All News Peace

ကျောက်မဲတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရမှု တရားခံမပေါ်သေး၍ ဒေသခံများ ထိတ်လန့်နေ

ကျောက်မဲတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရမှု တရားခံမပေါ်သေး၍ ဒေသခံများ ထိတ်လန့်နေ

ရန်ကုန်၊ မေ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မေလ ၁၈ရက်နေ့က အမျိုးသမီးနှစ်ဦးအသတ်ခံရမှုတွင် တရားခံ မပေါ်သေးသဖြင့် ဒေသလုံခြုံရေးအတွက် ပြည်သူများစိုးရိမ်လျက်ရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မလွေးချစ်စနန်း ကပြောဆိုသည်။

အသတ်ခံရသူ အမျိုးသမီးနှစ်ဦးမှာ ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ ဒေါ်ယာအေးယိန်း အသက် ၆ဝနှစ် နှင့် ဒေါ်ယာအေးထွေး အသက် ၅ဝနှစ်တို့ဖြစ်ကြောင်း တအောင်းအမျိုးသမီးအဖွဲ့ ထံမှ သိရှိရသည်။

“ အခုအခြေအနေအရဆိုရင်တော့ စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် အမျိုးသမီးနှစ်ဦးအသတ်ခံရတယ်။ ခါတိုင်းဆိုရင် ရှမ်းပြည်ဖက်မှာ တရားခံမပေါ်တဲ့ လူသတ်မှုတို့ အသတ်ခံရတာတွေက အမှုတွေကအများကြီးရှိနေတယ်ဆိုတော့အခုချိန်ထိက တရားခံမပေါ်တဲ့ကာလဆိုတော့ ကျန်တဲ့ပြည်သူလူထုတွေ ဒေသခံတွေကလည်း ဒီပေါ်မှာ တော်တော်လေးတော့ စိုးရိမ်ရတဲ့အနေအထားဖြစ်တယ်။ လုံခြုံမှု ကင်းမဲ့လာတယ်လို့ ခံစားနေရတာပေါ့” ဟု မလွေးချစ်စနန်းကပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမည်မသိ လူသတ်သမားများကြောင့် မကြာခဏသတ်ဖြတ်ခြင်းများ ခံနေရသည့်အတွက် ထိုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ပစ္စည်းလုချင်လို့ သတ်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသတ်ခံရတဲ့ အမျိုးသမီး ၂ဦးဟာ အသက်ကြီးတဲ့သူဖြစ်နေပြီ အသက် ၅ဝအထက်ဖြစ်နေတဲ့အခါကျတော့ ပြီးရင်သူတို့ဆီမှာ ဘာမှပစ္စည်း မက်မောစရာတစ်စုံတစ်ခုရှိတာလည်း မဟုတ်ဘူး။ သူတို့ပုံမှန်သွားနေကျ လက်ဖက်ခြံဆိုတာ သူတို့ပုံမှန်သွားနေတဲ့ လက်ဖက်ခြံထဲမှာပဲ အသတ်ခံရတာဖြစ်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ အကြောင်းအရင်းဆိုတာ ပြောရမှာခက်တယ်။ ကျွန်မတို့လည်း မသုံးသပ်တတ်ဘူး။ ပစ္စည်းလုတာမျိုးတို့ တစ်စုံတစ်ရာ တစ်ခုခုဖြစ်တာမျိုးကတော့ မဟုတ်ဘူး။ အသတ်ခံရတဲ့သူ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာတွေကတော့ ဓားဒဏ်ရာတွေပဲတွေ့နေရတယ်။ ပြီးတော့ အသတ်ခံရလည်း တစ်နေရာတည်းမှာပဲ အသတ်ခံရတာပဲ” ဟု မလွေးချစ်စနန်းကပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက အမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မေလ ၂၂ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

၂ဝ၂ဝ ခုနှစ်အတွင်း ယခုဖြစ်စဉ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စုစုပေါင်းဒေသခံ ၁၂ဦးအသတ်ခံခဲ့ရသော်လည်း တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ အမှန်တရား ပျောက်ဆုံးနေခြင်းသည် ဒေသခံများ၏ ဘဝလုံခြုံရေးကို ပိုမိုခြိမ်းခြောက်နေပြီး ယင်းကဲ့သို့ မကြာခဏ သတ်ဖြတ်ခံရသော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ တရားခံများအား ဖမ်းဆီးနိုင်ခြင်း၊ အမှုမှန်ဖော်ထုတ်နိုင်ခြင်း ထိရောက်သော အပြစ်ပေးအရေးယူဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု သိသာစွာလျော့ကျစေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်ကို မီးမောင်းထိုးးပြနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts