All News Local News

စစ်တပ်ပိုင် ဦးပိုင်နှင့် ဂျပန် Kirin ဖက်စပ်လုပ်ကိုင်နေသော မြန်မာဘီယာ အရောင်းမြင့်တက်ပြီး အမြတ်ငွေ ဒေါ်လာ ၄၆ သန်းကျော် ရရှိမှု ဝေဖန်ခံရ

စစ်တပ်ပိုင် ဦးပိုင်နှင့် ဂျပန် Kirin ဖက်စပ်လုပ်ကိုင်နေသော မြန်မာဘီယာ အရောင်းမြင့်တက်ပြီး အမြတ်ငွေ ဒေါ်လာ ၄၆ သန်းကျော် ရရှိမှု ဝေဖန်ခံရ

ရန်ကုန်၊ မေ ၁၃

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦပိုင်လိမီတက်နှင့် အကျိုးတွဲဖက်လုပ်ကိုင်နေသော ဂျပန် Kirin က မြန်မာဘီယာ အရောင်းမြင့်တက်ပြီး အမြတ်ငွေ တိုးတက်လာသည်ဟု ထုတ်ပြန်မှုအပေါ် Justice For Myanmar လှုပ်ရှားမှုအဖွဲ့က ဝေဖန်လိုက်သည်။

Kirin ၏ ထုတ်ပြန်ချက်အရ Myanmar Brewery ၏ ယခုနှစ် ပထမသုံးလပတ် ပုံမှန် လည်ပတ်မှု အမြတ်ပမာဏသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ပထမ သုံးလ ပတ်ထက် ၂၈ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အမြတ်အစွန်း ဂျပန်ယန်းငွေ ၅ ဘီလီယံ အမေရိကန်ဒေါ်လာအားဖြင့် ၄၆ ဒသမ ၄၇ သန်းရှိခဲ့ကြောင်း ၊ Myanmar Brewery ရောင်းအားသည် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်နေကြောင်း ထုတ်ပြန်ထားသည်။

Kirin က အမြတ်ငွေရရှိမှုထုတ်ပြန်ချိန် ပြည်တွင်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး အရပ်သားများ ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ၊ စစ်ဘေးရှောင်များ အစုအလိုက်အပြုံလိုက် ရွှေ့ပြောင်းနေရခြင်းနှင့် ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်ထားခြင်းများကြုံတွေ့နေရကြောင်း Justice for Myanmar လှုပ်ရှားမှုက ထုတ်ပြန်သည်။

Justice For Myanmar လှုပ်ရှားမှု ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က Kirin အနေဖြင့် တပ်မတော်ပိုင်လုပ်ငန်းများနှင့် စီးပွားရေး ဆောင်ရွက်နေခြင်းမှ လမ်းခွဲရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း ပြောဆိုသည်။

ဦးပိုင်နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသော Kirin သည် တပ်မတော်အတွက် အဓိကဝင်ငွေ ရင်းမြစ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်FFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Myanmar Brewery တွင် Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ စစ်တပ်ပိုင်ဦးပိုင်က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထည့်ဝင်လုပ်ကိုင်နေသော ဘီယာလုပ်ငန်းတစ်ခုဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts