All News Local News Peace

တပ်မတော်ပိုင် ဦးပိုင်၏ မိတ်ဖက် Ever Flow River ကုမ္ပဏီ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဖွင့်ရန် ပြင်ဆင်မှုအပေါ် Justice for Myanmar က သတိပေးချက် ထုတ်ပြန်

တပ်မတော်ပိုင် ဦးပိုင်၏ မိတ်ဖက် Ever Flow River ကုမ္ပဏီ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဖွင့်ရန် ပြင်ဆင်မှုအပေါ် Justice for Myanmar က သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ မေ ၂၈

တပ်မတော်ဦးပိုင်ကုမ္ပဏီ(MEHL) ၏ မိတ်ဖက် ထာဝရနဒီအုပ်စုကုမ္ပဏီများလီမိတက် Ever Flow River -EFR သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစုကြီးသည် ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်စာရင်းဖွင့်ရန် ပြင်ဆင်နေမှုအပေါ် Justice for Myanmar အဖွဲ့က သတိပေးချက် တစ်ရပ် မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

EFR သည် MEHL နှင့်ပူးပေါင်း၍ ရန်ကုန်ရှိ ကုန်းတွင်း ဆိပ်ကမ်းပေါင်းစပ် အဆောက်အအုံတစ်ခုဖော်ဆောင်ရေးကို Hlaing Inland Terminal and Logistics Co.,Ltd အမည်ဖြင့် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ EFR က အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်က နှစ် ၅၀ သက်တမ်းဖြင့် မြေငှားရမ်းပေးမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း မြေနေရာသည် အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားအကြား လှိုင်သာယာရှိ ဧက ၁၅၀ အကျယ်အဝန်းရှိသော မြေနေရာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း၊ MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သော လန်းပြီ ပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်မှတစ်ဆင့် Hlaing Inland Terminal and Logistics Co.,Ltd တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး EFR က ကျန် ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

MEHL ၏ ဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အခြားဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးနီအောင်မှာလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ မန်နေဂျင်းဒါရိုက်တာဖြစ်ကြောင်း ထို့ကြောင့် အကျိုးစီးပွား ပဋိပက္ခများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “EFR ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဟာ မြန်မာစစ်တပ် လုပ်ငန်းစုကြီးအတွက် အဓိကျတဲ့ အကျိုးအမြတ်တွေ အများကြီးယူလာပေးပြီး သူတို့ရဲ့ အာဏာ ၊ ပါဝါကို ထပ်လောင်းအားဖြည့်ပေးတယ်။ ရန်ကုန်စတော့အိတ်ချိန်းက EFR ရဲ့ စာရင်းတင်သွင်းမှုကို လက်ခံ အတည်ပြု ပေးလိုက်တာဟာ ထိတ်လန့်စရာပဲဖြစ်ပါတယ်။ ဒီလိုအတည်ပြုပေးလိုက်တာဟာ စတော့အိတ်ချိန်းရဲ့ စောင့်ကြည့်ဆန်းစစ်မှု စံနှုန်းနဲ့ စစ်တပ်နဲ့ ခရိုနီတွေရဲ့ သြဇာလွှမ်းမိုးမှုကနေ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အတွက် စိုးရိမ်ဖွယ်ရာ အလွန်ကောင်းတဲ့ အခြေအနေပဲဖြစ်ပါတယ်” ဟု ပြောဆိုသည်။

EFR သည် စီမံကိန်းကို ပြီးစီးရန် ရန်ကုန်စတော့အိတ်ချိန်းမှ တစ်ဆင့် ရရှိလာမည့် ရန်ပုံငွေတို့ဖြင့် ထည့်ဝင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး MEHL နှင့် EFR ၏ တုံ့ပြန်ချက်ရရှိရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာ၏ ဖော်ပြချက်အရ မြန်မာ့တပ်မတော်၏ အကျိုးစီးပွားများတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL ၊ လန်းပြီ ပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်နှင့် Hlaing Inland Terminal and Logistics Co.,Ltd တို့ကို ထည့်သွင်းဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts