော့ COVID -19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အပစ်အခတ်ရပ်စဲရေးဆိုတာတော့ ယျေဘုအားဖြင့် ကောင်းတဲ့လက္ခဏာ လို့ပြောလို့ရတယ်။ ဒါပေမယ့် ဒီကြေညာချက်တစ်ခုလုံးကို လွှမ်းခြုံကြည့်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့တွေမှအပ ကျန်တဲ့အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး ထပ်ဖြည့်ရန် လက်ရှိမှာ အကြမ်းဖက်အဖွဲ့အစည်းကြေညာထားတဲ့ AAနဲ့ပဲ ရခိုင်ပြည်မှာတိုက်နေတာပေါ့။ ကျန်တဲ့ပြည်နယ်တွေမှာ စစ်ဆင်ရေး ကြီးကြီးမားမားဆိုတာမတွေ့ရဘူး။

လက်နက်ကိုင် ပဋိပက္ခ အသေးအမွှားဖြစ်ပေမယ့် သိပ်အကြီးအမားမဖြစ်တော့ ကြေညာတာနဲ့ မကြေညာတာနဲ့ကတော့ သိပ်ပိုထူးလာလိမ့်မယ်လို့တော့ မမြင်ဘူး။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ လောလောဆယ်အခု အပစ်ရပ် ကြေညာတဲ့အဖွဲ့စည်းတွေနဲ့ တကယ်တမ်း ပြင်းထန်တဲ့ စစ်ရေးထိတွေ့မှုမှမရှိတာ တကယ်လို့ အပစ်အခတ်ရပ်ဖို့ မကြေညာတဲ့ တပ်မတော်ရဲ့ အသုံးနူန်းက အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ AAနဲ့ပဲ အပြင်းထန်တိုက်ပွဲ ဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ စစ်ဆေးအရ လောလောဆယ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျော့ကျသွား မယ်လို့မထင်ပါဘူး။

ဒါတစ်ခုပေါ့ နောက်တစ်ခုက မတ်လ ၂၃ရက်နေ့မှာ အစိုးရကနေပြီးတော့ AAကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတယ်။ အဲဒီနောက်ပိုင်းမှာ တိုင်ရင်းသား လက်ကိုင်နဲ့ COVID-19နဲ့ပတ်သတ်ပြီးတော့ ပူပေါင်းကာကွယ်မှုအပေါ်မှာ AAကို အစိုးရကမ်းလှမ်းတာရှိတယ်။ COVID-19 ကော်မတီကနေပြီးတော့ တိုင်းရင်းသားတွေ ပူပေါင်းဆောင်ရွက်ဖို့ AAကို ကမ်းလှမ်းတာရှိတယ်။ ကမ်းလှမ်းပြီးတော့ တပ်မတော်က အစိုးရအနေ အကြမ်းဖက်အဖွဲ့အစည်း ကြေညာထားတဲ့အဖွဲ့တွေကိုတော့ သူတို့ အပစ်မရပ်နိုင်ဘူးလို့ပြောတယ်။ ပြောတဲ့အခါမှာတော့ လက်တွေ့မှာအပစ်မရပ်ဘဲနဲ့ ဒီအဖွဲ့တွေ COVID -19ကာကွယ်ဖို့ ပူပေါင်းဆောင်ရွက်ဖို့ကတော့ ကျွန်တော်ထင်တယ် အခက်အခဲရှိမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ဖို့ ရာခိုင်နူန်းနည်းတယ်လို့ထင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့တော့ NCAလက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ တပ်နေရာချထားရေး JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ပေါ့နော်။ ဖွင့်ဖို့တော့လိုတယ်။

JMC က၂၀၁၈နှစ်ကုန်ထဲက ရပ်သွားတာ နှစ်ကုန်ပိုင်းလောက်ထဲက အပစ်အရပ်ညီလာခံပြီးထဲကရပ်သွားတာ ဒီနေ့ထိ JMC ကျင်းပခြင်းမရှိဘူး။ ၂၀၂၀ထဲမှာ UPDJC ( ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ) ပြန်လည်ကျင်းပတယ်ဆိုပေမယ့် JMC ကျင်းပနိုင်ခြင်းမရှိဘူး ဘာဖြစ်လို့လည်းဆိုတော့ KNU နဲ့ ပတ်သက်တဲ့ တပ်မဟာ ၅ ကိစ္စတို့ ဘာတို့မှာဖြေရှင်းလို့ မရနိုင်သေးတဲ့ကိစ္စရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြေရှင်းရင် လက်နက်ကိုင်တပ်ဖွဲ့တွေရယ်။ တပ်နေရာချထားမှုရယ်။ လက်နက်ကိုင်တပ်ဖွဲ့ရယ် ပဋိပက္ခမဖြစ်ဖို့အရေးကြီးတာပေါ့။ အဲဒီအတွက်လည်း စဉ်းစားဆင်ခြင်ဖို့ ဆွေးနွေးဖြေရှင်းဖို့ လိုအပ်တယ်ထင်တယ်။ နောက် NCA မထိုးထားသေးတဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က အပစ်ရပ်ရေးကို အရင်လုပ်မှ ရလိမ့်မယ့်လို့ထင်တယ်။ လက်နက်ကိုင်ပဋိပက္ခတွေရှိ နေရင်တော့ တစ်ဖက်နဲ့ တစ်ဖက် အာဃာတတွေ နာကျည်းမှုတွေရှိရင်တော့ ငြိမ်းချမ်းရေးရဖို့တော့ ခက်လိမ့်မယ်ထင်တယ်။

စာရေးဆရာ သန်းစိုးနိုင်
နိုင်ငံရေးလေ့လာသုံးသပ်သူ

ဒီကာလမှာ တပ်မတော်ကနေပြီးတော့ အပစ်ရပ် (၃)လ သတ်မှတ်လိုက်တဲ့ဟာက အချိန်တွေနဲ့ ကိုက်ညီပြီးတော့ သဘာဝကျတဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်ယူဆပါတယ်။ ဒီတပ်မတော်အနေနဲ့ ကိုဗစ်ရောဂါ ပြန့်ပွားနေတဲ့အချိန်အခါမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တပ်မတော်ရဲ့ သဘောတူညီမှုကြောင့် NRPC ပေါ့။ အဖွဲ့အနေနဲ့ အခု NCA လက်မှတ် ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ ကိုဗစ်ရောဂါ ခုခံကာကွယ်ရေးမှာ ပူပေါင်းဆောင်ရွက်နေမယ်ဆိုတဲ့ သဘောထားကို ကျွန်တော်တို့ အခုချမှတ်ပြဌာန်းပြီးသွားပြီ ။ဒီအပေါ်မှာလည်း အခုအကုန်လုံးလိုက်ပါကြပါတယ်။ ထူးခြားတာကတော့ ဒီသုံးဖွဲ့ပေါ့ဗျာ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့ ကျွန်တော်တို့ ကိုးကန့် နောက်ပြီးတော့ TNLA၊ AA ပေါ့။

ဒီအဖွဲ့သုံးဖွဲ့အနေနဲ့ TNLAနဲ့ ကိုးကန့်အဖွဲ့တို့ကတော့ မြန်မာပြည်အတွင်းပိုင်း ရှမ်းပြည်မြောက်ပိုင်းရှိနေတဲ့အတွက် သူတို့ကိုယ်တိုင်လည်း စစ်ရေးလှုပ်ရှားမှုမလုပ်ဘူးဆိုတာ သဘောထားကြေညာပြီးဖြစ်ပါတယ်။ ဒါပေမယ့် AAအဖွဲ့ကတော့ သူတို့ရည်မှန်းချက်အတိုင်း ဒီနေ့အထိ တပ်မတော်နဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတာ ကျွန်တော်တို့ ရှမ်းပြည်နယ်တောင်ပိုင်း ပလက်ဝကနေပြီးတော့ ရခိုင်မြောက်ပိုင်းတစ်လျောက်ဖြစ်နေတာ ဒီအထဲမှာလည်းကြီးမားတဲ့ စစ်ရေးတိုက်ပွဲတစ်ခုကိုလည်း ဆင်နွှဲနေတာဖြစ်ပါတယ်။

အဲဒါကြောင့် နိုင်ငံတော်ကနေပြီးတော့ သူတို့ကို အကြမ်းဖက်သောင်းကျန်းသူ ဆိုတဲ့ စကားလုံးကို သုံးနှုန်းလိုက်တာဖြစ်ပါတယ်။ အဲဒီအသုံးအနှုန်း သုံးနှုန်းလိုက်တာဟာ တရားဝင်ဆွေးနွေးပြောဆိုဖို့ သဘောထားမရှိဘူးဆိုတာကို အစိုးရနဲ့ တပ်မတော်က ဖော်ပြလိုက်တာဖြစ်တယ်။ အဲဒီအခြေအနေအောက်မှာ တပ်မတော်အနေနဲ့လည်း စစ်ရေးအရ AAအဖွဲ့နဲ့ တိုက်ခိုက်မှုဖြစ်ပွားနေတာဟာ ဒီနေ့ထိဆက်တိုက်ဖြစ်ပွား နေဆဲပါပဲ။ ဒါကြောင့် တပ်မတော်က ပြီးခဲ့တဲ့နှစ် မတ်လနောက်ပိုင်းမှာ သူ့အနေနဲ့အပစ်ရပ်စဲရေးကိစ္စကို ဆက်တိုးချဲ့ဖို့ သဘောထားမရှိဘူးဆိုပြီးတော့ မြောက်ပိုင်းအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အကြောင်းပြုပြီးတော့ တပ်မတော်က ရုပ်သိမ်းခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာ စစ်ရေးလှုပ်ရှားမှုက AAအဖွဲ့ကလွဲရင် တစ်ခြားအဖွဲ့တွေမရှိတော့တဲ့ အနေအထားအောက်မှာ မြောက်ပိုင်းအဖွဲ့ (၇)ဖွဲ့ထဲမှာ AAအဖွဲ့ကို ခြွင်းချက်ထားပြီးတော့ ကျန်တဲ့အဖွဲ့တွေ အားလုံးနဲ့လည်း ကိုဗစ်ကာကွယ်ရေးကိစ္စမှာ ပူပေါင်းဆောင်ရွက်လိုတဲ့သဘောထား ဖော်ပြလိုပုံရပါတယ်။ အဲဒါကြောင့် ဒီကြေညာချက်ကိုထုတ်လိုက်တာပါ။ ဒါဟာ လတ်တလောဖြစ်နေတဲ့ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအကျိုး အတွက် ပူးပေါင်းဆောင်ရွက်မှုမှာကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ချို့ယွင်းချက်အဖြစ် AA သောင်းကျန်းသူအဖွဲ့ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကိုတော့ သူက ခြွင်းချက်ထားတဲ့သဘောပါပဲ။ အဲဒါကလည်း တပ်မတော်ရဲ့ သဘောထားဆိုတာထက် AA အဖွဲ့ရဲ့လက်ရှိအခြေအနေအပေါ်မှာ လုပ်နေတဲ့ လူပ်ရှားမှုတွေနဲ့ဆိုင်ပါတယ်။

ဒါကတော့ ဒီလိုပဲ ခြွင်းချက်ထားရမှာပေါ့။ ဒါပေမယ့် ဒီလို တပ်မတော်ဘက်က သဘောထားချမှတ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ ရခိုင် ပြည်နယ်မှအပ တစ်ပြည်လုံးမှာ ပြည်သူလူထုရော အစိုးရရော တပ်မတော်ရော ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးရော ကိုဗစ်ကိစ္စမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော်က လမ်းဖွင့်ပေးလိုက်တာလို့ပဲ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီကြေညာချက်ဟာ အကျိုးရှိကောင်းမွန်တယ်အခြေ အနေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်သဘောထားပါပဲ။ AAအဖွဲ့ရဲ့ စစ်ရေး ဦးတည်ချက်နဲ့ သဘောထားအပေါ်မှာ မူတည်တာပေါ့။ ရခိုင်မှာလည်း ကျွန်တော်တို့ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်ရှိနေတဲ့အောက်မှာ ရခိုင် နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးလည်း စစ်ရပ်စဲပေးဖို့ တောင်းဆိုနေကြတာတွေရှိပါတယ်။

ဒါပေမယ့် AAက သူရဲ့ ၂၀၂၀ စစ်ရေး ဦး တည်ချက်အရသူက စစ်ရပ်စဲမယ့် သဘောထားမရှိဘူး။ အဲလိုအခြေ အနေအောက်မှာ ကျွန်တော်ထင်တာတော့ စစ်ရေးအရှိန်ကတော့ရခိုင်မှာ ဒီထက်ကြီးကျယ်လာစရာအကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပြည်လုံးမှာ စစ်ရေးအရ လှုပ်ရှားစရာ အင်အားစုများများမရှိတော့ဘဲ AA သာကျန်တော့တဲ့အတွက် ဒီကိစ္စကို တပ်မတော်အနေနဲ့ဖြေရှင်းနိုင်တဲ့အခွင့်အလမ်းတွေ ပိုပြီးရနိုင်တယ်အနေအထားမျိုးရှိပါတယ်။ ဒါပေမယ့် AAကလည်း သူ့စစ်ရေးရည်မှန်းချက်ကို ဇွတ်အကောင်အထည်ဖော်မယ် သဘောရှိနေတဲ့အတွက် စစ်ရေးလူပ်ရှားမှုတွေ ရခိုင်မှာရှိနေမယ်။ လူထုတွေ ပိုပြီးဒုက္ခရောက်နေအုန်းမယ်။ စစ်ကတော့ ပြေငြိမ်းနိုင်စရာအကြောင်းမရှိဘူး။ ပိုဆိုးလာနိုင်စရာလည်း အခြေအနေ မရှိသေးဘူးလို့ ကျွန်တော်အကဲခတ်ပါတယ်။

၂၀၂၀ ငြိမ်းချမ်းရေး သုံးသပ်မှုကလည်းပဲ ဒီကိစ္စက COVID-19 ကိစ္စက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြဿနာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးပြဿနာဖြစ် နေတဲ့အခါကျတော့ ကျွန်တော်လည်း မလွှဲမရှောင်သာ အဲဒါကို ရင်ဆိုင်ဖြေရှင်းနေရတာပေါ့။ အဲဒီကိုဗစ်ကူးစက်မှုအနေအထားကလည်း သိတဲ့အတိုင်းပဲ တော်တော်ကို ခြောက်ခြားစရာကောင်းတဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခံစားပြီးတော့ သေဆုံးသူတွေ အမြောက်အများရှိနေတဲ့ ကာလမှာ ငြိမ်းချမ်းရေလုပ်ငန်းစဉ်အတွက်ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ကိစ္စကလည်းနောက်ဆုတ် သွားနိုင်ပါတယ်။

ဒီလှုပ်ရှားမှုအတွင်းမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCAထိုးထားတဲ့ အဖွဲ့အစည်းအနေနဲ့ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထား ပိုပြီးတော့ကောင်းလာလိမ့်မယ်ယူဆပါတယ်။ အဲဒီတော့ဒီအနေအထား တစ်စုံတစ်ရာ ငြိမ်သက်သွားတာနဲ့ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ မလွဲမသွေလာမည့် ဇွန်လနောက်ပိုင်းလောက်မှာ ဒီလူပ်ရှားမှုတွေ ကျွန်တော်တို့ ငြိမ်းချမ်းရေးလူပ်ရှားမှုတွေ ပြန်လည်အသက်ဝင်လာနိုင်စရာရှိတယ်။ ပြန်လည်အသက်ဝင်အောင်လည်း ကျွန်တော်တို့အစီစဉ်တစ်ရပ်ချမှတ်ပြီးတော့ လုပ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

အဲဒီတော့ အဆိုးထဲက အကောင်းပေါ့ဗျာ။ အဲဒီတော့ ဒီကာလမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပတ်သက်ပြီး AA မှအပ ကျန်တဲ့ အင်အားစုအားလုံးနဲ့ အစိုးရနဲ့ COVID-19ကို ကျွန်တော်တို့ဆန်ကျင့်ဖို့ ကာကွယ်ဖို့ကြိုးစားရင်းနဲ့ ပိုမိုကြီးမားတဲ့ပူပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာနိုင်စရာရှိတယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts