All News interview

ဇူလိုင်လ အခြေခံပညာကျောင်းများ ဖွင့်မည်ဖြစ်ပြီး ကျောင်းသားမိဘများ ကြောက်မနေပါနှင့်ဟု အခြေခံပညာညွှန်ချုပ် အသိပေး

ဇူလိုင်လ အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး အစီအမံများ ချထား၍ ကျောင်းသားမိဘများ ကြောက်မနေပါနှင့်ဟု အခြေခံပညာညွှန်ချုပ် အသိပေး

“ကြောက်မနေပါနဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်းပြီးတော့ ကလေးတွေ ရဲ့ ကျန်းမာရေး safe ဖြစ်အောင်တော့ ကြိုးစားပါ့မယ်”

By မိုးယံခ(ရန်ကုန်ခေတ်သစ်)

ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်ကပ်ရောဂါဘေး ဆိုက်ရောက်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ လတ်တလော ထိန်းချုပ်နိုင်သော အနေအထားတွင်ရှိနေပြီး လာမည့် ဇူလိုင်လတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်းအစိုးရက တရားဝင်ထုတ်ပြန် အသိပေးလိုက်ပြီဖြစ်သည်။ ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင်စီမံထားသည့် ကျန်းမာရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ Facility Quarantine ထားတဲ့ အခြေခံပညာကျောင်းတွေကို မေ ၁၅ နောက်ဆုံးထားပြီး ပြန်အပ်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်က အတည်ပြုလို့ရလား။

ဖြေ။ ။ ဟုတ်တယ်။ ကျွန်တော်တို့က ဇူလိုင်လမှာ ကျောင်းဖွင့်ဖို့အတွက် ကြိုပြင်စရာတွေရှိတာတွေ ပြန်ပြင်ဖို့ အတွက်ပေါ့။

မေး။ ။ ဇူလိုင်လ ကျောင်းဖွင့်ဖို့က သေချာသွားပြီလား။

ဖြေ။ ။ သေချာပါတယ်။ ဇူလိုင်လမှာ သူကဇူလိုင်လအတွင်းလို့ပြောထားတာကို ဇူလိုင်လ မှာ ဖွင့်မယ်ဆိုတော့ သူကဒုတိယပတ်လား ပထမပတ်လား ဒါတွေကတော့ ကျွန်တော်တို့ ရှေ့ကလုပ်တဲ့ အလုပ်တွေပေါ်မှာ မူတည်ပြီးတော့ ဇူလိုင်လအတွင်းမှာ ဘယ်အပတ်လဲဆိုတာ အပြောင်းအလဲရှိမှာပေါ့။ ဇူလိုင်လအတွင်းကတော့ သေချာပါတယ်။

မေး။ ။ အခုချိန်မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး မိဘတွေကလည်း စိုးရိမ်နေကြတော့ သူတို့အတွက် ဘာ သတင်းစကား များပေးချင်လဲ။

ဖြေ။ ။ ဒါကတော့ မိဘတွေက သားသမီးတွေအတွက် စိုးရိမ်တာကတော့ သဘာဝပဲလေ။ ကျွန်တော်တို့ဆီမှာလည်း သားသမီးတွေရှိပါတယ်။ ဆရာဆရာမတွေမှာလည်း သားသမီးတွေရှိတယ်။ ဒီကျန်းမာရေးပိုင်းမှာ ကိုဗစ်မှာ လုပ်နေတဲ့သူမှာလည်းရှိတယ်။ လူတိုင်းကတော့ ဒီရောဂါကိုကြောက်တာပဲလေ။ ဒါပေမယ့် ကာကွယ်ဆေးပေါ်အောင်စောင့်မှာလား။ ကုသဆေးတွေ ပေါ်အောင်စောင့်မှာလား။ ဘယ်အချိန်မှာပေါ်မယ်မှန်း မသိဘဲနဲ့စောင့်နေရင် ကျွန်တော်တို့ကလေးတွေက ရှင်းရှင်းပြောမယ်ဆိုရင် ပညာရေးက တခြားနိုင်ငံတွေနဲ့ ကျွန်တော်နိုင်ငံက အခွင့်အလမ်းတစ်ခုရှိတာက ကျွန်တော်တို့က နွေရာသီကျောင်းပိတ်ရက်မှာ ဒီရောဂါကလာဖြစ်တာလေ။
နွေရာသီကျောင်းပိတ်ရက်မှာလာဖြစ်တော့ ကျန်တဲ့နိုင်ငံတွေက ကျောင်းဖွင့်နေရင်းဖြစ်တော့ ကျောင်းတွေက ပိတ်ကုန်တာပေါ့။ ပိတ်ကုန်တော့ အဲမှာဒုက္ခရောက်တာ ဒီမှာကတော့ကျောင်းပိတ်နေတဲ့ကာလမှာဖြစ်တယ်။ ကျောင်းဖွင့်ဖို့တော့ အနည်းငယ်နောက်ကျနိုင်တယ်။ မူလက ဇွန် ၁ရက်နေ့ဖွင့်တယ်။ အခုဇူလိုင်ထဲမှာမှ ဖွင့်မယ်ဆိုတော့ တစ်လလောက်နောက်ကျနိုင်တာပေါ့။

နောက်ကျလည်းပြဿနာမရှိဘူး။ အဲတော့ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ မိဘတွေကို ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က ဒီကလေးတွေအတွက်ကို ကလေးအားလုံး ဆရာဆရာမအားလုံးအတွက် အထူးသဖြင့် safe ဖြစ်အောင်လို့ ဘာတွေလုပ်ပေးဖို့ရှိနေလဲဆိုတော့ ကျန်းမာရေးအရ လမ်းညွှန်ထားတဲ့ လုပ်ငန်းလမ်းညွှန်အတိုင်း တိကျလိုက်နာပြီးတော့မှ ကျောင်းတက်ဖို့အတွက်ကို ကျွန်တော်တို့ဆောင်ရွက်နေတယ်။

နံပါတ် ၁ Mask တပ်ရမယ်။ safety ကတော့ မျက်နှာအကာတို့ တပ်ဖို့လုပ်ပေးမယ်။ ဆရာဆရာမကော ကျောင်းသားကျောင်းသူကော Face safety ကတစ်ခုပေါ့။ Reusable mask ကနှစ်ခုပေါ့။ ကြားထဲမှာမှ သူက ၂လွှာ mask ပေါ့။ ၂လွှာ mask ထဲမှာမှ ရှင်းရှင်းပြောရရင် ကြားမှာ အလွှာတစ်လွှာ ထည့်သုံးလို့ရတယ်ပေါ့။

တစ်နည်းပြောမယ်ဆိုရင်တော့ တစ်ရှူးစလေးထည့်သုံးရင် သုံးလွှာဖြစ်သွားတာပေါ့ပြီးမှ တစ်ရှူးစလေးထုတ်ပြီး ပြန်လျှော်ပြန်သုံးတာပေါ့။ ကျွန်တော်တို့ Reusable mask ကိုပဲသုံးလို့ရမယ် ဘာလို့လဲဆိုတော့ တစ်ခါသုံး mask ကိုသုံးရင်တော့ အရမ်းကြီးပိုက်ဆံကုန်လိမ့်မယ်။ မလွယ်ဘူး။ နေတိုင်းတစ်နေ့တစ်ယောက်ဆီဆို တန်ဖိုးလည်းကြည့်လိုက်အုန်းလေ။ အဲတာကျွန်တော်တို့ ဝေဖို့ရှိမယ်။

နောက်ကျောင်းတွေမှာ အပူချိန်တိုင်းတာတွေလည်းဖြန့်ဖို့ရှိမယ်။ နောက် Social distancing ကျောင်းထဲဝင်တဲ့အခါမှာ သူတို့ ၆ပေအကွာနေရမယ်ဆိုရင် သူတို့ကို ၆ပေကွာဖို့နေထိုင်ဖို့တို့ နောက် ထမင်းဘူးယူလာရင် စုမစားဖို့တော့ ဒါတွေအကုန်လုံးကို ကျောင်းတွေ စီမံခန့်ခွဲမှုနဲ့ ပိုပြီးတော့လိုက်နာဆောင်ရွက်ဖို့ရှိတယ်။ ရှိတော့ မိဘတွေအနေနဲ့ကတော့ စိုးရိမ်မှာပေါ့။ တစ်ချို့လည်းပဲပြောသံတွေကြားတာပေါ့လေ။ စိုးရိမ်တာ အရမ်းအစိုးရိမ်မလွန်စေချင်ဘူး။

ကလေးတွေက အများအားဖြင့် လူကြီးတွေထက်စာရင်တော့ rate ကအများကြီးနည်းတယ်။ ကူးတာတော့ ကူးနိုင်ပါတယ်။ မကူးအောင်လည်း ကျွန်တော်တို့က ကာကွယ်ရမှာပေါ့။ safe ဖြစ်အောင်လုပ်ပေးရမှာပေါ့။ ကျောင်းတွေမှာ လက်ခဏခဏဆေးဖို့လည်း အစီအစဉ်တွေ တခါတည်း ကျောင်းမဖွင့်ခင်မှာ စီစဉ်ပါ့မယ်။

အဲတာတွေအကုန်လုံးက ဒါတွေအကုန်လုံးက ကျန်းမာရေးနဲ့ အားသစားဝန်ကြီးဌာနနဲ့ ပညာရေးပေါင်းလုပ်မှာပါ တချို့ဟာတွေက အရေးပေါ်လိုလာရင် ကျန်းမာရေးက အဆင်သင့်ရှိနေမယ်ပေါ့။ ကြောက်တာတော့ ကြောက်တာပေါ့လေ။ အရမ်းကြီးတော့ မကြောက်ပါနဲ့လို့ ကြောက်လွန်းလို့ သားသမီးကိုကျောင်းမပို့တော့ဘူး။ ကလေးကို တစ်နှစ်အောက်လိုက်မယ်ဆိုရင်လည်း ကလေးတစ်နှစ်အောက်တာပဲ အဖက်တင်သွားလိမ့်မယ်။ ကျောင်းဖွင့်ရင်းနဲ့လည်း ကာကွယ်ဆေးဆိုတာ ပေါ်လာကောင်းပေါ်လာနိုင်ပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာပေါ်မယ်လို့ ပြောနေတာလေ။ ကျွန်တော်တို့က သူများ first wave၊ second wave ဖြစ်နေတဲ့အချိန် ဖြစ်တာဖြစ်တဲ့အတွက် အခုလည်းပဲ ထိန်းချုပ်နိုင်တဲ့အနေအထားရှိပါတယ်။ နေ့တိုင်းထွက်နေတဲ့သတင်းတို့ဘာတို့ကို ကြည့်ပါ အများကြီး မနိုင်မနင်းဖြစ်နေတာမဟုတ်ဘူး။ အများကြီးလည်းပဲ ဆုံးရှုံးနေတာမဟုတ်ပါဘူး။ အဲတော့ အများကြီးကြောက်မနေပါနဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်းပြီးတော့ ကလေးတွေ ရဲ့ ကျန်းမာရေး safe ဖြစ်အောင်တော့ ကြိုးစားပါ့မယ်လို့ ဒါလေးလည်းပဲ မိဘပြည်သူတွေကို အသိပေးစေချင်ပါတယ်။

မေး။ ။ ကျောင်းတွေက ဇူလိုင် ဘယ်နှစ်ရက်မှာ ပြန်ဖွင့်မှာလဲ။

ဖြေ။ ။ အဲတာကိုပြောလို့မရသေးဘူး။ ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်ရဦးမယ်။ ဇူလိုင်လအတွင်းလို့ပဲ မှတ်ထားလိုက်ပါ။ ဘယ်နှစ်ရက်ဆိုတာကို ကျွန်တော်တို့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်မယ့်အချိန်ကျရင်သိပါလိမ့်မယ်။ ကျွန်တော်တို့ ကျောင်းမဖွင့်ခင်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုတာ လုပ်ပါလိမ့်မယ်။

ဓာတ်ပုံ- အခြေခံပညာဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဦးကိုလေးဝင်း။(ဓာတ်ပုံ- ပညာရေးဝန်ကြီးဌာန)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts