All News Local News Peace

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အမှုလေးခုအတွက် ထောင်ဒဏ် နှစ်၃ဝ ချမှတ်ခံရ

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အမှုလေးခုအတွက် ထောင်ဒဏ် နှစ်၃ဝ ချမှတ်ခံရ

ရန်ကုန်၊ မေ ၂၂

အဂတိလိုက်စားမှုများဖြင့် တရားစွဲဆိုခံထားရသော တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကို ယနေ့မေလ ၂၂ရက်နေ့တွင် တနင်္သာရီတိုင်းတရားလွှတ်တော်က အမှုလေးခုအတွက် ထောင်ဒဏ် နှစ်၃ဝ ချမှတ်ခံကြောင်း တရားခွင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ထားဝယ်ခရိုင်တောင်သူလယ်သမားသမဂ္ဂမှ ဒေါ်ရီရီထွေးကပြောဆိုသည်။

“ ပြစ်ဒဏ်ချတာကတော့ နှစ်၃ဝချလိုက်တယ် အဂတိပုဒ်မတွေနဲ့ပေါ့။ သူ့ကိုစွဲထားတာက အမှုလေးခုပေါ့။ အဲဒီအမှုလေးခုမှာ တစ်ခုကို ၁ဝနှစ်ပေါ့။ တိတယအမှုနဲ့ စတုတ္ထအမှုကို ပေါင်းပြီးတော့ ချလိုက်တော့ နှစ် ၃ဝဖြစ်သွားတာပေါ့။ ပထမအမှုက သူ့ယောကျာ်းမြေကွက်မှာ ခြံစည်းရိုးကာရံတာ အဲဒီအမှုအတွက် ၁ဝနှစ်ပေါ့။ လေယာဉ်ကွင်း ခြံရှင်းတဲ့ကိစ္စ အဲတာက ၁ဝနှစ် နောက်တစ်ခုကတော့ GGS ကုမ္ပဏီနဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စနှစ်မှုအတွက် ထောင်ဒဏ် ၁ဝနှစ် အားလုံးပေါင်း နှစ် ၃ဝချလိုက်တာပေါ့ ” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ဒေါ်လဲ့လဲ့မော်နှင့် အတူ တရားစွဲဆိုခံထားရသော GGS ကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးကိုလည်း တရားရုံးက ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

“ ဒီလိုအမိန့်ချတာကတော့ တရားရုံးကစီရင်တာဖြစ်တဲ့အတွက် မှတ်ချက်တော့ မပေးလိုဘူး။ ဒါပေမယ့်ပြောချင်တာကတော့ အခုချမှတ်ခံရတဲ့ အပြစ်ဒဏ်ဆိုတာ ရှင်းရှင်းပြောရရင် သူတို့(ဒေါ်လဲ့လဲ့မော်) လုပ်ထားတဲ့ ကိစ္စတွေနဲ့ဆိုရင် အများကြီးပေါ်တာရှိတယ်။ မပေါ်တာရှိတယ်။ ထင်ထင်ရှားရှားသက်သက်သေပြနိုင်ဖို့ ကိစ္စတစ်ခုက မလွယ်ဘူးလေ။ အခုလို ချမှတ်လိုက်တာက တရားဥပဒေဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် မကျေနပ်လို့လည်းမရဘူး။ ကျေနပ်တယ်။ ဒါက ပထမဆုံးဖြစ်တာဖြစ်တဲ့အတွက် ပထမဆုံး တာဝန်ရှိတဲ့ အကြီးအကဲတစ်ယောက်ရဲ့ ဒီလိုအမှုကို ဖော်ထုတ်လိုက်တာဖြစ်တဲ့အတွက် ကျေနပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဒေါ်လဲ့လဲ့မော်။ Photo Credit -Wikipedia

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts