All News Local News Peace

တပ်မတော်သည် ရန်လိုသည့်သဘောလှုပ်ရှားနေဟု KNU က ကြေညာပြီးနောက် KNU/KNLA တပ်မဟာ ၅ သည် လူသစ်စုဆောင်း၍ ဒေသခံများ ထွက်ပြေးဟု တပ်မတော်က ထုတ်ပြန်

တပ်မတော်သည် ရန်လိုသည့်သဘောလှုပ်ရှားနေဟု KNU က ကြေညာပြီးနောက် KNU/KNLA တပ်မဟာ ၅ သည် လူသစ်စုဆောင်း၍ ဒေသခံများ ထွက်ပြေးဟု တပ်မတော်က ထုတ်ပြန်

ရန်ကုန်၊ မေ ၂၀

တပ်မတော်သည် အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့ခြင်း၊ စခန်းသစ်တည်ဆောက်ခြင်းအပါအဝင် ရန်လိုသည့်သဘောလှုပ်ရှားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မေလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပြီးနောက် တပ်မတော်ကလည်း KNU/KNLA တပ်မဟာ ၅ သည် လူသစ်စုဆောင်းပြီး NCA စာချုပ်ကို ချိုးဖောက်နေကြောင်း သတင်းထုတ်ပြန်သည်။

မေလ ၁၉ ရက်နေ့ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ KNU/KNLA တပ်မဟာ(၅) အဖွဲ့များက လူသစ်စုဆောင်းမှုများဆောင်ရွက်လာသဖြင့် မေ ၁၆ ရက်တွင် မဲကုလား ကျေးရွာ၊ ကမ်းနားကျေးရွာ၊ ထီးဘောခို့ကျေးရွာ၊ ကျောက်သင်္ဘောကျေးရွာနှင့် ကျောက်ကွင်း ကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း ၆၁ ဦးတို့သည် ကမမောင်းမြို့အတွင်းရှိ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်အသီးသီးသို့လည်းကောင်း၊ ကျောက်ကွင်းကျေးရွာ၊ ဇာကော့လုံကျေးရွာ၊ ကိုလူပျိုကျေးရွာ၊ မဲပလီခီးကျေးရွာတု့ိမှ ကျေးရွာသူ၊ ကျေးရွာသား ၄၆ ဦးတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ လဲလွန်းမြိုင် ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း၊ မေ ၁၇ ရက်တွင် မဲပလီခီးကျေးရွာနှင့် မဲကုလားကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား ၂၁ ဦးသည် လှိုင်းဘွဲမြိ့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ နန်းဟေမြိုင်ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖော်ပြထားသည်။

KNU/KNLA အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ လူသစ် စုဆောင်းမှုများဆောင်ရွက်ခြင်းသည် NCA စာချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းဖြစ် သဖြင့် သက်ဆိုင်ရာမှတစ်ဆင့် သတိပေးတားမြစ်ကန့်ကွက်ဆောင်ရွက်သွားမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၁၅ ရက်နေ့က KNU ကလည်း တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို အခွင့်အကောင်းယူပြီး အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်နေပြီး ယင်းသို့ လုပ်ဆောင်မှုများကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေသဖြင့် အပစ်ရပ်စာချုပ်NCA ကို လိုက်နာရန် KNU ကရင့်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ပြန်၍ တပ်မတော်ကို တိုက်တွန်းခဲ့သည်။

မေလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KNU ၏ ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူလျက် အင်အားတိုးချဲ့ခြင်းများ အထူးသဖြင့် မူတြော်ခရိုင်- တပ်မဟာ ၅ နှင့်ဆက်စပ် တပ်မဟာ ၂ ၊ နှင့် တပ်မဟာ ၇ ဒေသတချို့တွင် ဖြစ်ပေါ်နေကြောင်း၊ ယခင်နှစ်များထက် အင်အားနှစ်ဆဖြည့်တင်းခြင်း၊ တပ်စခန်းသစ်များ တိုးချဲ့ခြင်းများ သည် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေကြောင်း၊ တပ်မတော်အနေဖြင့် NCA အခန်း ၃ အပိုဒ် ၅ ကို လိုက်နာဆောင်ရွက်ရန် လည်း တိုက်တွန်းကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကာကွယ်မှု ပြုလုပ်သည့် သထုံခရိုင်အတွင်းတွင်လည်း နှစ်ဖက် နားလည်မှု လွဲမှားခြင်းဖြစ်စေသော နေရာတချို့အတွက် ညှိနှိုင်းမှု ပြုလုပ်နေသကဲ့သို့ မူတြော်ခရိုင်တွင် တပ်မတော်၏ အင်အားသုံး ဆောင်ရွက်မှုကြောင့် KNU နှင့် တပ်မတော်အကြား ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှုဖြစ်ပွားသည့်အပေါ်တွင်လည်း ဆက်လက်ညှိနှိုင်းလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ကော်ရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ယာယီ ရပ်တန့် သည့် အခြေအနေရင်ဆိုင်နေရပြီး ကပ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက် ညှိနှိုင်းလုပ်ဆောင်နေကြောင်း၊ ယင်းကာလအတွင်း KNU အုပ်ချုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများရှိနေသည့် ခရိုင်၊ တပ်မဟာများအတွင်း တပ်မတော်စစ်ကြောင်းတချို့သည် ရန်လိုသည့် သဘောဆောင်သော လှုပ်ရှားမှုများကို ပိုမိုလုပ်ကိုင်လာကြောင်း၊ ခရိုင်တချို့ရှိ လူထုနေထိုင်ရာ ဒေသများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တပ်မတော်က တောမီးရှို့ခြင်းကြောင့် ဥယျာဉ်များ ပျက်စီးဆုံးရှုံးမှု၊ တောင်ယာစိုက်ပျိုးရန် ပြင်ဆင်ထားသည့်နေရာများ အချိန်မတိုင်မီ မီးလောင်ကျွမ်းရခြင်းများကြောင့် လာမည့်နှစ်တွင် ပြည်သူများ စားရေရိက္ခာလုံခြုံမှု အခက်အခဲ ကြုံရမည့် အန္တရာယ်ရှိကြောင်း၊ အဆိုပါအခြေအနေများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ယုံကြည်မှု လျော့နည်းလာကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

KNU အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မှန်ကန်ပြီး တရားမျှတမှုရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပါဝင်ပတ်သက်သူများအားလုံး နှင့်စဉ်ဆက်မပြတ် တွေ့ဆုံ နည်းလမ်းရှာဖွေ ထုတ်ဖော်လျက် ဆွေးနွေးညှိနှိုင်းသည့် ယဉ်ကျေးမှုဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် တရားမျှတစွာ ဖြေရှင်းရေး မူကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- KNU/KNLA တပ်မဟာ ၅ ၏ စစ်ရေးပြ အခမ်းအနားတစ်ခု ။ Photo Credit – KNU

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts