All News Local News

စည်ပင်ရွေးကောက်ပွဲပြုလုပ်ရန် ဘက်ဂျက် လျာထားဟု မွန် စည်ပင်ဝန်ကြီးဖြေဆို ၊ လျာထားဘက်ဂျက်မတွေ့ကြောင်း လွှတ်တော်ဥက္ကဌ ပြော

စည်ပင်ရွေးကောက်ပွဲပြုလုပ်ရန် ဘက်ဂျက် လျာထားဟု မွန် စည်ပင်ဝန်ကြီးဖြေဆို ၊ လျာထားဘက်ဂျက်မတွေ့ကြောင်း လွှတ်တော်ဥက္ကဌ ပြော

By RisE News

မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ရွေးကောက်ပွဲ ကျင်းပ ဘက်ဂျက်လျာထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ောဆာက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က လွှတ်တော်တွင် ဖြေကြားခဲ့ရာ ယင်းဘက်ဂျက် ထည့်သွင်းရေးဆွဲ ထားခြင်း မတွေ့ရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ ကပြောကြားသည်။

မေလ ၂၁ ရက်တွင်ကျင်းပသော မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းထင်အောင် ဟန် က အစိုးရ သက်တမ်းမကုန်မီ မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီရွှေးကောက်ပွဲ ပြုလုပ်ပေးသွားရန် အစီစဉ်ရှိမရှိ မေးမြန်းရာတွင် ဦးမင်းကျော်လွင် က ဘက်ဂျက်လျာထားပြီး ဖြစ်ကြောင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ရသုံးမှန်းခြေငွေစာရင်းမှာ စည်ပင်သာယာကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာ အသုံးစားရိတ်များကဏ္ဍမှာ ထည့်သွင်းလျာထားပြီးဖြစ်ပါတယ်” ဟု ဦးမင်းကျော်လွင် ဖြေကြားခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဒေါ်တင်ကမူ အစိုးရ အဖွဲ့တင်ပြထားသော လျာထားဘက်ဂျက် တွင် စည်ပင်ရွေးကောက်ပွဲ ဆိုင်ရာ အသုံးစားရိတ်မတွေ့ကြောင်း ပြောကြားခဲ့သည်။

“ပြန်ပြီးတော့စီစစ်ဖို့လိုပါတယ်။ စည်ပင်ကလည်းလျာထားတယ်ပြောတယ်။ ဝန်ကြီးကလည်းလျာထားတယ်ပြောတယ်။ မေလ ၈ ရက်နေ့နဲ့ ၁၂ ရက်နေ့က ပြုလပ်ခဲ့တဲ့ ဘက်ဂျက်ဆိုင်ရာ အစည်းအဝေးတွေ မှာအဲ့ဒီလျာထားဘက်ဂျက်ကို လုံးဝမတွေ့ပါဘူး။ အဲ့ဒီတော့ဝန်ကြီး အနေနဲ့ ဌာနကို ပြန်ဆက်သွယ်ပြီး စိစစ်လိုက်ပ။” ဟု ဒေါ်တင်အိ က ပြောကြားခဲ့သည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဆိုင်ရာဥပဒေကို ၂၀၁၇ ခုနှစ် မေလတွင် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သော်လည်း ဥပဒေပါလုပ်ငန်းဖြစ်သည့် ပြည်နယ်/မြို့နယ် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲများကို ယနေ့အထိဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

အဆိုပါ မေးခွန်းမေးမြန်းခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က မူ “ ဘက်ဂျက်အစည်းအဝေးမှာ စည်ပင်ရွေးကောက်ပွဲလုပ်ဖို့ အတွက် ဘက်ဂျက်ထည့်သွင်းမယ်ဆိုပြီးအစိုးရ အဖွဲ့ကဝန်ကြီး တွေလာဆွေးနွေးပါတယ်။ ဒါပေမဲ့အဲ့ဒီဘက်ဂျက်ကိုအခုမထည့်ထားဘူးဆိုတော့ ရှင်းရှင်းပြောရရင်လုံးဝ မလုပ်တော့ဘူး ။ အစိုးရက လုံးဝအကောင်ထည်‎မဖော်ဘူးဆိုတဲ့ သဘောပေါ့ ။ ရွှေးကောက်ပွဲလဲနီးလာပြီဆိုတော့ ပြဿနာ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ နှင့် နီးကပ်လာ ဖြစ်သောကြောင့် အစိုးရသက်တမ်း မကုန်ဆုံးမီ မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ရွေးကောက်ပွဲ ကျင်းပပေးသင့်ကြောင်းလည်း ၎င်း က ပြောကြားခဲ့သည်။

(မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး၊ ဦးမင်းကျော်လွင်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts