All News Local News Peace

တပ်မတော်က KIO/KIA ထိန်းချုပ်နယ်မြေသို့ သွားရောက်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

တပ်မတော်က KIO/KIA ထိန်းချုပ်နယ်မြေသို့ သွားရောက်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း


ရန်ကုန်၊ မေ ၂၀

ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ကျေးရွာအုပ်စု၊ အစိုးရထိန်းချုပ်မှုကင်းလွတ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာသို့ တပ်မတော်က သွားရောက်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ KIO/KIA (အဖွဲ့) သို့ တပ်မတော်က ပေးအပ်လှူဒါန်းကြောင်း သိရှိရသည်။


တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် တာဝန်ရှိသူများက လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပြီး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း၊ KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွန်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် တာဝန်ရှိသူများက ကြိုဆိုကြကြောင်း သိရှိရသည်။ ဦးစွာ နှစ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပေးကြပြီးနောက် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က COVID-19 ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွန်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်း သိရှိရသည်။


KIO/KIA မှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တပ်မတော်မှ လှူဒါန်းမှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ပါမည်ဟု KIO ဗဟိုကော်မတီကိုယ်စား ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တက်နိုင်သရွေ့ဆောင်ရွက်နေသော်လည်း ပြည့်စုံမှုမရှိ သေးကြောင်း၊ တပ်မတော်မှ ယခုလိုကူညီပေးသည့်အပေါ်ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ပါကြောင်း၊ တပ်မတော်သည် ခိုင်မာသော Institution တစ်ခုဖြစ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ စွမ်းအားပြည့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဒေသ၌ လိုအပ်လာပါက အကူအညီတောင်းခံသွားမည်ဖြစ် ကြောင်း၊ ၎င်းကိစ္စမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၁၀၀၀ ခု၊ Face Shield-၂၅၀ ခု၊Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊ Surgical Gloves ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွန်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့က လက်ခံရယူကြကြောင်း သိရှိရသည်။


မေလ ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ်အစိုးရလူမှုရေး၀န်ကြီး ဦးနေ၀င်းသည် ယင်းကျေးရွာသို့ သွားရောက်၍ KIO/KIA အဖွဲ့နှင့်တွေ့ဆုံပြီး COVID-19 ကာကွယ်တားဆီးရေး ဆွေးနွေးကာ အလှူငွေနှင့်အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့သေးသည်။
Photo Credit – Cincds

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts